Trending Now

မြန်မာ့ပြည်တွင်း ပြဿနာ ဘာလဲ ဘယ်လဲ (၂)

Spread the love

မြန်မာ့ပြည်တွင်း ပြဿနာ ဘာလဲ ဘယ်လဲ (၂)

ဆောင်းပါး၊ ၂၀၂၂ခုနှစ် မတ်လ ၇

မိုးမြင့်မောင် ရေးသားသည်။

လူအများ စုပေါင်းနေထိုင်ရာ ဒေသ၊ သို့မဟုတ် နယ်ပယ်တစ်ခု သို့မဟုတ် နိုင်ငံ အတွင်းတွင် ဖြစ်ပေါ်နေသော စားမှု၊ ဝတ်မှု၊ နေမှု၊ ပေါင်းသင်းဆက်ဆံမှု၊ စီမံအုပ်ချုပ်မှုမှစ၍ အရေးပေါင်းများစွာရှိပေသည်။ ထိုဖြစ်ပေါ်သမျှ အရေးတို့သည် နိုင်ငံရေးပင် ဖြစ်သည်။ အတိတ်ကဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကို သင်ခန်းစာ မယူနိူင်သမျှ သမိုင်းသည် မူလအတိုင်း အဝိုင်းပတ် နောက်ပြန် လည်နေအုံးမည် ဖြစ်လေသည်။ ပြည်ပအားကိုး ပုဆိန်ရိုးဒေါ်လာစား တချို့သည် သူတို့ဘဝရှင်သန် ရပ်တည်နိူင်ရေးအတွက် မြန်မာနိုင်ငံအား မတည်ငြိမ်မှုများ ဖြစ်ပွားစေရန် ရိုးသားသည့် ပြည်သူလူထုအား နည်းလမ်းအမျိုးမျိုးဖြင့် သွေးထိုးအသုံးချလျှက် ရှိလေရာ ယနေ့အထိပင် ဖြစ်ပေသည်။

