Trending Now

ဖားကန့်တွင် အမည်မသိအဖွဲ့တစ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် မီးသတ်အရာရှိတစ်ဦး ယနေ့တိုင် ဆက်သွယ်၍ မရသေး

Spread the love

ဖားကန့်တွင် အမည်မသိအဖွဲ့တစ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် မီးသတ်အရာရှိတစ်ဦး ယနေ့တိုင် ဆက်သွယ်၍ မရသေး

EPN
မြစ်ကြီးနား ၊ ဇူလိုင် ၁၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းရပ်ကွက်တွင် ဇူလိုင်လ ၁ ရက်နေ့က အမည်မသိအဖွဲ့တစ်စု၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည့် မီးသတ်အရာရှိတစ်ဦး ယနေ့တိုင် ဆက်သွယ်၍ မရသေးကြောင်း အနီးအနားရှိ ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ (၁) ရက်နေ့က ယင်းမီးသတ်အရာရှိသည် နေအိမ်တွင်ရှိနေစဉ် အမျိုးသားသုံးဦးခန့်က ကားဖြင့်ရောက်ရှိလာကာ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယနေ့တိုင် ဆက်သွယ်၍ မရသေးကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။

“ အဲ့ဒီနေ့က ဦးလေးက ရုံးကနေပြန်လာပြီး အနားယူနေတုန်းပဲ ရှိသေးတယ်။ အိမ်ရှေ့ကို ကားတစ်စီး ရောက်လာတယ်။ လူသုံးယောက်ထွက်လာတယ်။ မျက်နှာဖုံးတွေ တပ်ထားကြတယ်။ သေနတ်တွေလဲပါတယ်။ ဦးလေးကို လက်နောက်ပစ်ခိုင်းပြီး ချုပ်ပြီးခေါ်သွားတာ။ ဘာကြောင့်ဖမ်းသွားတယ်လို့လည်း မပြောဘူး။ အခုဆို ၁၀ ရက်ကျော်ပြီ။ ဘာမှ သတင်းအစအနတောင် မရသေးဘူး ” ဟု ၎င်းကပြောသည်။

အဆိုပါ မီးသတ်အရာရှိမှာ အသက် ၄၀ နှစ်ခန့်အရွယ်ရှိ မီးသတ်တစ်ပွင့်ဗိုလ် ဦးတင်ထွန်းနိုင်ဆိုသူဖြစ်ပြီး ဖားကန့်မြို့ မီးသတ်ဌာန၊ သေန္ဓအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။

လက်ရှိဖားကန့်မြို့နယ်တွင် ယခုကဲ့သို့ ဖမ်ဆီးမှုများ၊ လုပ်ကြံသတ်ဖြတ်သည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ဖားကန့်မြို့၊ မြို့မရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးသိန်းလွင်ကိုလည်း ဇွန်လ ၁၃ ရက်နေ့က အမည်မသိလက်နက်ကိုင်တစ်ဖွဲ့က ပြန်ပေးဆွဲသွားပြီး ငွေကျပ်သိန်းသုံးရာနှင့် ရွှေ ၁၀ ကျပ်သားတောင်းခံခဲ့ကြောင်း သိရသည်။

ပန်ပန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။