Trending Now

သာရေး၊ နာရေး အလှူပွဲတွေနဲ့ တရားပွဲတွေအတွက် အရေးပါလှတဲ့ လျှပ်စစ်မီး

Spread the love

သာရေး၊ နာရေး အလှူပွဲတွေနဲ့ တရားပွဲတွေအတွက် အရေးပါလှတဲ့ လျှပ်စစ်မီး

EPN သတင်းဆောင်းပါး
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၀

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ယဉ်ကျေးမှု အထွန်းကားဆုံးသော နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ ရှေးခေတ် မြန်မာတို့၏ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေးစသည်တို့ကို အခြေခံ၍ ပေါ်ပေါက်လာသော “ဆယ့်နှစ်လရာသီ ရိုးရာပွဲတော်များ” ကို မြန်မာပြက္ခဒိန်ဖြင့် သတ်မှတ်လေ့ရှိကြပါတယ်။ အဆိုပါပွဲတော်တွေဟာ မြန်မာလူမျိုးတို့ နှစ်ပေါင်း (၁၀ဝဝ) နီးပါး အစဉ်အဆက် ထိန်းသိမ်းလာခဲ့တဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေပဲ ဖြစ်ပါတယ်။ ယဉ်ကျေးမှုပွဲတော်များ ကျင်းပခြင်းဖြင့် စွယ်စုံပညာရှင်တွေ ပေါ်ထွန်းလာစေနိုင်ခြင်း၊ ဘာသာသာသနာ ထွန်းကားပြန့်ပွားလာစေခြင်း၊ နိုင်ငံတော် တိုးတက် သာယာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေမှာပဲ ဖြစ်ပါတယ်။

ဒီလို ဆယ့်နှစ်လရာသီ ရိုးရာပွဲတွေကို ကျင်းပကြသလို ပွင့်လင်းရာသီ ရောက်ပြီဆိုတာနဲ့ ဘာသာရေး တရားပွဲတွေ၊ သာရေး၊ နာရေး အလှူပွဲတွေကို ကျင်းပလေ့ရှိကြပါတယ်။ ဘုန်းကြီးကျောင်းတွေမှာ ဆိုရင်လည်း အသံမစဲ မဟာပဋ္ဌာန်းပွဲတွေကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကြပါတယ်။ အဲ့ဒီလို ကျင်းပတဲ့ နေရှာမှာ အရေးကြီးကဏ္ဍ တစ်ခုအဖြစ် ပါဝင်နေတာက လျှပ်စစ်ကဏ္ဍပါပဲ။ မြို့ပေါ် တရားပွဲတွေ ဆိုရင်လည်း အသံ ချဲ့စက်ကို အသုံးပြုကြသလို၊ ကျေးရွာတွေမှာဆိုရင် လော်စပီကာကို အသုံးပြုကြပါတယ်။ အသံချဲ့စက်တွေ၊ လော်စပီကာတွေကို အသုံးပြုပြီ ဆိုတာနဲ့ လျှပ်စစ်မီးကလည်း သေချာပေါက် လိုအပ်မှာဘဲ ဖြစ်ပါတယ်။ လျှပ်စစ်မီး မရရှိသေးတဲ့ ကျေးရွာတွေမှာဆိုရင် မီးစက်ကို အသုံးပြုကြပါတယ်။

ဘုန်းတော်ကြီးကျောင်းတွေမှာ ဆိုရင်လည်း အသံမစဲ မဟာပဋ္ဌာန်းပွဲတို့၊ တရားပွဲတို့ ကျင်းပတဲ့အခါမှာ လျှပ်စစ်မီးမကောင်းရင် အခက်အခဲတွေ အများကြီးဖြစ်ပေါ်တယ်လို့ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်၊ ခရမ်းကျောင်းတိုက်မှာ သီတင်သုံးနေထိုင်တဲ့ တောင်တန်းသာသနာပြု ဆရာတော် ဓမ္မသာရက မိန့်ကြားပါတယ်။

