Trending Now

ဖားကန့်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ချောင်းရှင်းလင်းရေးလုပ်ငန်းများ ရာနှုန်းပြည့်နီးပါးပြီးစီး

Spread the love

ဖားကန့်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ချောင်းရှင်းလင်းရေးလုပ်ငန်းများ ရာနှုန်းပြည့်နီးပါးပြီးစီး

EPN
မြစ်ကြီးနား၊ ဇွန် ၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကျေးရွာနေ ရပ်မိရပ်ဖများ ပူးပေါင်းကာ မြစ်ချောင်းရှင်းလင်းရေးများကို မတ်လ ၂၁ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိပြီး ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ကြောင်း ချောင်းရှင်းလင်းရေးအဖွဲ့ထံမှ သိရသည်။

ဖားကန့်မြို့အတွင်း မိုးရာသီကာလ ချောင်းရေလျှံမှုများ မဖြစ်ပွားစေရန်အတွက် ချောင်းရှင်းလင်းရေးကို နေရာ ၁၅ နေရာသက်မှတ်ကာ စက်ယန္တရားများဖြင့် ရှင်းလင်းရေးများကိုဆောင်ရွက်လျက်ရှိကြောင်း ချောင်းရှင်းလင်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” မတ်လ ဒုတိယအပတ်လောက်ကစပြီး ချောင်းရှင်းလင်းရေးတွေကိုဆောက်ရွက်နေကြတာဖြစ်တယ်။ နေရာ ၁၅ နေရာသက်မှတ်ထားတယ်။ ၁၄ နေရာက ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်တယ်။ အခုနောက်ဆုံးကျန်တဲ့ နေရာက ရက်ပိုင်းလောက်ဆို ပြီးစီးနိုင်မယ်လို့ ခန့်မှန်းရတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ ချောင်းရှင်းလင်းရေးနေရာအဖြစ် ဆန်ခါးတံတားအနီး၊ အောင်ရာတံတားအနီး၊ ကျောက်စိမ်းတောင်ကွေ့အနီး၊ ကာလီဂျောင်ချောင်း၊ မှော်မောင်းလျှံချောင်း၊ မြောက်ဖြူကွေ့၊ မရှိကထောင်ကျေးရွာအနီး၊ ရှဒေါ်ခချောင်း၊ ဝှေခါချောင်း၊ မှော်ရှန်ချောင်း၊ ဖားပြင်ကျေးရွာအနီး၊ မက်လင်ချောင်ချောင်း၊ ဆွတ်အောင်ကျေးရွာအနီး၊ နတ်မှော်ချောင်းနှင့်ရခိုင်ရိုးရာ ရုံးအနီးတို့တွင် ချောင်းရှင်းလင်းရေးများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” မြစ်ချောင်းတွေကို အခုလို ရှင်းလင်းရေးမဆောင်ရွက်ဘူးဆိုရင် ရေကြီးရေလျှံမှုတွေက ပိုမိုဆိုးရွာလာနိုင်တယ်။ ရေကြီးရေလျှံရင် အဓိကက ကျေးရွာနေသူတွေပဲ ဒုက္ခရောက်တာ။ အခုလို ချောင်းရှင်းလင်းရေးတွေကို စီမံချက်တစ်ခု အနေနဲ့ ဆောင်ရွက်သင့်တယ် ” ဟု ဖားကန့်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ချောင်းရှင်းလင်းရေးများကို မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ဘတ်ဟိုး အစီး၂၀ ကျော်၊ ကားအစီးရေ ၄၀ ကျော်နှင့် လူဦးရေ ၂၀၀ ခန့်မှ ဝိုင်းဝန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း ချောင်းရှင်းလင်းရေးများကို ဇွန်လ ၁၂ ရက်နေအထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကျောက်စိမ်းတောင်ကွေ့(ငှက်ပျောတောတစ်ဖက်ကမ်း) တစ်နေရာသာ ကျန်ရှိတော့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။