Trending Now

လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အရေးပါလှသည့် အသေးစား ရေအားလျှပ်စစ်

Spread the love

လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အရေးပါလှသည့် အသေးစား ရေအားလျှပ်စစ်

EPN
ဆောင်းပါး
၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ ၁၈
ကောင်းဇေ ရေးသားသည်။

မြန်မာနိုင်ငံသည် သဘာ၀သယံဇာတ ပေါများသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာကျော် ဇီ၀မျိုးစုံ၊ မျိုးကွဲများနှင့် ကြွယ်ဝသော သဘာ၀ အရင်းအမြစ်များ ရှိသည်။ မကြာခင် နှစ်များအတွင်း မြန်မာနိုင်ငံသည် မိမိ ပြည်သူများအတွက် သာမက အရှေ့နှင့် အရှေ့တောင်အာရှ နိုင်ငံများ အတွက်ပါ လျှပ်စစ်ဓါတ်အား ပေးရန်အတွက် ရေအားလျှပ်စစ် စီမံကိန်းများ တစ်ဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ပါသည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် ဖွံ့ဖြိုးတိုးတက်မှုသည် အကန့်အသတ် ရှိခဲ့စဉ်တွင် မကြာခင်က (လက်ရှိ ရေအားလျှပ်စစ် ကဏ္ဍတွင် စိတ်၀င်စားမှု မြင့်မားနေသည့်) နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဖွင့်လှစ်ပေးလိုက်သည်ကတစ်ကြောင်း၊ နိုင်ငံအတွင်း လျှပ်စစ်ဓါတ်အား သုံးစွဲမှု ပမာဏ မြင့်တက်လျှက်ရှိသည်ကတစ်ကြောင်း သိသာထင်ရှားသည့် ကာလအလတ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာကြ လိမ့်မည်ဟု မျှော်လင့်ရပါသည်။ သို့ရာတွင် အချို့သော လက်ရှိနှင့် အဆိုပြုထားသည့် စီမံကိန်းများမှာ ပတ်၀န်းကျင်နှင့် လူမှုဆိုင်ရာ ရှုထောင့်များ အပါအ၀င် အနည်းငယ် အငြင်းပွားဖွယ် ဖြစ်နေပါသေးသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ အတွင်းရေးမှူးနှင့်အတူ ယမန်နေ့က စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိသုံးစွဲနိုင်ရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်နှင့် အညီ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လဟယ်မြို့ အနောက်တောင်ဘက် (၂)မိုင်ခန့် အကွာ ဟွေထိုက်ချောင်းပေါ်ရှိ ဟွေထိုက်အသေးစား ရေအားလျှပ်စစ်စီမံကိန်းကို သွားရောက်ကြည့်ရှု စစ်ဆေးသည့်သတင်းကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်ကို တွေ့ရပါသည်။

ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ကဏ္ဍကို မြှင့်တင်နိုင်ရန် လွန်စွာအရေး ကြီးပါသည်။ ထိုသို့ မြှင့်တင်နိုင်ရန် အတွက်မှာလည်း ဒေသတွင်း အရင်းအမြစ်များကို အသုံးချနိုင်မှသာလျင် လျင်မြန်စွာ မြှင့်တင်နိုင်မည် ဖြစ်ပါသည်။ စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ အနောက်တောင်ဘက် နှစ်မိုင်ခန့်အကွာ ဟွေထိုက်ချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသော ဟွေထိုက်အသေးစားရေအား လျှပ်စစ်စီမံကိန်းသည် နှစ်စဉ်ပျမ်းမျှဓာတ်အား ၂၁ ကီလိုဝပ်နာရီသန်းခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

ဟွေထိုက်အသေးစားရေအားလျှပ်စစ်စီမံကိန်းသည် ဟွေထိုက်ချောင်းပေါ်တွင် အမြင့် ၈၂ ပေခန့်ရှိသည့် ကွန်ကရစ်ရေလွှဲဆည်၊ အလျား ၁၇၈၃ ပေခန့်ရှိသည့် ရေသွယ်မြောင်း၊ ရေထိန်းကန်၊ ဖိအားမြင့်ပိုက်လိုင်းနှင့် ဓာတ်အားပေးစက်ရုံ စသည့်ရေအားအဆောက်အအုံများပါဝင်သည့် တိုက်ရိုက်ရေသွယ်စနစ်ပုံစံ(Run-of-River Type) ဖြင့်တည်ဆောက်ပြီး စက်တပ်ဆင်အင်အား ၄ မဂ္ဂါဝပ် တပ်ဆင်သွားမည်ဖြစ်ပြီး နှစ်စဉ်ပျှမ်းမျှ ဓာတ်အား (၂၁) ကီလိုဝပ်နာရီသန်းခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး ထိုရေအားလျှပ်စစ် စီမံကိန်းကို လဟယ်မြို့တွင် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ရရှိသုံးစွဲနိုင်ရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှာ ကြားချက်နှင့် အညီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