“ကျောင်းမှာရှိတဲ့ အခက်အခဲက အလှူအတန်းတွေ လုပ်တဲ့အခါ၊ ဘာသာရေးပွဲတော်တွေ လုပ်တဲ့အခါမှာ မီးအားက နည်းတဲ့အခါကြတော့ ကြိုးတွေကမကောင်းတော့ အသံချဲ့စက် အသုံးပြုတဲ့အခါမှာ စက်ရပ်သွားတာတို့ လောင်သွားတာတို့ မီးသီးတွေ ကျွမ်းတာတို့ ခဏခဏ ဖြစ်တယ်။ သံဃာတော်တွေ နေ့စဉ် ရေတင်တယ်။ ရေကိုကောင်းကောင်းမွန်မွန် သုံးရတယ်။ ဟိုတုန်းကဆိုရင် ရေနဲ့ပတ်သက်လို့ ပြဿနာ အများကြီးရှိတယ်။ မီးကြိုးတွေက မကောင်းတော့ ရေတင်လို့ မရဘူးလေ။ အခုတော့ ရေတင်ရတာလဲ အဆင်ပြေသွားပြီ ရေလဲဖောဖောသီသီ ဖြစ်သွားပြီ။ မီးတွေဆိုရင်လဲ ညဆိုရင် လင်းထိန်နေတာပဲ။ တိုင်တွေကြိုးတွေ အသစ်ပြုပြင် ပြောင်းလဲပြီး တပ်ဆင်လိုက်တော့ အကုန်လုံး စိတ်ချမ်းသာရတယ်။ အခု ပွဲတော်ရက်မှာဆိုရင် သံဃာအပါး ၅၀ ကျော်၊ လူတွေလဲ ရာချီပြီး ဝင်ထွက်နေကြတယ်။ ရေတွေသုံးနေကြတယ်။ ရေနဲ့ပတ်သက်ပြီး လုံး၀ အခက်အခဲမရှိတော့ဘူး။ ကြိုးတွေ တိုင်တွေ ကောင်းလာတဲ့ အခါကြတော့ ရေတင်တဲ့မော်တာတွေလဲ ကောင်းကောင်းမွန်မွန် အလုပ်လုပ်တယ်။ ဟိုတုန်းက မီးအားမကောင်းရင် ကြိုးတွေမကောင်းရင် မော်တာတွေ ခဏခဏလောင်တယ်။ ရေတွေပြဿနာတက်တယ်” လို့ ဆရာတော်က မိန့်ကြားခဲ့ပါတယ်။

ယခင်က မီးကြိုးများမှာ သက်တမ်းကြာမြင့်ပြီး ဝန်အားမနိုင်တဲ့အတွက် တရာပွဲများ ကျင်းပရာတွင် တရားဟောနေရင်း စက်များရပ်သွားခြင်း၊ ညဘက် ဘုရားမီး ပူဇော်ရာတွင်လည်း မီးသီးများ ကျွမ်းလောင်စေခြင်း တို့ကြောင့် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ရပြီး၊ အပို ကုန်ကျမှုများလည်း များစွာရှိတယ်လို့ သိရပါတယ်။ အခုအခါမှာတော့ မီးကြိုးတွေ၊ ဓာတ်တိုင်တွေကို အသစ်လဲလှယ်လိုက်ပြီ ဖြစ်တဲ့အတွက် သန့်ရှင်ရေး အပိုင်းတွေမှာရော၊ ကျန်းမာရေး အပိုင်းတွေမှာပါ အများကြီး အထောက်အကူပြုတယ်လို့ ဆိုပါတယ်။

