Trending Now

ကချင်ပြည်နယ်အတွင်း မြို့နယ်၃ ခုတွင် အသေးစားနှင့် လက်လုပ်လက်စား(ရွှေ)လုပ်ကွက် ၂၁ ကွက် ထပ်မံတူးဖော်ခွင့်ပြု

Spread the love

ကချင်ပြည်နယ်အတွင်း မြို့နယ်၃ ခုတွင် အသေးစားနှင့် လက်လုပ်လက်စား(ရွှေ)လုပ်ကွက် ၂၁ ကွက် ထပ်မံတူးဖော်ခွင့်ပြု

EPN
မြစ်ကြီးနား၊ ဇူလိုင် ၉

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်နယ်လုပ်ကွက်စိစစ်ချထားပေးရေးအဖွဲ့မှ ပြည်နယ်အတွင်း အသေးစားနှင့် လက်လုပ်လက်စား(ရွှေ)လုပ်ကွက်များ စိစစ်ခွင့်ပြုပေးလျှက်ရှိရာ ယနေ့ဇူလိုင် ၉ ရက်နေ့က ပြည်နယ်အတွင်းရှိ မြို့နယ် ၃မြို့နယ်တွင် ၂၁ကွက် ထပ်မံ စိစစ်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ယနေ့ခွင့်ပြုလိုက်သည့် အသေးစားနှင့် လက်လုပ်လက်စား (ရွှေ)လုပ်ကွက် (၂၁)ကွက်တွင် အသေးစားလုပ်ကွက်(၂၀)ကွက်နှင့် လက်လုပ်လက်စား တစ်ကွက်ပါဝင်ကြောင်း သတ္ထုတွင်း ဦးစီးဌာန (ကချင်ပြည်နယ်ရုံးခွဲ)မှ သိရသည်။

အဆိုပါ အသေးစားနှင့် လက်လုပ်လက်စား (ရွှေ) လုပ်များကိုရွှေကူမြို့ နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ပူတာအိုမြို့နယ်တို့၌ ခွင့်ပြုပေးခဲ့ပြီး လုပ်ငန်းလုပ်ကိုင်ရန်ခွင့်ပြု မိန့်လက်မှတ်ကို ယနေ့(ဇူလိုင် ၉)ရက်နေ့က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်လုပ်ကွက်စိစစ်ချထားပေးရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဒါရှီလဆိုင်းမှ လုပ်ငန်းရှင်များထံသို့ ပေးအပ်ခဲ့သည်။

ပဉ္စအကြိမ် စီစစ်ချပေးလိုက်သည့် အသေးစားနှင့်လက်လုပ်လက်စား(ရွှေ) လုပ်ကွက်ရရှိသည့် လုပ်ငန်းရှင်များသည် ပြည်နယ်ရံပုံငွေအဖြစ် အသေးစားလုပ်ကွက် တစ်ကွက်အတွက် ငွေကျပ်သိန်း (၂၀)၊ လက်လုပ်လက်စား လုပ်ကွက်တစ်ကွက်အတွက် ငွေကျပ် (၁၁) သိန်းတို့ကို ပေးဆောင်ရမည်ဖြစ်ကြောင်း ဦးစောယုက ဆိုသည်။

“သေးစားလုပ်ကွက်အတွက် ဆယ်နှစ်ခွင့်ပြုပေးထားတယ်။ လက်လုပ်လက် စားလုပ်ကွက်တွေ ကိုတော့ တစ်နှစ်ဘဲ ခွင့်ပြုပေးထားတယ်”ဟု ဦးစောယုက ပြောသည်။

ရွှေလုပ်တူးဖော်လျင်သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုသည်အနည်းနှင့်အများရှိမည်ဖြစ်ပြီး ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုလျော့နည်းအောင် ပြည်နယ်ဝတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အနေဖြင့် စနစ်တကျဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကချင်ပြည်နယ် သပတ်ဝန်းကျင်ဦးစီးဌာနမှူးရုံးမှ ညွန်ကြားရေးမှူး ဦးကျော်အောင်မိုးက ဆိုသည်။

“သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုလျော့နည်းအောင် လုပ်ငန်းရှင်တွေအနေနဲ့ ကျွန်တော်တို့က  ချမှတ်လမ်းညွန်ပေးတဲ့ဥပဒေစည်းကမ်းတွေကိုလိုက်နာရမယ်။ ကျွန်တော်တို့အနေနဲ့ ကွင်းဆင်းစစ်ဆေးမယ် သတ်မှတ်ထားတဲ့အချက်တွေကို ကျော်လွန်ထားတာတွေ့ရင် ဥပဒေအရအရေးယူမှာဘဲ”ဟု ၎င်းက ပြောသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေးဝန်းကြီးဌာန၊ ပြည်နယ် လုပ်ကွက်စိစစ်ချထားပေးရေးအဖွဲ့မှ ကချင်ပြည်နယ်အတွင်းတွင် အသေးစားနှင့် လက်လုပ်လက်စား လုပ်ကွက်ချထားပေးနိုင်ရေးအတွက် ၂၀၁၈ခုနှစ်မှ စတင်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပထမအကြိမ်အဖြစ် ဝိုင်းမော်မြို့နယ်တွင် ရွှေလက်လုပ်လက်စားတူးဖော်ခွင့် လုပ်ကွက် ၄ကွက်ကိုခွင့်ပြုပေးခဲ့ပြီး၊ ဒုတိယအကြိမ်အဖြင့် အသေးစားလုပ်ကွက်(၅၇) ကွက်နဲ့ လက်လုပ်လက်စား ၆ကွက် စုစုပေါင်း ၆၃ကွက်၊ တတိယအကြိမ်အဖြစ်အသေးစားလုပ်ကွက် ၃၂ကွက် နဲ့ လက်လုပ်လက်စားလုပ်ကွက် ၆ကွက်စုစုပေါင်း ၃၈ကွက်တို့ကို ခွင့်ပြုပေးခဲ့ကြောင်း သတ္ထုတွင်း ဦးစီးဌာန (ကချင်ပြည်နယ်ရုံးခွဲ)မှ သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။