Trending Now

တစ်ပိဿာ ၃၆၀၀ ကျော် သတ်မှတ်ထားသည့် စားအုန်းဆီဈေးနှုန်း မြစ်ကြီးနားတွင် ၈၀၀၀ ကျော်အထိ မြင့်တက်နေဆဲ

Spread the love

တစ်ပိဿာ ၃၆၀၀ ကျော် သတ်မှတ်ထားသည့် စားအုန်းဆီဈေးနှုန်း မြစ်ကြီးနားတွင် ၈၀၀၀ ကျော်အထိ မြင့်တက်နေဆဲ

EPN
မြစ်ကြီးနား ၊ ဇူလိုင် ၂၆

စားအုန်းဆီအခြေခံလက်ကားရည်ညွှန်း ဈေးနှုန်း အဖြစ် တစ်ပိဿလျှင် ၃၆၆၅ ကျပ်ဟု သတ်မှတ်ထားသော်လည်း မြစ်ကြီးနားမြို့တွင် တစ်ပိဿာ ကျပ် ၈၀၀၀ ကျော်အထိ မြင့်တက်နေကြောင်း လုပ်ငန်းရှင်းများထံမှ သိရသည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေး ကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်း ၃၆၆၅ ကျပ်ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ထားသည်။

“အခုက စားအုန်းဆီ ဈေး ၈၀၀၀ ကျော်ပေးရတာတောင် ဝယ်ချင်တိုင်းဝယ်လို့မရဘူး ရည်ညွှန်းဈေး ၃၆၀၀ ကျော်ဆိုတာက ထုတ်ပြန်တဲ့ စာရွက်ပေါ်ပဲရှိတာ ရန်ကုန်မှာတင် ၇၀၀၀ ကျော်အထိ ပေါက်နေတာပဲ” ဟု စားအုန်းဆီကို အဓိက ထား အသုံးပြုနေသည့် မြစ်ကြီးနားမြို့ပေါ်မှ လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

စားအုန်းဆီများကို ပြည်တွင်းဈေးကွက်အတွင်း ဈေး နှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေး ကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

မြစ်ကြီးနားမြို့ရှိ အကြော်အလှော်လုပ်ငန်းများ၊ စားသောက်ကုန်ရောင်းချသူအများစုမှာ စားအုန်း ဆီကို အဓိကထားသုံးစွဲနေရခြင်းဖြစ်သည့်အတွက် ဈေး နှုန်းမြင့်တက်မှုကြောင့် လုပ်ငန်းများတွင် အခက်အခဲများဖြစ်နေကြောင်း သိရသည်။

အကြော်အလှော်လုပ်ငန်းတွေကတော့ စားအုန်းဆီနဲ့ပဲ အဆင်ပြေတယ် သူကအကြော်ခံတဲ့အတွက် လုပ်ငန်းလုပ်ကိုင်တဲ့သူတွေအများစုက ဒါပဲသုံးကြတာ အခုက တစ်ပိဿ ၈၀၀၀ ကျော်ဆိုမှတော့ ကျွန်တော်တို့လုပ်ငန်းနဲ့ ဘယ်လိုမှ အဆင်မပြေတော့ဘူး လုပ်ငန်းပြောင်းလုပ်ရမယ့်အခြေအနေဖြစ်နေပြီး”ဟု မြစ်ကြီးနားမြို့မှ အကြော်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောဆိုသည်။

ပြည်တွင်းအတွက် အသုံးပြုနေသည့် စားအုန်းဆီများကို မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများမှ တင်သွင်းလျက်ရှိပြီး ယင်းနိုင်ငံများတွင် သတ်မှတ်သည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ် ဖောက်ကားရမည့် အခြေခံလက် ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးခြင်း ဖြစ်ကြောင်း စီးပွားရေး နှင့်ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် ရည်ညွှန်းဈေးထက် နှစ်ဆနီးပါးကွာဟနေကြောင်း ဒေသခံများထံမှ သိရသည်။

အံ့ဘုန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။