Trending Now

အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs) အတွက် လင်းရောင်းခြည်

Spread the love

အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs) အတွက် လင်းရောင်းခြည်
EPN
သတင်းဆောင်းပါး
ကောင်းဇေ ရေးသည်
၂၀၂၃ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်
မြန်မာနိုင်ငံရှိတဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) “ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်” နဲ့ ပတ်သက်တဲ့ စီမံကိန်းတွေကို လုပ်ဆောင်နိုင်ဖို့အတွက် ကျပ်သိန်းပေါင်း နှစ်သောင်းကို ဒိန်းမတ်နိုင်ငံက ကူညီမယ်လို့ သတင်းတွေမှာ ဖတ်ရှုရပါတယ်။
လက်ရှိ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများတွေမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လျှပ်စစ်မီးရရှိရေး နဲ့ စွမ်းအင် သုံးစွဲမှုစရိတ် မြင့်တက်လာမှုတွေကြောင့် ထုတ်လုပ်မှုတွေ ကျဆင်းလာခြင်းတို့အပြင် ဒီလုပ်ငန်းတွေအပေါ် မှီခိုနေရတဲ့ ဝန်ထမ်းတွေနဲ့ မိသားစုတွေ၊ ဒေသတွင်း နေထိုင်သူတွေရဲ့ အသက် မွေးဝမ်းကျောင်းမှုတွေကို အဆင်ပြေစေဖို့ ရည်ရွယ်ပေးအပ်တာလို့လည်း သိရပါတယ်။
နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အသေးစား၊ အလတ်စား စက်မှု၊ လက်မှု လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့က အရေးပါလှပါတယ်။ အသေးစား၊ အလတ်စား စက်မှု၊ လက်မှုလုပ်ငန်းတွေကနေ ကြီးမားတဲ့စက်ရုံ၊ အလုပ်ရုံကြီးတွေအထိ အဆင့်ဆင့် ဖွံဖြိုးတိုးတက်နိုင်မှသာလျင် နိုင်ငံဖွံ့ဖြိုးမှာ ဖြစ်ပါတယ်။ အသေးစား၊ အလတ်စား စက်မှု၊ လက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှသာလျင် ပြည်ပရင်းနှီးမြှုပ်နှံသူတွေကလည်း ယုံယုံကြည်ကြည် ဝင်ရောက်လာမှာပဲ ဖြစ်ပါတယ်။ အသေးစားစက်မှု၊ လက်မှု လုပ်ငန်းက ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း အရေးပါလှပါတယ်။ ဒေသတွင်းနေထိုင်ကြတဲ့ သူတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်သလို နိုင်ငံတကာက ခရီးသွားဧည့်သည်တွေ၊ ပြည်တွင်းက ခရီးသွား ဧည့်သည်တွေကိုလည်း ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဒိန်းမတ်နိုင်ငံမှ Responsible Business Fund (RBF) ရဲ့ ဆဋ္ဌမအကြိမ်မြောက် အဆိုပြုလွှာ ခေါ်ယူတဲ့ ဖွင့်ပွဲကိုလည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာဆိုရင် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး အကြီးအကဲက ပြည်တွင်းက အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် စီမံကိန်း တစ်ခုကို အများဆုံး ထောက်ပံ့ငွေ ကျပ်သိန်း (၄၀၀)၊ စုစုပေါင်း စီမံကိန်းကုန်ကျငွေရဲ့ ၂၅ ရာခိုင်နှုန်းကို ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ထောက်ပံ့ငွေတွေကိုလည်း ကောင်းမွန်စွာအသုံးချပြီး နည်းပညာ အသစ်တွေကို ဖော်ဆောင်ပြီးတော့ စံနမူနာကောင်းဖြစ်တဲ့ စီမံကိန်းတွေ လုပ်ဆောင်သွားဖို့ တိုက်တွန်းအားပေး ပြောကြားခဲ့ပါတယ်။
