Trending Now

မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာပြေးရသူ ၂ သန်းနီးပါးရှိလာလို့ ကုလသမဂ္ဂဆို

Spread the love

မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာပြေးရသူ ၂ သန်းနီးပါးရှိလာလို့ ကုလသမဂ္ဂဆို

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၅

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဆက်ဖြစ်နေပြီး မုတ်သုံ ရေကြီးမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ ပိုပြီးများပြားလာနေကာ နိုင်ငံတွင်း သေရေးရှင်ရေး ဆိုးရွားတဲ့ အနေအထားတွေကလည်း ပိုပြီး ဆိုးလာနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီတစ်ခုက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA က တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ အခုနောက်ဆုံးအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာပြေးရသူ ပြည်သူ ၂ သန်းနီးပါး ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီသူတွေဟာ ရှင်သန်နေထိုင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုထားပါတယ်။

မုတ်သုံ ရေကြီးမှုတွေ၊ မြန်မာစစ်တပ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေအကြား ပဋိပက္ခတွေ ဆက်ပြီး ဖြစ်ပွားနေတာတွေကြောင့် အိုးအိမ်စွန့်ခွာပြေးနေရတယ်လို့ အဲဒီအစီရင်ခံစာမှာ ပြောထားပါတယ်။ ပဋိပက္ခဒဏ် ခံနေတဲ့ ဧရိယာတွေမှာ နေအိမ်တွေ၊ စာသင်ကျောင်းတွေနဲ့ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် အရပ်သားတွေရဲ့ ပိုင်ဆိုင်မှု ၇၅,၀၀၀ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ထောက်ပြပြောဆိုထားပါတယ်။

နေပြည်တော်နဲ့ ရန်ကုန်ကလွဲပြီး မြန်မာနိုင်ငံထဲက ပြည်နယ်၊ တိုင်းဒေသကြီးတွေမှာ မြေမြှုပ်မိုင်းတွေကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိတယ်လို့လည်း အဲဒီထဲမှာ ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေ ဆိုးရွားနေတယ်လို့ OCHA က သတိပေးပြောဆိုထားပြီး နိုင်ငံတကာ အသိုက်အဝန်းကိုလည်း မြန်မာပြည်သူတွေကို ကူညီထောက်ပံ့မှုတွေ ပိုပေးကြဖို့ တောင်းဆိုထားပါတယ်။

Source: NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။