“နိုင်ငံရေးသဘော တရားအများစုက ဂရိရဲ့ စံချိန် စံနှုန်းတွေဖြစ်တဲ့ နိုင်ငံရေးကို အခြေခံတဲ့ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နဲ့ ရောမ စံနှုန်းတွေကို နိုင်ငံအသီးသီး ထပ်တူပြုလို့ မရပါဘူး။ ပထဝီနိုင်ငံရေးအရ ဘာသာလူမျိုး ယဉ်ကျေးမှုနဲ့ မိရိုးဖလာ ဓလေ့ထုံးစံတွေကို မပျောက်စေပဲ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီကို နိုင်ငံအများစုက ကျင့်သုံးတယ်။ ဒါကို နာမလည်ပဲ အနောက်နိုင်ငံတွေအတိုင်း ပုံတူဒီမိုကရေစီကို ကူးချရင် တိုင်းပြည်နိုင်ငံ ပျက်ဖွယ်ရာပဲ ဖြစ်လာနိူင်တယ်။ ဒီမိုကရေစီဆိုပြီး စံနှုန်းတွေ ချိုးဖေါက်တဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီရဲ့ အရသာဟာ ခါးသီးနေမှာပါ။ ဒီမိုကရေစီ မကျင့်သုံးတဲ့နိုင်ငံတွေလဲ ရှိပါတယ်။ ဒီမိုကရေစီကျင့်သုံးမယ်ဆိုရင် လူထုကလည်း ဒီမိုကရေစီရဲ့ စံနှုန်းတွေကို ကောင်းစွာနားလည်ပြီးမှ ကျင့်သုံးမယ်ဆိုရင် ခါးသီးတဲ့ဒဏ်တွေ ခုလိုဆိုးဝါးစွား မခံစားရနိူင်ပါဘူး။ တိုင်းပြည်နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တစ်ဦးကောင်း၊ တစ်ယောက်နဲ့မရနိူင်သလို အစိုးတစ်ရပ်တည်းနဲ့လည်း မလွယ်ကူပါဘူး။ နိုင်ငံသားအားလုံး အတူတကွညီညာမှ ပြည်သာပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိူင်မှာပါ။ ဒါကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက သိကြပါတယ်။ ဒါကြောင့် ဦးသန်းရွှေလက်ထက်က ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး ဖြစ်လာရေးအတွက် အာဏာရှင်နိုင်ငံရေးကနေ ဒီမိုကရေစီနိုင်ငံရေး လမ်းကြောင်းပေါ်တွန်းတင်ပေးခဲ့တာ အားလုံးအသိပါ။ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေက သက်သေခံ နေပါတယ်။ ဒီမိုကရေစီရဲ့စံညွန်းကို ကောင်းမွန်စွာ သဘောမပေါက်တဲ့အတွက် ခုလို ခါးသီးတဲ့ အတွေ့အကြုံတွေနဲ့ ရင်ဆိုင်နေရတာ သင်ခန်းစာယူစရာပါ။ နိုင်ငံသားအားလုံးက စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီရဲ့ စံနှုန်းတွေကို ကောင်းစွာနားလည်ထားရင် စိတ်မကောင်းစရာတွေနဲ့ ကြုံတွေ့စရာ မလိုပါဘူး။ ဒီမိုကရေစီရဲ့ စံနှုန်းတွေကို ပြန်ကြည့်ရအောင် DEMOCRACY ဆိုတာ တိုင်းပြည်နိုင်ငံလူထု အကျိုးစီးပွားအတွက် အရည်အချင်းပြည့်ဝတဲ့ ပြည်သူ့ကိုယ်စားလှယ်များပါဝင်ပြီး ပြည်သူ့အစိုးရက အုပ်ချုပ်တာ ဖြစ်တယ်။ ဒီမိုကရေစီဆိုတာ ဂရိဘာသာကနေဆင်းသက်လာတာ မှန်ပါတယ်။ DEMOCRACY ရဲ့စာလုံးတိုင်းမှာ အနှစ်သာရ ပြည့်စုံပြီး ကောင်းမွန်တဲ့ ဝါကျအစုအဖွဲ့တွေရဲ့ ထိပ်ဆုံးစာလုံးတွေကို စုပေါင်းပြီးမှ ဂရိပညာရှင်တွေက ခေါ်ဆိုတာ။ DEMOCRACY ဆိုတာ (Discipline) စည်းကမ်းရှိမှု၊ (Equity) တရားမျှတမှု၊ (Morality) ကိုယ့်ကျင့်သိက္ခာစောင့်ထိန်းမှု၊ (Organization) ညီညွတ်စွာပူးပေါင်းဆောင်ရွက်မှု၊ (Citizen) နိုင်ငံကြီးသားပီသမှု၊ (Religion) မိရိုးဖလာ ဓလေ့ထုံစံ ဘာသာတရား ကိုင်းရှိုင်းလိုက်နာမှု၊ (Ability) မိမိစွမ်းရည် သတ္တိကို ထက်မြက်အောင်ဆောင်ရွက်ပြီး အပြည့်အဝအသုံးချနိူင်မှု၊ (Chief) ထကြွနိူးကြား သနားသည်းခံ ဝေဖန်ထောက်ရှုခြင်း ဂုဏ်အင်္ဂါပြည့်ဝအောင် ကျင့်ဆောင်နိူင်မှု၊ (Youth) အတွေးအခေါ်နဲ့ လုပ်ဆောင်ချက်များ အစဉ်နုပျိုတက်ကြွအောင် နေထိုင်နိူင်မှုတို့ ဖြစ်တယ်။ စတဲ့ဂုဏ်အင်္ဂါ(၉)ချက်ကို နိုင်ငံသားတိုင်းနားလည်သဘောပေါက်ပြီး လိုက်နာနိူင်မှသာ ဒီမိုကရေစီက ရှင်သန်လာပြီး နင်းပြားခံနေရတဲ့ လူမှုဘဝတွေကနေ အမြန်ဆုံးလွတ်မြောက် လာနိူင်မယ်။ ဒီမိုကရေစီ မရင့်ကျက်သေးတဲ့ မြန်မာလူထုကို ဒုက္ခရောက်အောင် ဒီမိုကရေစီ စံနှုန်းချိုးဖေါက်သူတွေက မြန်မာနိုင်ငံမှရှိတာ မဟုတ်ဘူး။ ကမ္ဘာမှာလည်း နိုင်ငံအတော်များများက ပြည်သူတွေရဲ့ ဒီမိုကရေစီလဲ မုဒိမ်းကျင့်ခြင်းခံနေရပါတယ်။ အဆိုးဆုံးက ဒီမိုကရေစီဘိုးအေကြီး အမေရိကန်က ဌာနေတိုင်းရင်းသားတွေကို အသားအရောင်ခွဲခြား နှိမ့်ချခြင်းတွေ လူမဲမုန်းတီးရေးတွေ ယနေ့အထိပြုလုပ်နေတယ်။ ဒါ့အပြင် အာရှသားတချို့ပါ ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်လာတာက ဒီမိုကရေစီစံနှုန်းတွေကို ဗြောင်ချိုးဖေါက်နေတယ်။ အမေရိကန်ရဲ့ ဒီမိုကရေစီက ကျဆုံးခန်း ရောက်နေပြီ ´´ဟု နိုင်ငံရေးသုံးသပ်သူများ ကဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်း ဒီမိုကရေစီစံနှုန်း မလိုက်နာမှုတွေကြောင့် မြန်မာ့ စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်းလောက်အထိ လျော့သွားနိူင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။ ဒီမိုကရေစီ စံနှုန်းချိုးဖေါက်ခြင်း ပြဿနာများကြောင့်၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်ခန့်ဟာ ဆင်းရဲမွဲတေမှု မျဉ်းအောက်ရောက်ခြင်းကို ရင်ဆိုင်ရနိုင်ပြီး ကလေးသူငယ် ၅ သန်းခန့် အပါအဝင် အနည်းဆုံး လူဦးရေ ၁၄ သန်းကျော်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်မှာဖြစ်ပြီး၊ ဒီအထဲကမှ ခြောက်သန်းကျော်အတွက် အရေးပေါ် အကူအညီတွေ လိုအပ်မယ်လို့ ကုလသမဂ္ဂမှ ခန့်မှန်းထားကြသည်။