ဒိန်းမတ်နိုင်ငံဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာလည်း မြန်မာနိုင်ငံမှာရှိတဲ့ ပြည်နယ်နဲ့ တိုင်း ၁၅ ခုမှာ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း စုစုပေါင်း (၆၀၉) ခု အတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း (၁၉၅၇၆၀) ကို ကူညီထောက်ပံ့ ပေးအပ်ခဲ့တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကနေ သိရပါတယ်။
အသေးစား၊ အလတ်စား စက်မှု၊ လက်မှု လုပ်ငန်းတွေရော၊ အကြီးစား စက်ရုံအလုပ်ရုံတွေပါ လုပ်ငန်းလည်ပတ်ဖို့ အတွက်ဆိုရင် အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုက လျှပ်စစ်မီး အပြည့်အဝရရှိဖို့ပါပဲ။ လျှပ်စစ်မီး အပြည့်အဝ ရရှိမှသာလျင် လုပ်ငန်းတွေကို အောင်မြင်စွာ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ အခုလို လျှပ်စစ်မီး ပုံမှန်မရရှိခြင်းကလည်း အသေးစားစက်မှု၊ လက်မှု လုပ်ငန်းတွေအတွက် အခက်အခဲတစ်ခုကို ရင်ဆိုင်နေရတာပါပဲ။ လျှပ်စစ် မရရှိတဲ့အတွက် လုပ်ငန်းမှာ ထုတ် လုပ်မှု ကုန်ကျစားရိတ်တွေကအစ တိုးမြင့်လာပါတယ်။ ခုလိုမျိုး ဆီစျေးတွေကအစ မြင့်တက်နေတဲ့ ကာလမှာဆိုရင် လုပ်ငန်းတွေ ရပ်နားရတဲ့အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါတွေဟာ ဒေသတွင်း ဆုံးရှုံးမှု တစ်ခုလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
ဆိုလိုချင်တာကတော့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အလတ်စား စက်မှု၊ လက်မှု လုပ်ငန်းတွေက အရေးပါသလို၊ အသေးစား စက်မှု၊ လက်မှု လုပ်ငန်းတွေအတွက် အရေးပါတဲ့ လျှပ်စစ်ကိုလည်း ဖော်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ မိမိဒေသတွင်းမှာ ရရှိနိုင်တဲ့ အရင်းအမြစ်တွေကို အသုံးချပြီး လျှပ်စစ်စွမ်းအင်ကို အခုထက်ပိုပြီး ထုတ်လုပ်နိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှု တိုးမြှင့်ဖို့ လိုအပ်သလိုပဲ လက်ရှိအချိန်မှာလည်း လျှပ်စစ်ဖြန့်ဖြူးရာမှာ စနစ်တကျ ခွဲဝေဖြန့်ဖြူးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လျှပ်စစ်မီးလာချိန် မမှန်တဲ့အတွက် အသေးစား၊ အလတ်စား စက်မှု၊ လက်မှု လုပ်ငန်းတွေမှာ များစွာ ထိခိုက်နစ်နာမှုတွေ၊ ဆုံးရှုံးမှုတွေကို ကြုံတွေ့ စေရပါတယ်။ ပြည်နယ်ရဲ့ စက်မှု၊ လက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လျှပ်စစ်စွမ်းအင်ကို တိုးမြှင့်နိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ပြည်နယ်တစ်ခု ဖွံ့ဖြိုးဖို့အတွက် ဆိုရင်လည်း စက်မှုလက်မှု လုပ်ငန်းတွေက အရေးပါသလို လျှပ်စစ်မီးကလည်း မရှိမဖြစ် အရေးကြီး လှပါတယ်။ စက်မှုလက်မှု ဖွံ့ဖြိုးရေးအတွက် ဆိုရင်လည်း ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှသာလျင် ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှု မြင့်တက်လာမှာပါ။ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာမှသာလျင် စက်မှုလက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာမှာဘဲ ဖြစ်ပါတယ်။ ဒီလိုပဲ လျှပ်စစ်မီးကလည်း ပြင်ပရင်းနှီးမြှုပ်နှံသူတွေ ဝင်ရောက်လာဖို့အတွက် အရေးပါလှတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ခုလိုအကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ လျှပ်စစ်ဓာတ်အားပေး ဓာတ်ငွေ့ပိုက်လိုင်းတွေကို မိုင်းခွဲတာတွေ၊လျှပ်စစ်တာဝါတိုင်တွေ ဖျက်စီးတာတွေကလည်း ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ဖို့ အဟန့်အတား တစ်ခုဆိုရင်လည်း မမှားပါဘူး။
