Trending Now

မဒိန်မျိုးနွယ်စုများ ပြန်လည်ဆုံဆည်းကြစေရန်အတွက် ထွမ်းရှိန်ကျေးရွာ၌ သမိုင်းမှတ်တိုင်စိုက်ထူ

Spread the love

မဒိန်မျိုးနွယ်စုများ ပြန်လည်ဆုံဆည်းကြစေရန်အတွက် ထွမ်းရှိန်ကျေးရွာ၌ သမိုင်းမှတ်တိုင်စိုက်ထူ

EPN
ချီဖွေ၊ ဒီဇင်ဘာ ၁၂

ကချင်ပြည်နယ်၊ အထူးဒေသ (၁) ချီဖွေခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ ထွမ်းရှိန်ကျေးရွာတွင် ဒီဇင်ဘာ (၇)ရက်နေ့ နံနက်ပိုင်းအချိန်ကစတင်ပြီး မဒိန်မျိုးနွယ်စုများ သမိုင်းမှတ်တိုင် စိုက်ထူပွဲကို ကျင်းပခဲ့ကြသည်။

မဒိန်ယွယ်ဆောင်၊ ယွယ်ကျန်း မြေးမြစ်များ၏ မျိုးနွယ်စု သမိုင်းမှတ်တိုင်ကို ထွမ်းရှိန်ကျေးအတွင်းမှ လာချိဒ်မျိုးနွယ်စုများက စုပေါင်း၍ (၆.၉.၂၀၂၁) ရက် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး လာချိဒ်လူမျိုးများဖြစ်ကြသည့် မဒိန်ယွယ်ဆောင် နှင့် မဒိန်ယွယ်ကျန်း ဘိုးဘွားတို့မှ ဆင်းသက်လာကြသည့် သားစဉ်မြေးမြစ်များ မိမိတို့၏ ဇာတိချက်‌ကြွေ မွေးရပ်မြေကို အောက်မေ့ သတိရစေရန်နှင့် တစ်နယ်တစ်ကျေးသို့ ရောက်ရှိနေကြသည့် လာချိဒ်မျိုးနွယ်စုများ ပြန်လည် ဆုံဆည်းကြစေရန် ရည်ရွယ်ပြီး စိုက်ထူခဲ့ခြင်းဖြစ်ကြောင်း သမိုင်းမှတ်တိုင်စိုက်ထူရာတွင် ဦးဆောင် လုပ်ဆောင်ခဲ့သည့် ဦးထွန်းရှိန်ဇုန်းကျန်း ပြောပြသည်။

“ကျနော်တို့ လာချိဒ်လူမျိုးတွေဖြစ်တဲ့ မဒိန်ယွယ်ဆောင်၊ မဒိန်ယွယ်ကျန်း ဘိုးဘွားတွေက ဆင်းသက်လာတဲ့ သားမြေးမြစ်တွေ ကို ကိုယ်စားပြုပြီး သမိုင်းမှတ်တိုင်ကို စိုက်ထူပေးရတာဖြစ်တယ်။ ထွမ်းရှိန်ကျေးရွာက ကျနော်တို့ မဒိန်ယွယ်ဆောင်၊ မဒိန်ယွယ်ကျန်း ဘိုးဘွားတွေရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်တယ်။ အဲ့ဒီဘိုးဘွားတွေက ဆင်းသက်လာကြတဲ့ မြေးမြစ်တွေ၊ တစ်နယ်တစ်ကျေး ရောက်နေကြတဲ့ လာချိဒ်မျိုးနွယ်စုတွေ ပြန်လည်ဆုံဆည်း တွေ့ဆုံနိုင်စေဖို့ ဒီသမိုင်းမှတ်တိုင်ကို စိုက်ထူပေးတာလည်းဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ယင်းအခမ်းနားသို့ ချီဖွေခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး အပါအဝင် အစိုးရဌာနဆိုင်ရာလူကြီးများနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (ငြိမ်း) ဦးဇခုန်ယိန်းဆောင်၊ ဒေသအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ တက်ရောက်ကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လာချိဒ်မျိုးနွယ်စု သမိုင်းမှတ်တိုင်ဖွင့်ပွဲကို လာချိဒ်ရိုးရာ ထုံးတမ်းအရ ပြည့်စုံဆုတောင်းခြင်း၊ ကောင်းချီးပေး၊ ဒေသနာတော်များ နှင့် အပြစ်ဝန်ချတောင်းပန် ဝတ်ပြုအစီစဉ်များ အပြင် ရိုးရာ ဂျိပ်ဂျော့ အကများ၊ လာချိဒ် လူငယ်မောင်မယ်များ၏ တေးဂီအစီအစဉ်များဖြင့် ဒီဇင်ဘာ (၅) ရက်နေ့မှ (၇) ရက်နေ့အထိ သုံးရက်တိတိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

ယင်း သမိုင်းမှတ်တိုင် စိုက်ထူပွဲသို့ ဒေသအသီးသီးက လာချိဒ်မျိုးနွယ်စု လူဦးရေ (၁၀၀၀)ကျော် စုပေါင်း ပါဝင်တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။

ဆက်လက်၍ မဒိန်မျိုးနွယ်စု သမိုင်းမှတ်တိုင်တွင် (၅) နှစ်တစ်ကြိမ် မျိုးနွယ်စု တွေ့ဆုံ ဆုတောင်းဝတ်ပြုပွဲကို ကျင်းပသွားမည်ဖြစ်ပြီး ဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် လာချိဒ်မျိုးနွယ်စုများအား ဖိတ်ကြား၍ ယခုကဲ့သို့ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟုလည်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။