Trending Now

လေယာဉ်ကွင်း နေရာဟောင်းအား မပပျောက်ရေးနှင့် လေယာဉ်ပြန်လည် ပြေးဆွဲရန် ဒေသခံများ လိုလားနေ

Spread the love

လေယာဉ်ကွင်း နေရာဟောင်းအား မပပျောက်ရေးနှင့် လေယာဉ်ပြန်လည် ပြေးဆွဲရန် ဒေသခံများ လိုလားနေ

EPN
ဖားကန့်၊ ဇွန် ၈

ဖားကန့်ကျောက်စိမ်းမှော်ဒေသ၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအပိုင် အတွင်းရှိ လေယာဉ်ကွင်း မြေနေရာဟောင်းအား မပပျောက်ရေးနှင့် လေယာဉ်ပြန်လည် ပြေးဆွဲရန် ဒေသခံများ လိုလားနေကြောင်း သိရသည်။

အဆိုပါ လေယာဉ်ကွင်း မြေနေရာဟောင်းနှင့် ပတ်သက်ပြီး လုံးခင်းကျေးရွာ ကချင်ရိုးရာ စာပေယဉ်ကျေးမှုကော်မတီရုံးတွင် ယနေ့ ဇွန်လ(၈)ရက်၊ နေ့လယ်ပိုင်းအချိန်က ယင်းဒေသခံများ စုပေါင်းကာ အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ကြောင်း လေယာဉ်ကွင်းပြန်လည်ဖြစ်ပေါ်ရေး ဆပ်ကော်မတီထံမှ သိရသည်။

“ဒီနေရာက အရင်ကလေယာဉ်ကွင်းဟောင်း မြေနေရာပါ။ အခုတော့ ဂေါက်ကွင်း လုပ်ထားတာပေါ့။ အရင်တုန်းက ဒေသဖွံ့ဖြိုးရေး ရည်ရွယ်ပြီး စိုက်ခင်းပိုင်ရှင်တွေက လှူဒါန်းထားကြတာပါ။ ဖားကန့်-လုံးခင်း ဒေသခံတွေ သာမက ကျောက်မှော်ကို လာခဲ့တဲ့သူတိုင်း၊ လုပ်အား ချွေးတွေနဲ့ တည်ဆောက်ထားခဲ့တာပါ” ဟု ဦးဆောင်သူ ဦးစိမ်းညွန့်သောင်း က EPNကို ပြောသည်။

ယခုအခါ အဆိုပါ လေယာဉ်ကွင်းဟောင်း မြေနေရာသည် ဂေါက်ကွင်းအဖြစ် တည်ရှိနေပြီး၊ လူတစ်စု တစ်ဖွဲ့၏ လက်အောက်ထဲတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကြီးတစ်ခုကဲ့သို့ စီမံခန့်ခွဲနေခြင်းသည် ဒေသခံများကို မလေးစားရာ၊ စော်ကားရာ ဖြစ်နေကြောင်း ၎င်းမှ ထပ်မံပြောကြားသည်။

အဆိုပါ လေယာဉ်ကွင်းမြေနေရာသည် ၁၉၇၆ ခုနှစ်က စ၍ လူအား၊ ငွေအား၊ တိရစ္ဆာန်အား (ဆင်၊ ကျွဲ၊ နွားများဖြင့်) အလျား (၁၆၀၀)ပေ၊ အနံ(၅၀)ပေ၊ အနက်(၅) ပေရှိပြီး ၁၉၈၃ ခုနှစ်တွင် လေယာဉ်ပျက်ကျရာမှ ရပ်နားခဲ့ခြင်း ဖြစ်ကြောင်း ယင်းဒေသခံ ရပ်မိရပ်ဖ ထံမှ သိရသည်။

အဆိုပါ လေယာဉ်ကွင်းဟောင်းမြေနေရာနှင့် ပတ်သတ်၍ ယခုလက်ရှိ မြစိမ်းမြေဂေါက်ကလပ် တာဝန်ရှိသူများထံ EPN သတင်းဌာနမှ ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက္ခံဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။

လက်ရှိတွင် (၉၈)ဧကရှိ လေယာဉ်ကွင်းအား စောင့်ရှောက်ထိန်းသိမ်းနေသည်ဟူသည့် အကြောင်းပြချက်ဖြင့် ကွင်းပတ်ပတ်လည်တွင် လူနေအိမ်များ ရောင်းချပေးထားခြင်း၊ ဆိုင်ခန်းများ ဌားရမ်းထားခြင်းများကို ဥပဒေမဲ့စွာ လုပ်ကိုင်နေသည်ကို တွေ့ရကြောင်း ကော်မတီအဖွဲ့ဝင် ဒေါ်သန်းတင်က ပြောသည်။

လုံးခင်း ကျေးရွာသူရွာသားများ အနေဖြင့် ကျေးရွာဖွံ့ဖြိုးရေး အတွက် သော်လည်းကောင်း၊ အကျိုးတစ်စုံတစ်ရာ ဖြစ်ထွန်းမှုမရှိပဲ အစုအဖွဲ့တစ်ခု အတွက်သာ အကျိုးခံစားမှု ရရှိနေသည့်အတွက် အဆိုပါ ဂေါက်ကွင်းအဖြစ် အသုံးပြုနေမှုအား အမြန်ဆုံးရပ်တန့်ပေးရန်နှင့် လေယာဉ်ပြန်လည် ပြေးဆွဲပေးရန် အတွက် ဒေသခံများအနေနှင့် လိုလားနေကြသည်။

အဆိုပါ လုံးခင်းကျေးရွာ အပိုင်အတွင်းရှိ လေယာဉ်ကွင်းဟောင်း မြေနေရာအား မပပျောက်ရေးနှင့် လေယာဉ်ပြန်လည်ပြေးဆွဲနိုင်ရေး အတွက် ဆပ်ကော်မတီဖွဲ့စည်း၍ ဒေသခံ ရပ်မိ၊ ရပ်ဖများမှ နာယကများ အဖြစ် ပါဝင်ခဲ့ကြပြီး၊ သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြ၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လေယာဉ်ကွင်း ပြန်လည်ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။