Trending Now

မြစ်ကြီးနားတွင် ဆန်တစ်အိတ်လျှင် ယခင်ထက် ရှစ်ထောင်မှ တစ်သောင်းဝန်းကျင်အထိ ဈေးမြင့်တက်

Spread the love

မြစ်ကြီးနားတွင် ဆန်တစ်အိတ်လျှင် ယခင်ထက် ရှစ်ထောင်မှ တစ်သောင်းဝန်းကျင်အထိ ဈေးမြင့်တက်

EPN

မြစ်ကြီးနား ၊ မတ် ၉

မြစ်ကြီးနားမြို့တွင် ယခုတစ်ပတ်မှ စတင်ကာ ဆန်တစ်အိတ်လျှင် ယခင်ထက် ငွေကျပ် ရှစ်ထောင်မှ တစ်သောင်းဝန်းကျင်အထိ မြင့်တက်လျက်ရှိကြောင်း မြစ်ကြီးနားမြို့ရှိ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ယခုကဲ့သို့ ဈေးမြင့်တက်လာခြင်းမှာ လယ်ယာစိုက်ပျိုးကုန်စည်များဖြစ်သည့် ဓါတ်မြေဩဇာ ၊ပျိုးစပါး၊ပိုးသတ်ဆေး စက်သုံးဆီ စသည့် ကုန်ပစ္စည်းများဈေးနှုန်းမြင့်တက်မှုနှင့်အတူ ပြီးခဲ့သည့်နှစ်အတွင်း စပါးစိုက်ပျိုးသူနည်းပါးမှုနှင့် ပျက်စီးဆုံးရှုံးမှုများခြင်းတို့ကြောင့် ဆန်ဈေးမြင့်တက်ရတာဖြစ်ကြောင်း ဆန်ဒိုင်တစ်ဦးက ပြောဆိုသည်။

“ဒီနှစ်ကအားလုံးကြပ်တည်းကြတယ် တောင်သူတွေက ပိုဆိုးတာပေါ့ စပါးထွက်နှုန်းတွေကျတယ် စပါးစိုက်ပျိုးရေး ဆက်စပ်ကုန်စည်တွေက ဈေးမြင့် နောက်ပြီး ရောဂါနဲ့ နိုင်ငံရေးကဖြစ်တော့ တောင်သူတွေ တောင်ယာကို အချိန်မပေးနိုင်ကြတော့ဘူး ရာသီဉတုကြောင့် စပါးပျက်စီးသူတွေလည်းရှိနေကြတယ် တချို့ဆို ဒီနှစ်စပါးစိုက်သူနည်းတယ်လို့ပြောတယ် ဒါကြောင့်အခုနှစ် ဆန်ဈေးမြင့်တက်လာတာ”ဟု ၎င်းကပြောသည်။

ယခုလပိုင်းအတွင်း ကချင်ပြည်နယ်တွင်းအများဆုံး ဝယ်အားကောင်းနေသည့် ဆန်များ ဖြစ်သည့် ပေါ်ဆန်းမွှေး၊စောရှုပ်၊ချင်းသုံး ငွေတိုး ဆန်များမှာ တစ်အိတ်လျှင် ငွေကျပ် ရှစ်ထောင်မှ တစ်သောင်းဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာကြောင်း မြစ်ကြီးနားမြို့ရှိ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

“ပေါ်ဆန်းမွှေးလက်ဟောင်းက (၇၀၀၀၀)၊ လက်သစ်က (၆၀၀၀၀) အရင်ကတော့ လက်သစ်လက်ဟောင်း ငါးသောင်းကျော်လောက်ပဲရှိတာ ငွေတိုး၊ချင်းသုံး ကော်ချက်အသန့်က (၃၅၀၀၀)ဖြစ်သွားပြီး အရင်ကတော့ သုံးသောင်းနီးပါးလောက်ပဲရှိတယ်။ အဓိက ကတော့ ပြည်နယ် စပါးထွက်နှုန်းကျတော့ တခြားဘက်က မှာရယူတာတွေရှိတယ် ဒါကြောင့် သယ်ယူစရိတ်ကြောင့် ဈေးနှုန်းမြင့်တာလည်းဖြစ်နိုင်တယ်”ဟု ၎င်းကပြောသည်။

ဆန်ဈေးနှုန်းများ မြင့်တက်နေသော်လည်း တောင်သူလယ်သမားများအနေဖြင့် စပါးဈေး ထင်သလောက်မရရှိခဲ့ကြောင်း ဝိုင်းမော်ရှိ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

“အခုလက်ရှိ ဆန်ဈေးတွေမြင့်တက်နေတယ် ကျွန်တော်တို့ စပါးရောင်းချိန်က ဈေးကောင်းမရဘူး ပေါက်ဈေးက ၇၀၀၀/၈၀၀၀/ အများဆုံး ပေါက်ဈေးမှ ၁၀၀၀၀ကျပ်ပဲ တစ်တင်းကိုပေါ့ ဒီနှစ်က နိုင်ငံရေးနဲ့ရောဂါဆုံဖြစ်တော့ တောင်ယာလုပ်ကိုင်သူလည်းနည်းတယ်။ တောင်ယာ ပစ္စည်းတွေ ဈေးနှုန်းတွေမြင့်လို့ အရှုံးပေါ်တဲ့သူလည်း များတယ် ဒီနှစ်ကအရင်နှစ်ကထပ် စိုက်ပျိုးသူနည်းတယ်”ဟု၎င်းက ပြောဆိုသည်။

ဆန်ဈေးနှုန်းများ ထပ်မံမြင့်တက်ဖွယ်မရှိသော်လည်း လာမည့် ကောက်သစ်ပေါ်ချိန်မှသာ ပြန်လည်ကျဆင်းနိုင်ဖွယ်ရှိကြောင်း ဆန်ကုန်သည်တစ်ဦးက သုံးသပ်ပြောဆိုသည်။

“ဘာလို့လည်းဆိုတော့ မနှစ်က ဒီအချိန်ထိ တောင်သူတွေဆီမှာ စပါးတွေရှိကြသေးတယ် ဒီနှစ်ကတော့ စပါးတွေမရှိကြတော့ဘူး စပါးအထွက်နည်းတဲ့သူနဲ့ မစိုက်တဲ့သူနဲ့၊ ရာသီဉတုကြောင့်ပျက်စီးတဲ့သူတွေနဲ့ဆိုတော့ အခုချိန်မှာ စပါးသိုလှောင်ထားတဲ့ တောင်သူမရှိတော့ဘူး ဒါကြောင့် ဆန်ဈေးကကြီးနေအုန်းမယ် လာမယ့် ပွင့်လင်းရာသီစပါး ပြန်ပေါ်ချိန်မှ ဈေးတွေပြန်ကျနိုင်တယ် “ဟု၎င်းက ပြောသည်။

ကချင်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ်အတွင်း မိုးစပါး စိုက်ပျိုးဧကပေါင်း ၄၉၈၂၇၀ခန့် စိုက်ပျိုးခဲ့ပြီး ရာသီဥတုဖောက်ပြန်မှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်ဧက ပေါင်း၂၂၄၅၁ ကျော်ရှိခဲ့ကြောင်း ကချင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။