အသေးစား ရေအားလျှပ်စစ် လုပ်ငန်းများသည် တစ်ချိန်က ခေတ်စားခဲ့သော လုပ်ငန်းများ ဖြစ်ပါသည်။ အသေးစား ရေအားလျှပ်စစ်လေးများက ငယ်သော်လည်း အဆင်ပြေကြသဖြင့်၊ “ငယ်သော် လှ ၏” ဟု အဓိပ္ပါယ်ရသော “Small is Beauty” ဆိုသော ခေတ်တစ်ခေတ်လဲ ထွန်းကားခဲ့ဘူးပါသည်။ လျှပ်စစ်လိုအပ်ချက် ကြီးမားနေသော လက်ရှိအချိန်တွင် အကြီးစား ရေအားလျှပ်စစ် လုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို အသေးစား ရေအားလျှပ်စစ် လုပ်ငန်းများကို ဆောင်ရွက်နေကြရာ အသေးစား ရေအားလျှပ်စစ်နှင့် ပတ်သက်၍ သိသင့်သည့် ကိစ္စရပ်များကို တင်ပြလိုက်ပါသည်။

ရေအားလျှပ်စစ်သည် ယုံကြည်စိတ်ချရသော၊ ခိုင်ခံတည်တံ့သော၊ ပြန်လည်ပြည့်ဖြိုးမြဲဖြစ်သော စွမ်းအင် အရင်းအမြစ် တစ်ခုဖြစ်ပါသည်။ နိုင်ငံအများစု၏ စွမ်းအင်ကဏ္ဍတွင် ပါဝင်မှုအချိုးအစား အကြီးမားဆုံးသော Clean Energy Sources တစ်ခုလည်း ဖြစ်ပါသည်။ အသေးစား ရေအားလျှပ်စစ်လုပ်ငန်းသည် အကြီးစား ရေအားလျှပ်စစ် လုပ်ငန်းကြီးများနှင့် မတူပဲ မြစ်ချောင်းများ၏ အစိတ်အပိုင်းငယ် တစ်ခုကိုသာ အသုံးချ ဆောင်ရွက်သော၊ မြစ်ငယ်၊ ချောင်းငယ်များကို အသုံးချ ဆောင်ရွက်သော လုပ်ငန်းဖြစ်သဖြင့် သဘာဝပတ် ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုကို အကြီးစား ရေအားလျှပ်စစ် လုပ်ငန်းများကဲ့သို့ များစွာမဖြစ်စေပါ။ မြို့ကြီးများနှင့် ကွာဝေးသော off – grid ဒေသများအတွက် အားထားရသော လျှပ်စစ်ထုတ်လုပ်မှု အရင်းအမြစ် တစ်ခုဖြစ်ပါသည်။

စီမံကိန်း အစပိုင်းမှာတွင်ပင် စီမံကိန်းလုပ်ငန်းများနှင့် ဆက်နွယ်နေသော နိုင်ငံရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများက နောင်တွင် စီမံကိန်း ဆောင်ရွက်မှုအတွက် ပြဿနာ ကြီးများ ဖြစ်သွားနိုင်ပါသည်။ စီမံကိန်းအတွက် မူလကပင် လျာထားခဲ့သည့် မဂ္ဂါဝပ်ကိုထွက်အောင် လုပ်ဆောင်နိုင်ရန် အရေးကြီးပါသည်။ သို့မှသာ လုပ်ငန်းတူ ပြိုင်ဘက်များ၏ ဝေဖန်ကဲ့ရဲ့မှုများမှ လွတ်ကင်းမည်ဖြစ်ပြီး စီမံကိန်းအပေါ် အထင်အမြင်သေးခြင်းလဲ မဖြစ်တော့ပါ။ ထို့အပြင် စီမံကိန်းအတွက် ငွေကြေးဆုံးရှုံမှုများနှင့် အချိန်ဆုံးရှံးမှုများမှ လွတ်ကင်းနိုင်မည် ဖြစ်ပါသည်။ စီမံကိန်းပတ်ဝန်းကျင်ရှိ လူမှုအဖွဲ့အစည်းများနှင့် သဘာဝဝန်းကျင်ကို ထိခိုက်စေမှုများ မဖြစ်စေရန်ကိုလည်း ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက် သွားရမည်ဖြစ်ပါသည်။

ရေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက်သောအခါတွင် အောက်ဖော်ပြပါ အချက် များကို သတိပြု စစ်ဆေးပြီး ဆောင်ရွက်ရန် လိုအပ်မှုများကို လုပ်ဆောင်ပေးသွားရန် လိုအပ်ပါမည်။ ယဉ်ကျေးမှုနှင့် သမိုင်းဝင်နေရာ၊ အမွေအနှစ် အထိမ်းအမှတ် နေရာဒေသများနှင့် နီးကပ်စွာ တည်ရှိနေခြင်း၊ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာမည့် အသံဆူညံမှု၊ တောက်ပသော အလင်းရောင်များ၊ လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာမှုများနှင့် အနှောက်အရှက်များတို့ မှ ဒေသခံ ပြည်သူများအပေါ် ထိုခိုက်စေ မှုများ၊ ဒေသသစ်ပင်၊ ပန်းမာန်များနှင့် သတ္တဝါများ၊ ဒေသအတွင်းရှိ ဇီဝ မျိုးကွဲ၊ မျိုးစိတ်များ၊ ဒေသ၏ ဂေဟစနစ် ညီညွှတ်မျှတမှု အခြေအနေများ၊ စသည့် လူမှုနှင့် သဘာဝပတ်ဝန်းကျင်များ ထိခိုက်မှု မဖြစ်စေရန် စစ်ဆေး ဆောင်ရွက်သွားရန် လိုအပ်ပါမည်။