“ဟိုတုန်းကဆိုရင် တစ်ခါတလေ တရားဟောနေရင်းနဲ့ မီးပြတ်ပြီးတော့ ရပ်သွားတာ။ မီးကတော့လာတယ်၊ ကြိုးတွေက မကောင်းတဲ့အခါကြတော့ စက်တွေက အလုပ်မလုပ်ဘူး။ မီးတော့လင်းနေတယ်။ မှိတ်တုပ်မှိတ်တုပ်နဲ့။ စက်တွေလဲ သုံးမရဘူး။ အခုက ရေရော၊ မီးရော၊ တရားဟောတဲ့ အသံပိုင်း ဆိုင်ရာတွေရော။ သန့်ရှင်းရေးပိုင်း ဆိုင်ရာတွေရော။ ကျန်းမာရေးဆိုင်ရာတွေရော။ လျှပ်စစ်မီးက တော်တော် ကျေးဇူးများတယ်။ ရေဖောဖောသီသီ သုံးရတော့ သန့်ရှင်းသွားတာ ပေါ့နော်။ သန့်ရှင်းသွားတော့ ကျန်းမာရေးကအစ အထောက်အကူ အများကြီး ပြုတာပေါ့။ ဘုရားမီးလဲ အားရပါးရ ပူဇော်လို့ရပြီ။ ဟိုတုန်းကဆိုရင် ဘုရာမီး ပူဇော်ရင် စလိုက်ကြီးတွေ ရှိတယ်။ မီးမကောင်းတဲ့ အခါကြတော့ စလိုက်မီးတွေ ခဏခဏ ကျွမ်းတယ်။ မီးကလွှတ်လိုက်တာတော့ အားကအပြည့်ပဲ။ မီးကြိုးမကောင်းတော့ မီးသီးတွေ စလိုက်တွေမှာ လာလာထိတယ်။ အဲ့ဒီအတွက် ခဏခဏ ကုန်ကျစရိတ် ရှိတယ်။ အခုကတော့ အားလုံး အဆင်ပြေသွားပြီ” လို့ ဆရာတော် ဓမ္မသာရက မိန့်ကြားပါတယ်။

ပမ္မတီးရပ်ကွက်ရှိ ခရမ်းကျောင်းတိုက်မှာ လိုအပ်မှုရှိနေတဲ့ လျှပ်စစ်မီးကြိုးတွေ၊ ဓါတ်မီးတိုင်တွေကို ပြန်လည် ဖြည့်စည်းပေးတဲ့ အနေနဲ့ ၂၀၂၂ ခုနှစ်၊ (၁၀)လ ပိုင်းအတွင်းက ဘူးဂါးရုံးမှ သက်ဆိုင်ရာ တာဝန်ရှိသတွေကို အကြောင်းကြားစာတင်ပြီး အသစ်ပြန်လည် ပြုပြင်ဆောင်ရွက်ပေးခဲ့တာ ဖြစ်တယ်လို့လည်း အလှူရှင်ဖြစ်သူ ဦးအောင်မြင့်က အခုလို ပြောပြပါတယ်။

“မီးကြိုးတွေမကောင်းဘူး။ မီးတိုင်တွေ မကောင်းဘူးဆိုလို့ လှူမယ်ဆိုပြီးတော့၊ ဒီအတိုင်းတော့ မဖြစ်ဘူး အဘက ဘူးဂါးကို ဆက်သွယ်ပြီးတော့ လျှောက်လွှာတင်လိုက်တယ်။ အဲ့ဒီမှာ ဘူးဂားက အားလုံး လာဆောင်ရွက်ပေးပါတယ်။ တိုင်တွေ အကုန်လုံး အသစ်ထည့်လိုက်တယ်။ ကေဗွီကြိုးတွေအကုန် ဘူးဂါးက လာဆင်ပေးသွားတယ်။ စုစုပေါင်း ကျပ်သိန်း ၉၀ ကျတယ်။ ၂၀၂၂ခုနှစ် ၁၀ လပိုင်းလောက်က စပြီး လဲလှယ်ခဲ့တာ။ ဒီက မီးကြိုးတွေက ဟိုးတုန်းက အဟောင်းတွေ ကြေးကြိုးတွေဆိုတော့ မီးအားမပြည့်တော့ မီးအားပြည့်စေချင်လို့ လှူပေးဖြစ်တာပါ။ ပမ္မတီး မီးလင်းရေးအတွက်လဲ အဘတို့ ဦးဆောင်ပြီးတော့ လုပ်ခဲ့တာလေ။ ဘူးဂါးနဲ့ အဆက်အသွယ် ရှိတယ်လေ။
လျှပ်စစ်မီးကတော့ ဘာပြောကောင်းမလဲ။ ဒီခေတ်မှာ မီးမရှိရင် အဆင်မပြေဘူးလေ။ လျှပ်စစ်မီးကြောင့် လူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေက အများကြီး တိုးတက် လာတယ်လေ။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အများကြီးပေါ့။ ဘာသာရေး၊ သာသနာရေး အကုန်လုံးပေါ့” လို့ လှူဖြစ်ခဲ့ပုံကို အခုလို ရှင်းပြခဲ့ပါတယ်။

