Trending Now

လူနာအမှတ် ၂၄၉ နှင့် ထိတွေ့ခဲ့သည့် ကျောင်းဆရာ အပါအဝင် ထိတွေ့သူ ၁၀၀ ကျော်တွင် ရောဂါပိုး မတွေ့

Spread the love

လူနာအမှတ် ၂၄၉ နှင့် ထိတွေ့ခဲ့သည့် ကျောင်းဆရာ အပါအဝင် ထိတွေ့သူ ၁၀၀ ကျော်တွင် ရောဂါပိုး မတွေ့

EPN
မိုးမောက်၊ ဇွန် ၁၇

ကချင်ပြည်နယ်၊ မိုးမောက်မြို့က COVID-19 ပိုးတွေ့လူနာ အမှတ် ၂၄၉ တည်းခိုခဲ့သည့် အိမ်က ကျောင်းဆရာနှင့် ၎င်းနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ လူပေါင်း (၁၀၀) ကျော်တွင် ရောဂါပိုးမရှိကြောင်း မိုးမောက်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ယင်းကျောင်းဆရာမှာ တက္ကသိုလ်ဝင်တန်းအဖြေလွှာ စာစစ်ဆရာ တစ်ဦးဖြစ်ပြီး ၎င်းအပါအဝင် ဆက်စပ် ထိတွေ့ခဲ့သူ လူပေါင်း(၁၀၀)ကျော်၏ အမျိုးသားဓာတ်ခွဲခန်း (NHL) အဖြေ အရ ရောဂါပိုး မတွေ့ရှိကြောင်း မိုးမောက်မြို့ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင်မေသင်းက ဆိုသည်။

“သူနဲ့ ထိတွေ့ခဲ့သူ အားလုံး ၁၀၉ ယောက်ကတော့ အဖြေထွက်ပြီ ပေါ့နော် အကုန်လုံးက ကောင်းပါတယ်ရှင့်။” ဟု ဒေါက်တာတင်မေသင်းက ပြောသည်။

ကချင်တစ်ပြည်နယ်လုံးတွင် လူနာအမှတ်(၂၄၉)နှင့် ထိတွေ့ခဲ့ လူပေါင်း ၄၀၀နီးပါးခန့်ရှိပြီး ယင်းအနက် လူပေါင်း (၁၇၀)ဦး ၏ ဆေးစစ်ချက်အဖြေကို စောင့်ဆိုင်းနေကြောင်းနှင့် ကျန်လူဦးရေ၏ ဆေးစစ်ချက်ကို ယနေ့နံနက်က နောက်ဆုံးပို့ထားကြောင်း ဒေါက်တာတင်မေသင်းက ထည့်သွင်းပြောဆိုခဲ့သည်။

လက်ရှိဆေးကုသမှုခံယူနေသည့် လူနာအမှတ် ၂၄၉၏ ကျန်းမာရေး အခြေအနေမှာလည်း တည်ငြိမ်လျက်ရှိကြောင်း ဒေါက်တာတင်မေသင်းက ယခုကဲ့သို့ ပြောသည်။

”သူကတော့ လန်းလန်းဆန်းဆန်းပါပဲ။ နာချေ၊ ချောင်းဆိုးလည်းမရှိပါဘူး။ မောတာလည်းမရှိပါဘူး”ဟု ၎င်းက ထည့်သွင်း ပြောဆိုခဲ့သည်။

လူနာအမှတ် ၂၄၉ နဲ့ထိတွေ့ခဲ့သူများကို ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနက ရှာဖွေဖော်ထုတ်ခဲ့ရာ ကာကွယ်ဆေးထိုးနှံသည့်နေရာမှ ထိတွေ့ခဲ့သူ (၅၂) ဦး၊ တာဝန်ထမ်းဆောင်ခဲ့သည့် ဝိန်ခမ်း ကျေးလက်ဆေးခန်းတွင် လာရောက် ပြသူ (၃၅)ဦး၊ အိမ်၌လိုက်လံကုသပေးခဲ့သူ (၅)ဦး၊ လူနာ၏ အမျိုးသား၊ ဗန်းမော်တည်းခိုအိမ်က ကျောင်းဆရာနဲ့ ကားမောင်းသူ အပါအဝင် (၁၂) ဦး၊ အစည်းအဝေးမှ ထိတွေ့ခဲ့သူ (၂၀)နှင့် ပုံမှန် ပြသနေသည့် ကိုယ်ဝန်ဆောင်တွေများ ထိစပ်မှုရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လူနာအမှတ်၂၄၉တွင် ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဇွန်(၁၁)ရက်နေ့တွင် အတည်ပြု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။