ယနေ့ အချိန်အခါတွင် သဘာဝပတ်ဝန်းကျင် ထိန်သိမ်းရေးကို ပိုမိုအလေးထား ဆောင်ရွက်လာမှု၊ လူမှု ဝန်းကျင် ထိခိုက်မှုများအပေါ် လူမှုအဖွဲ့အစည်းများမှ ပိုမိုအလေးထား ဆောင်ရွက်လာကြပြီဖြစ်၍ ဤ အချက်သည် အရေးကြီး အချက်ဟုပင် ပြောနိုင်ပါသည်။
ရေအားစွမ်းအင်သည် စက်၏သဘာ၀အရ ဓါတ်အားစနစ်အတွက် လိုအပ်ရင် လိုအပ်သလို တိုးထုတ်နိုင်ပြီး မလိုအပ်ဘူးဆိုပါက လျှော့ချပေးနိုင်ပါသည်။ လုံး၀ မလိုအပ်တော့ဘူး ဆိုပါကလည်း စက်ကိုချက်ချင်း ရပ်ပစ်လိုက်နိုင်သကဲ့သို့ ချက်ချင်းလိုအပ်ပြန်ရင်လည်း စက်ကိုချက်ချင်း ထမောင်းနိုင်ပါသည်။ ဒီလိုလုပ်ခြင်း အားဖြင့်လည်း စက်ကိုထိခိုက်မှု လုံး၀မရှိစေပါ။ လေအားစွမ်းအင်များ၊ နေစွမ်းအင်များ၊ ဂကစ်တာဘိုင်များနှင့် ဒီဇယ်စွမ်းအင်၊ အပူစွမ်းအင်သုံး စက်များမှာ ရေအားစွမ်းအင်စက်များကဲ့သို့ ချက်ချင်း ရပ်ပစ်၍မရပါ။ ဓါတ်အားစနစ်က စက်ကိုပိတ်ပြီး ချက်ချင်းထွက်လို့ မရပါဘူး၊ ဒါ့အပြင် စက်များကို ပိတ်လိုက်ဖွင့်လိုက် မောင်းနှင်ပါကလည်း စက်များကိုထိခိုက် ပျက်စီးမှုများ ရှိနိုင်ပါသည်။ ဓါတ်အားခ စျေးနှုန်းမှာလည်း ရေအားက အသက်သာဆုံး ဖြစ်ပါသည်။ ထို့ကြောင့် ရေအားစွမ်းအင် တစ်ခုတည်းကသာ ဓာတ်အားစနစ်ကို ငြိမ်အောင် ထိန်းပေးနိုင်ခြင်း၊ လိုတိုးပိုလျော့ လုပ်ပေးနိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ကမ္ဘာတွင် ရေအားလျှပ်စစ်ဖြင့် ရာနှုန်းပြည့်နည်းပါး ဓါတ်အားထုတ်လုပ် ဖြန့်ဖြူးနေသော နိုင်ငံများထဲတွင် ဘရာဇီးနိုင်ငံမှာ ထိပ်ဆုံးစာရင်းတွင် ပါ၀င်လျက်ရှိပါသည်။ ရေအားလျှပ်စစ်ကို အမာခံထားသည့် အခြားသော နိုင်ငံများမှာလည်း ဆွစ်ဇလန်၊ သြစတြေးရီးယား၊ ဗင်နီဇွဲလားနိုင်ငံနဲ့ နယူးဇီလန်၊ ကနေဒါနိုင်ငံတို့ ဖြစ်ကြပါသည်။

ကျွန်တော်တို့ နိုင်ငံသည် ရေချိုအများကြီး ပိုင်ဆိုင်ထားသော နိုင်ငံတစ်ခုဖြစ်သည့်အတွက် ဓါတ်အား မထုတ်လုပ်ရသေးသည့် ရေချိုတွေစီးဆင်းနေသည့် မြစ်များ၊ ချောင်းများမှာ အများကြီး ကျန်ရှိနေပါသေးသည်။ ထိုရေချိုတွေကို အသုံးပြုပြီး လျှပ်စစ်ဓါတ်အားကို ရသလောက်ထုတ်၍ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါ၀င်ကြမည် ဆိုပါက မဝေးသော ကာလတစ်ခုတွင် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်သည့်အတွက် ရေအားလျှပ်စစ် စွမ်းအားကို ယခုထက်ပိုမိုပြီး အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အနာဂတ် မျိုးဆက်သစ် လူငယ်တွေကို တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

ကောင်းဇေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။