ဒီလို လိုအပ်မှုရှိနေတဲ့ လျှပ်စစ်မီးကြိုးတွေ၊ ဓါတ်တိုင်တွေကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ (၁၀) လပိုင်း အတွင်းက ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့တဲ့အတွက် လက်ရှိအချိန်တွင် ခရမ်းကျောင်းတိုက်၌ သာရေး၊ နာရေး အလှူပွဲများ အစရှိတဲ့ ကိစ္စအရပ်ရပ်တို့မှာ အရင်ကလို အခက်အခဲမရှိပဲ အဆင်ပြေချောမွေ့မှု ရှိနေတယ်လို့လည်း ဆရာတော်က ထည့်သွင်း မိန့်တော်မူခဲ့ပါတယ်။

ဒါ့အပြင် ဆရာတော် ဓမ္မသာရက ထပ်မံမိန့်ကြားရာတွင် “အခု ဒကာကြီးကနေ အဲ့ဒီအခက်အခဲတွေ သိတော့ သိန်း ၉၀ အကုန်အကျခံကြီး ဓာတ်ကြိုးတွေ၊ မီးသီးတွေ အကုန်လုံး လှူဒါန်းပေးလိုက်တဲ့ အခါကျတော့ မီးနဲ့ ပတ်သက်လို့ အခက်အခဲ လုံး၀ မရှိတော့ဘူး။ အခု အသံမစဲ မဟာပဋ္ဌာန်းပွဲ ကျင်းပနေတဲ့ ၅ ရက်လုံး နေ့ရော၊ ညရော လျှပ်စစ်မီး သုံးတဲ့နေရာမှာ လျှပ်စစ်နဲ့ပတ်သက်လို့ အကုန်လုံး အဆင်ပြေသွားတယ်။ ဋ္ဌာန ဆိုင်ရာနဲ့က အဆက်အသွယ်လဲ မရှိဘူး။ အကျွမ်းတဝင်လဲမရှိဘူး။ နားလည်းမလည်တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ပျက်လိုက်၊ ပြင်လိုက်နဲ့ သုံးလာတာပေါ့နော်။ အခုတော့ ဒကာကြီးက သက်ဆိုင်ရာ ဘူးဂါးက တာဝန်ရှိတဲ့ သူတွေကို တင်ပြပြီးတော့ ဆောင်ရွက်လိုက်တာ” လို့ မိန်ကြားခဲ့ပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်မှာရှိတဲ့ ခရမ်းကျောင်းတိုက်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) ဝန်းကျင်ခန့်က စတင် တည်ထောင်ခဲ့တာဖြစ်ပြီး၊ ခရမ်းကျောင်းတိုက် လျှပ်စစ်မီး ရရှိစေရေးအတွက် ရပ်ကျေး တာဝန်ရှိ အဖွဲ့အစည်းများက ဖွဲမီးကိုသာအသုံးပြုကာ လျှပ်စစ်မီး ရရှိစေရန်အတွက် ဆောင်ရွက်ခဲ့ရာမှ (၂၀၀၆) ခုနှစ်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လျှပ်စစ်မီး အလှူရှင်အနေဖြင့် လျှပ်စစ်မီးများ သွယ်တန်း လှူဒါန်းပေးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။