Trending Now

ရုရှားမြို့တွေကို တိုက်ခိုက်ဖို့ အမေရိကန်က အားမပေးဘူးလို့ ဆို

Spread the love

ရုရှားမြို့တွေကို တိုက်ခိုက်ဖို့ အမေရိကန်က အားမပေးဘူးလို့ ဆို

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၃

မော်စကိုကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့ ဒရုန်းတွေကို ဒီနေ့ မနက်ပိုင်းက ပစ်ချခဲ့တယ်လို့ ရုရှားအာဏာပိုင်တွေက ပြောဆိုခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ရုရှားနိုင်ငံအတွင်းကို တိုက်ခိုက်ဖို့ ယူကရိန်းကို အားမပေးခဲ့ဘူးလို့ ပြောပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက စတင်ခဲ့တဲ့စစ်ပွဲမှာ သူ့ကိုယ်သူကာကွယ်ဖို့ ဘယ်လိုရွေးချယ်ဆုံးဖြတ်မလဲဆိုတာ ယူကရိန်းအပေါ်မှုတည်ပြီး ရုရှားအနေနဲ့ ယူကရိန်းက တပ်တွေကို နောက်ပြန်ဆုတ်ခိုင်းခြင်းနဲ့ စစ်ပွဲကို အချိန်မရွေးအဆုံးသတ်နိုင်တယ်လို့ ဆိုပါတယ်။

ကရင်မလင် အနီးမှာ အခုလစောပိုင်းက မောင်းသူမဲ့လေယာဉ်နှစ်စင်း ဖျက်ဆီးခံခဲ့ရပြီးနောက်ပိုင်း ရုရှားနိုင်ငံအတွင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုတွေ ပိုမိုများလာခဲ့ပြီး မြို့တော်တွေကိုပစ်မှတ်ထားတိုက်ခိုက်တဲ့ အရေအတွက်ဟာ ပိုများလာတယ်လို့ ဆိုပါတယ်။

ရုရှားနဲ့ ယူကရိန်းစစ်ပွဲအတွင်းမှာ ယူကရိန်းကို လက်နက်နဲ့ တစ်ခြား စစ်လက်နက် ကိရိယာတွေ အများအပြားအကူအညီပေးနေတဲ့ အမေရိကန်က ရုရှားနိုင်ငံအတွင်း တိုက်ခိုက်မှုတွေကို မထောက်ခံကြောင်း တစိုက်မတ်မတ်ပြောဆို ခဲ့ပါတယ်။

ရုရှားရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေက မော်စကိုကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့ ဒရုန်းသုံးစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ဒီနေ့မနက် အစောပိုင်းက မော်စကိုမြို့လယ်မှာရှိတဲ့ ဆောက်လက်စ အဆောက်အအုံတစ်ခုကို ဒရုန်းတစ်စီးက ဝင်ရောက်တိုက်မိခဲ့တယ်လို့ မော်စကိုမြို့တော်ဝန် ဆာဂျီ ဆိုဘီယန်နင်က ပြောပါတယ်။

ရုရှားနိုင်ငံ မော်စကိုလေဆိပ်တွေမှာ လေကြောင်းခရီးစဉ်တွေကို ဒီနေ့မနက် အစောပိုင်းက ရပ်ဆိုင်းထားတယ်လို့ ရုရှားသတင်းအေဂျင်စီ TASS က ဖော်ပြခဲ့ပါတယ်။ ယူကရိန်းဒရုန်းလှုပ်ရှားမှုတွေကြောင့် မကြာသေးမီရက်တွေက ရုရှားနိုင်ငံမြို့တော်တဝိုက်က အဓိက လေဆိပ်ကြီးတွေဟာ လေယာဉ်ထွက်ခွာခြင်းနဲ့ ဆိုက်ရောက်ခြင်းတွေကို အကြိမ်ကြိမ် ဆိုင်းငံ့ထားခဲ့ရတယ်လို့ ဆိုပါတယ်။

ယမန်နေ့ကလည်း မော်စကိုဒေသကို ပျံသန်းလာတဲ့ ဒရုန်းနှစ်စင်းကို ပစ်ချနိုင်ခဲ့သလို ယူကရိန်းနယ်စပ်က ဘရိုင်ရန် ဒေသမှာလည်း နောက်ထပ် မောင်းသူမဲ့လေယာဉ်နှစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားပိုက်နက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ယူကရိန်းက မှတ်ချက်ပေးလေ့မရှိပေမယ့် မေလအစောပိုင်းက ကရင်မလင်းနန်းတော်အပေါ်မှာ ဒရုန်းနှစ်စင်းဖျက်ဆီးခံရပြီးကတည်းက ဒရုန်းစီးနင်းမှုတွေ အရှိန်မြင့်လာပုံရပါတယ်။

Ref; Reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။