Trending Now

ကမ္ဘောဒီးယား မဲခေါင်မြစ်အတွင်း ကူးတို့လှေနစ်မြုပ်မှုကြောင့် အနည်းဆုံး ကလေး ၁၄ ဦး သေဆုံးခဲ့

Spread the love

ကမ္ဘောဒီးယား မဲခေါင်မြစ်အတွင်း ကူးတို့လှေနစ်မြုပ်မှုကြောင့် အနည်းဆုံး ကလေး ၁၄ ဦး သေဆုံးခဲ့

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၁၅

ကမ္ဘောဒီးယားနိုင်ငံ မဲခေါင်မြစ်အတွင်း ကလေးများအား စာသင်ကျောင်းမှ နေအိမ်သို့ သယ်ဆောင်လာသော တန်ပို ကူးတို့လှေကြောင့် ကလေးငယ် ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်များက အောက်တိုဘာ (၁၄)ရက်တွင် ပြောကြားခဲ့သည်။

မြို့တော်ဖနွမ်းပင်၏ အရှေ့တောင်ဘက် ၅၃ ကီလိုမီတာအကွာတွင် ကြာသပတေးနေ့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်အပြီးတွင် အခြားကျောင်းသားတစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေနေကြောင်း ပြည်နယ်ရဲချုပ် ချွန်ဆိုချက်က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

သေဆုံးသူများမှာ အသက် ၁၁ နှစ်မှ ၁၄ နှစ်ကြား ကလေးများ ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပြီး “ဒီကိစ္စက လှေပိုင်ရှင်က သင်္ဘောကို တန်ပိုတင်ဆောင်တာ၊ ပေါ့လျော့မှု၊ အကာအကွယ်အတွက် အသက်ကယ်အင်္ကျီတွေ မရှိတာကြောင့် ဖြစ်ရတာ” ဟု ဆိုရှယ်မီဒီယာတွင် ရေးသားထားသည်။

ကျောင်းသား နှစ်ဦးနှင့် အရွယ်ရောက်ပြီး လှေသမားနှစ်ဦးတို့ အသက်ရှင် လွတ်မြောက်ခဲ့ကြောင်း အေအက်ဖ်ပီ သတင်းအရ သိရသည်။

ဝန်ကြီးချုပ် ဟွန်ဆန်က လူမှုကွန်ရက်မှာ ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး သေဆုံးသူများ၏ မိသားစုများအား အကူညီပေးရန်အတွက် အာဏာပိုင်များကို ညွန်ကြားထားကြောင်း သိရသည်။

“အထူးသဖြင့် မြစ်ကြောင်းတလျှောက် နေထိုင်သူတွေအနေနဲ့ ရေကြီးရေလျှံမှုတွေ တိုးလာတဲ့အခါ အထူးသတိပြုသင့်ပါတယ်” ဟု လက်ရှိဖြစ်ပေါ်နေသော မုတ်သုံရာသီကို ရည်ညွှန်း၍ ဝန်ကြီးချုပ်ဟွန်ဆန်က ပြောဆိုခဲ့သည်။

ကမ္ဘောဒီးယားလူမျိုး သန်းပေါင်းများစွာသည် အရှေ့တောင်အာရှနိုင်ငံများနှင့် တရုတ်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းသည့် အဓိကရေလမ်းကြောင်းဖြစ်သည့် မဲခေါင်မြစ်အနီးတွင် နေထိုင်လုပ်ကိုင်ကြသည်။

Source – CNA


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။