Trending Now

ကချင်ပြည်နယ်အတွင်းရှိ အခြေခံပညာ စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာ စာသင်ကျောင်းများတွင် ကြည့်ရှုနိုင်မည်

Spread the love

ကချင်ပြည်နယ်အတွင်းရှိ အခြေခံပညာ စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာ စာသင်ကျောင်းများတွင် ကြည့်ရှုနိုင်မည်

EPN
မြစ်ကြီးနား၊ ဇွန် ၁၂

ကချင်ပြည်နယ်အတွင်းက အခြေခံပညာစာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သွားမည် ဖြစ်သဖြင့် သက်ဆိုင်ရာ အခြေခံပညာ စာသင်ကျောင်းများတွင် ကြည့်ရှုနိုင်ကြောင်း ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ အခြေခံပညာအောင်စာရင်းများတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းမှအပ ကျန်သည့် ကျောင်းတွင်းစစ် စာမေးပွဲများအားလုံးကို ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးက ပြည်နယ်ညွှန်ကြားရေးမှူး ဒေါ်ခင်သန်းနွဲ့က ဆိုသည်။

“ဆယ်တန်း အောင်စာရင်းက လွဲလို့ကျန်တဲ့ ကျောင်းတွင်းစစ် စာမေးပွဲတွေ အားလုံး ထွက်မှာပါ အချိန်ကတော့ အရင်နှစ်တွေတိုင်းပါပဲ မနက်ပိုင်းမှာ ထွက်မှာပါ”ဟု ပြောသည်။

အဆိုပါ (Results) အောင်စာရင်းများ ထုတ်ပြန်မည့်ကိစ္စနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မြို့နယ်အလိုက် ပညာရေးမှူးများအား လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ကြော်ငြာသင်ပုန်းများကို နေရာခွဲကပ်ရန် မှာကြားထားကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

“ညွှန်ကြားရေးမှူးတွေကိုက ဘာဘဲလုပ်လုပ် Social Distancing ၆ပေအကွာ ဆောင်ရွက်ဖို့ အောင်စာရင်းကြည့်ဖို့ ဆောင်ရွက်တာဖြစ်ဖြစ်၊ ကျောင်းသားလက္ခံတာဖြစ်ဖြစ် ကျောင်းသား/ဆရာ လိုက်နာရမယ့် အရာအားလုံးကို ညွှန်ကြားထားပါတယ်”ဟု ပြည်နယ်ညွှန်ကြားရေးမှူး ဒေါ်ခင်သန်းနွဲ့က ပြောသည်။

ထို့ပြင် ယခုထုတ်ပြန်မည့် အခြေခံပညာ စာမေးပွဲ Results များ အား ထုတ်ပြန်ရာတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသော ကျောင်းသူ ကျောင်းသားများအား အထက်တန်းအဆင့် ပြီးမြောက်ကြောင်း ထုတ်ပြန်ချက်များ ထည့်သွင်းထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်တွင် ကချင်တစ်ပြည်နယ်လုံး စာသင်ကျောင်းပေါင်း (၁၅၅၉) ကျောင်းရှိကာ တက္ကသိုလ်ဝင်တန်း ကျောင်းသားအပါအဝင် ကျောင်းသားစုစုပေါင်း သုံးသိန်းလေးသောင်း ကျော် ရှိခဲ့ကြောင်း ပြည်နယ်ပညာရေးရုံး စာရင်းများအရ သိရသည်။

မိုးလေး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။