Trending Now

ပျက်စီးသွားသည့် 66KV ဓါတ်အားလိုင်းကို အမြန်ဆုံးပြန်လည်ပြုပြင်ပေးရန် ဖားကန့်ဒေသခံများ လိုလား

Spread the love

ပျက်စီးသွားသည့် 66KV ဓါတ်အားလိုင်းကို အမြန်ဆုံးပြန်လည်ပြုပြင်ပေးရန် ဖားကန့်ဒေသခံများ လိုလား

EPN
ဖားကန့်၊ ဖေဖော်ဝါရီ ၇ (၂၀၂၄)

ဖားကန့်မြို့နယ်၊ နန့်တိန်းကျေးရွာနှင့် ၇မိုင် ကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၄ ရက်နေ့က လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ပျက်စီးသွားသည့် 66 KV ဓါတ်အားလိုင်းများကို အမြန်ဆုံး ပြန်လည်ပြုပြင်‌ပေးရန် ဖားကန့်ဒေသခံပြည်သူများက လိုလားနေကြောင်း သိရသည်။

အဆိုပါ ပျက်စီးသွားသည့် 66 KV ဓါတ်အားလိုင်းများကို ပြန်လည်ပြုပြင်ပေးရာတွင် (၂)ပတ် မှ(၃) ပတ်အထိ ကြာမြင့်နိုင်ပြီး ပျက်စီးနေသည့် ဓါတ်အားလိုင်း နယ်မြေအတွင်း ဝင်ရောက်ပြုပြင်ခွင့် မပေးပါက မီးပြတ်တောက်မှုများ ကြာမြင့်သွားမည်ကို ဖားကန့်ဒေသခံများက စိုးရိမ်နေကြသည်။

” လျှပ်စစ်ဌာနက ပျက်စီးသွားတဲ့ နေရာကို သွားပြင်ရင်တောင် တစ်လနီးပါကြာမယ် ပြောတယ်။ သွားပြင်ဖို့ လုံခြုံရေး မပေးဘူးဆို ဘယ်သူမှ ပြင်မှာမဟုတ်ဘူး။ အဲ့တော့ အကန့်သတ်မရှိ ကြာသွားမယ်ဆိုရင် ဖားကန့်မြို့ပေါ် က လျှပ်စစ်မီးနဲ့ လုပ်ကိုင်နေတဲ့ စီးပွားသမားတွေရှိတယ်။ လျှပ်စစ်မီး ပြန်မရရင်တော့ အခြေခံလူတန်းစားတွေလည်း ထင်း၊ မီးသွေး၊ သောက်သုံးရေရဖို့ စက်သုံးဆီ ဝယ်သုံးရမယ်။ ကုန်ကျစရိတ် ပိုမြင့်လာမှာ ဟုတ်တယ် ” ဟု ဖားကန့်မြို့နေ ပြည်သူ တစ်ဦးက ရှင်းပြသည်။

နန့်တိန်းကျေးရွာနှင့် ၇ မိုင်ကျေးရွာအနီး ပျက်စီးသွားသည့် 66 KV ဓာတ်အားလိုင်းပြုပြင်မည့် နေရာအား သက်ဆိုင်ရာအဖွဲ့အစည်းများ၏ နယ်မြေလုံခြုံရေးအတွက် ခွင့်ပြုချက်ရရှိပါက ဓာတ်အားလိုင်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းအား စောလျင်စွာ ဆောင်ရွက်‌ပေးနိုင်မည်ဖြစ်ကြောင်း ဖားကန့်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထား‌ကြောင်း သိရသည်။

ဖားကန့်မြို့နယ် အတွင်း၌ တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား ပြီးခဲ့သည့် လပိုင်းအတွင်းကစ၍ တိုက်ပွဲများပြင်းထန်ခဲ့သည့်အတွက် ဒေသခံပြည်သူများ နေရပ်စွန့်ခွာခဲ့ကြပြီး စစ်ဘေးရှောင်စခန်းတို့တွင် ခက်ခက်ခဲခဲ နေထိုင်လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင်လည်း တိုက်ပွဲဖြစ်ပွားနေ၍ လျှပ်စစ်မီးများ ပြတ်တောက်ခြင်းနှင့် မြစ်ကြီးနား- ဖားကန့်သွား ကားလမ်းကိုလည်း ယာယီပိတ်ထား‌သောကြောင့် ဒေသခံပြည်သူများ အကြပ်အတည်းများစွာဖြင့် ရုန်းကန်နေရကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။