Trending Now

မီးဘေးသင့်ခဲ့သည့် ဝေမိုး ဒေသခံ မိသားစု များအား ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းမှ ထောက်ပံ့ငွေ ပေးအပ်

Spread the love

မီးဘေးသင့်ခဲ့သည့် ဝေမိုး ဒေသခံ မိသားစု များအား ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းမှ ထောက်ပံ့ငွေ ပေးအပ်

EPN
ကံပိုင်တည်၊ အောက်တိုဘာ ၁၄

ကချင်ပြည်နယ်အထူးဒေသ ၁ ထာဝငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌကြီး ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းသည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝေါချုံးကျေးရွာအုပ်စု၊ ဝေမိုးကျေးရွာတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသည့် ဒေသခံ အိမ်ထောင်စု ၃ စုအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း ဝေမိုးဒေသခံများထံက သိရသည်။

ယခု အောက်တိုဘာလ ၄ ရက်နေ့ တွင် ကချင်ပြည်နယ် အထူးဒေသ (၁) နယ်မြေအတွင်းရှိ ဝိုင်းမော်မြို့နယ်၊ ဝေါချုံးကျေးရွာအုပ်စု၊ ဝေမိုးကျေးရွာတွင် မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ရာ ကျေးရွာလူကြီး ဦးဆောင်းလန်းလုတ်ယိန်း၏ နေအိမ် အပါအဝင် ဦးရှီးကျန်တိန့်ဆောင်၊ ဦးရန်ဝန်ကန်း စသည့် မိသားစုများ နေထိုင်သည့် နေအိမ် ၃ လုံး မီးဘေးသင့်ခဲ့သဖြင့် အဆိုပါ မိသားစုများအတွက် မီးဘေးသင့် အိမ်ထောင်စု တစ်စုလျှင် တရုတ်ယွမ်ငွေ ၃သောင်းနှုန်းဖြင့် စုစုပေါင်း ယွမ်ငွေ ၉ သောင်းကို ဥက္ကဌကြီးကိုယ်စား ကံပိုင်တည် ဒေသတည်ငြိမ်ရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်တို့မှ ဦးစီးပြီးထောက်ပံ့ပေးအပ်ခဲ့သည်ဟု သိရသည်။

“မီးလောင်လို့ နေအိမ်တွေ ကား၊ ဆိုင်ကယ်တွေ၊ လက်ဝတ်လက်စားတွေရော၊ ပစ္စည်းတွေပါ ဘာတစ်ခုမှ မကျန်ဆုံးရှုံးသွားကြတာ၊ စုစုပေါင်း အိမ်သုံးလုံးပေါ့၊ မီးဘေးသင့်သူတွေကို ဒေသက လူကြီးတွေနဲ့ မိတ်ဆွေက ဝိုင်းဝန်း ကူညီ ပံ့ပိုးပေးနေကြတာပေါ့၊ ကချင်အထူးဒေသ ၁ ဥက္ကဌ ကြီး ကိုယ်တိုင်ကလည်း ‌အားပေးစကားတွေ ‌ပါးလိုက်တဲ့အပြင် အခုလိုထောက်ပံ့ငွေ ပံ့ပိုးကူညီပေးခဲ့တဲ့အတွက် သူတို့အနေနဲ့လည်း ဆုံးရှုံးခဲ့မှုအတွက် တစ်စုံတစ်ရာ အထောက်အပံ့ဖြစ်မှာပါတယ်” ဟု မီးဘေးသင့်သူများ၏ မိတ်ဆွေ တစ်ဦးက ဆိုသည်။

ဝေမိုးကျေးရွာသည် ဝိုင်းမော်မြို့နယ်အတွင်းက ကျေးရွာ တစ်ခုဖြစ်ပြီး ဝိုင်းမော်မြို့နှင့် ကချင်ပြည်နယ် အတွင်း အဓိကကျသည့် တရုတ်- မြန်မာ နယ်စပ် ကုန်သွယ်ရေးစခန်းရှိရာ ကံပိုင်တည်မြို့ ကြားတွင် တည်ရှိသည့် ကျေးရွာ တစ်ခုဖြစ်ကာ လူဦးရေ ၂၀၀၀ ခန့် နေထိုင်သည့် ကျေးရွာ တစ်ရွာ ဖြစ်သည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။