အခြေအနေတွေကို ပြန်ကြည့်မယ်ဆိုရင်လည်း တပ်မတော်က အာဏာလွှဲပြောင်းရယူပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာပါတယ်။ နိုင်ငံရေး ရှုပ်ထွေးမှုကို အကြောင်းပြုပြီး အကြမ်းဖက်လုပ်ရပ်တွေအဖြစ် လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ဓာတ်အားခွဲရုံ၊ တာဝါတိုင်တွေ ဖောက်ခွဲဖျက်ဆီးခဲ့တာ ၂၀၉ ကြိမ်တိတိရှိခဲ့ပါတယ်။ လျှပ်စစ်ဝန်ထမ်း ၁၉ ယောက်သေဆုံး၊ ၅၆ယောက် ထိခိုက်နစ်နာမှု ရှိခဲ့ပါတယ်။ ဒါတွေကလည်း လျှပ်စစ်ထုတ်လုပ်မှုကို လျော့နည်းစေတဲ့ အချက်တွေထဲက တစ်ချက်ဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်ရပ်တွေကို အဓိက ခံစားရမှာက ပြည်သူတွေပါပဲ။ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေသလို ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အဟန့်အတား ဖြစ်စေပါတယ်။
ဆိုလိုချင်တာကတော့ မြန်မာနိုင်ငံရှိတဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) “ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်” နဲ့ ပတ်သက်တဲ့ စီမံကိန်းတွေကို လုပ်ဆောင်နိုင်ဖို့ ကျပ်သိန်းပေါင်း နှစ်သောင်းကို ဒိန်းမတ်နိုင်ငံက ကူညီသလို ပြည်တွင်းကလည်း အသေးစား၊ အလတ်စား စက်မှု၊ လက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့အတွက် ကူညီဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးဖို့အတွက်ဆိုရင် လျှပ်စစ်က အရေးကြီးကဏ္ဍကနေ ပါဝင်နေသလို အခြားကဏ္ဍ တွေကိုလည်း သက်ဆိုင်ရာ အစိုးရကနေ ကူညီဖြည့်တင်း ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။
ဒီလို အသေးစား၊ အလတ်စား စက်မှု၊ လက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ဆိုရင် လုပ်ငန်းလုပ်ကိုင်လိုသူတွေအတွက် အတိုးနှုန်းသက်သက်သာသာနဲ့ ပြည်တွင်းချေးငွေကို အလွယ်တကူ ရရှိဖို့လိုအပ်ပါတယ်။ ဒါမှသာ လုပ်ငန်းတိုးချဲ့ လုပ်ကိုင်လိုသူတွေ၊ လုပ်ငန်းစတင် လည်ပတ်လိုပြီး အရင်းအနှီး မတတ်နိုင်တဲ့သူတွေအတွက် အဆင်ပြေစေမှာဘဲ ဖြစ်ပါတယ်။ နောက်ပြီး စျေးကွက်လိုအပ်ချက်အရ ပြည်တွင်း၊ ပြည်ပ စျေးကွက်တွေကိုလည်းအကောင်အထည်ဖော်ပေးရမှာ ဖြစ်ပါတယ်။ ဒါတွေက စတင်လုပ်ကိုင်လိုသူတွေအတွက်ရော၊ လုပ်ငန်းတိုးချဲ့ သူတွေအတွက်ရော လိုအပ်တဲ့ အဓိကအချက်ပဲ ဖြစ်ပါတယ်။
အခုဆိုရင် အသေးစား၊ အလတ်စား စက်မှု၊ လက်မှု လုပ်ငန်းတွေအတွက် အလားအလာကောင်းတွေ မြင်တွေ့ လာရပြီပဲ ဖြစ်ပါတယ်။ ခုလို ကူညီမှုတွေကနေတဆင့် ဒေသတွင်း လျှပ်စစ်ထုတ်လုပ်နိုင်တဲ့ သဘာဝအရင်းအမြစ်တွေကို အသုံးချပြီး လျှပ်စစ်ကို အပြည့်အဝ ရရှိစေရေး ဆောင်ရွက်သွားမယ်ဆိုရင် ကျေးရွာ၊ ရပ်ကွက်မှနေ ပြည်နယ်၊ တိုင်းဒေသကြီးအထိ အသေးစား၊ အလတ်စား စက်မှု၊ လက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်သလို နိုင်ငံတော်အတွက် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းတွေ အတွက်ပါ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်လာမှာပဲ ဖြစ်ပါတယ်။
ကောင်းဇေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။