Trending Now

အိန္ဒိယနိုင်ငံဟာ အခုနှစ်အတွင်း တရုတ်နိုင်ငံကိုကျော်လွန်ကာ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံဖြစ်လာမယ်လို့ ကုလခန့်မှန်း

Spread the love

အိန္ဒိယနိုင်ငံဟာ အခုနှစ်အတွင်း တရုတ်နိုင်ငံကိုကျော်လွန်ကာ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံဖြစ်လာမယ်လို့ ကုလခန့်မှန်း

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၄

အိန္ဒိယနိုင်ငံဟာ ၂၀၂၃ ခုနှစ်အတွင်း လက်ရှိကမ္ဘာ့လူဦးရေအများဆုံး တရုတ်နိုင်ငံကိုကျော်လွန်ကာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်လာမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

ကုလသမဂ္ဂက ပြုစုထားတဲ့ ၂၀၂၂ ခုနှစ် ကိန်းဂဏန်းတွေအရ တရုတ်ရဲ့ လူဦးရေဟာ ၁.၄၂၆ ဘီလီယံ ရှိပြီး အိန္ဒိယဟာ လူဦးရေ ၁.၄၁၇ ဘီလီယံ ရှိနေပါတယ်။

အိန္ဒိယရဲ့ လူဦးရေဟာ ဆက်လက်တိုးပွားလာနေပေမယ့် တရုတ်နိုင်ငံရဲ့ လူဦးရေဟာ ၂၀၅၀ ခုနှစ်မှာ ၁.၃၁၃ ဘီလီယံအထိ ကျဆင်းသွားဖွယ်ရှိနေတယ်လို့ ကုလက ခန့်မှန်းထားပါတယ်။

လူဦးရေဟာ စီးပွားရေးကုန်ထုတ်စွမ်းအားနဲ့ နိုင်ငံတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်တဲ့အတွက် အိန္ဒိယဟာ ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်လာတဲ့ စီးပွားရေးနိုင်ငံတစ်ခုဖြစ်ပြီး ဆယ်စုနှစ်အတွင်း ပျမ်းမျှ ၅.၅ ရာခိုင်နှုန်းအထိ တိုးတက်လာတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ ဗြိတိန်နိုင်ငံကိုကျော်လွန်ကာ ပဉ္စမမြောက် အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်လာခဲ့ပြီး IMF ရဲ့ အဆိုအရ ၂၀၂၈ ခုနှစ်မှာ တတိယအကြီးဆုံးနိုင်ငံဖြစ်လာ ဖို့ မျော်မှန်းထားတယ်လို့ ဆိုပါတယ်။

လက်ရှိတရုတ်နိုင်ငံနဲ့ တင်းမာမှုတွေဖြစ်ပေါ်နေတဲ့ ဥရောပနိုင်ငံတွေမှာ အိန္ဒိယထုတ် ကုန်ပစ္စည်းတွေ ပိုမိုများပြားလာနိုင်ပြီး တရုတ်နိုင်ငံအတွင်းမှာ လည်ပတ်နေတဲ့ ဥရောပကုမ္ပဏီတွေဟာ အိန္ဒိယဘက်ကို ပြောင်းရွေ့လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုစွမ်းအားကို ယှဉ်ပြိုင်နိုင်ဖို့အတွက် အိန္ဒိယဟာ အခြေခံဆောက်အုံ မလုံလောက်မှုတွေ ရှိနေဆဲဖြစ်လို့ ဆယ်စုနှစ်များစွာ ကြိုးစားရဦးမယ်လို့ ကျွမ်းကျင်သူအချို့က ခန့်မှန်းထားပါတယ်။

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘော Ever Alot လက်ရှိအချိန်အထိ အန္ဒိယနိုင်ငံကို ဆိုက်ကပ်ခြင်းမရှိသေးတာဟာ အခြေခံအဆောက်အအုံမလုံလောက်မှုကို မီးမောင်းထိုးပြနေတာဖြစ်တယ်လို့ ဘလွန်းဘတ် သတင်းဌာနက ထောက်ပြပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ဆက်လက်တိုးပွားလာနေတဲ့ လူဦးရေဟာ နိုင်ငံရဲ့ အခွင့်အလမ်းတွေနဲ့ စိန်ခေါ်မှုတွေကို ယူဆောင်လာသလို ပိုမိုဆိုးရွာလာစေနိုင်တဲ့ စိုးရိမ်မှုတွေလဲ ရှိနေပါတယ်။

— ကိုးကား —
axios
ref; India to become most populous nation — bringing opportunities and challenges

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။