“မြန်မာနိုင်ငံရဲ့ အခြေအနေကို အနည်းငယ်ပြောရရင် မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ ကုန်းမြေအကြီးဆုံး နိုင်ငံဖြစ်တယ်။ ဒါအပြင် ပင်လယ်ကမ်းရိုးတန်းနဲ့ စိုက်ပျိုးမွေးမြူနိူင်တဲ့ မြေထု၊ရေထု၊ လေထုနဲ့ ကောင်းမွန်တဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားရှိတဲ့အပြင် သဘာဝအရင်းအမြစ်မျိုးစုံနဲ့ မေတ္တာတရားကို အခြေခံပြီး ခံစားသိမြင် နားလည်လွယ်တဲ့ လူသားအရင်းအမြစ်တွေလည်း ရှိတယ်။ ဒါပေမယ့် ယနေ့အချိန်မှာ ကမ္ဘာပေါ်ရှိ နိုင်ငံတွေနဲ့ နိူင်းယှဉ်ကြည့်ရင် ဖွံ့ဖြိုးတိုးတက်မှု ရူ့ထောင့်အရ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ(LDC)နဲ့ လူသားချင်း စာနာထောက်ထားမှု ရူ့ထောင့်အရ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ၊ အိုးအိမ်စွန့်ခွာသွားတဲ့ မိသားစုတွေ၊ လူဦးရေအများအပြား ရှိနေရတဲ့ တိုင်းပြည်နိုင်ငံ ဖြစ်နေတယ်။ အဲ့ဒါက သင်ခန်းစာယူစရာ တခုဖြစ်လာတယ်။ ဒီမိုကရေစီစံနှုန်း ချိုးဖေါက်ခံရမှုတွေကြောင့် လက်ရှိအနေအထားမှာ နေစရာမရှိတဲ့ နိုင်ငံသားတွေရဲ့ အခက်အခဲမျိုးစုံကို ကိုယ်ချင်းစာမိပါတယ်´´ဟု စောင့်ကြည့်လေ့လာသူများက ဆိုသည်။

လက်တလော အခြေအနေကြောင့် ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်မည်ဖြစ်သည်။ အဆိုပါ အကူအညီများကို အချိန်မီ ရောက်ရှိစေရန်နှင့် ဂျပန်အပါအဝင် နိုင်ငံအသီးသီးနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါလ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

“ကျွန်တော့်အနေနဲ့ကတော့ အာဆီယံနိုင်ငံတွေနဲ့ရော မြန်မာနိုင်ငံနဲ့ရော ဂျပန်နိုင်ငံနဲ့ပါ မြန်မာ့အရေး ပိုမိုကောင်းမွန်လာစေဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်နေမှာပါ။ ခက်ခဲတဲ့အခြေအနေတစ်ရပ်ကနေ ကျော်လွန်ပြီး လူတွေ ထပ်ပြီး မသေစေတော့ဖို့နဲ့ ဒုက္ခရောက်နေရတဲ့ ပြည်သူတွေ ထပ်မရှိစေတော့ဖို့ကို ကျွန်တော်တို့ရဲ့အတွေ့အကြုံတွေကနေ တစ်ဆင့် အကောင်းဆုံးပေါင်းစပ်ကိုင်တွယ်ဖြေရှင်းသွားရမှာပါ။

အထူးသဖြင့် မြန်မာ့အရေး ပြဿနာများကို ပြေလည်စေရေး အတွက်သာ ရည်ရွယ်ပြီး ပြဿနာ ပိုမိုကြီးထွားစေရေးကို မလိုလားပါဘူး။ အကူအညီပေးရေး ပစ္စည်းတွေကို လာမည့်၂၀၂၂ ခုနှစ် မတ်လ ဒုတိယပတ်လောက်တော့ ဖြစ်မှာပါ။ မြန်မာပြည်သူများအကြား ရင်ကြားစေ့နိုင်ရေးကို အကောင်းဆုံးလမ်းပြသွားနိုင်ရေး ကိစ္စများကိုသာ ဦးတည်စဉ်းစားပေးနေကြောင်း၊ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ ပရက်ဆိုခွန်း၏ မြန်မာခရီးစဉ်နှင့် ညှိနှိုင်းရေးလုပ်ငန်းစဉ် များကိုလည်း ကြိုဆိုထောက်ခံကြောင်း၊ သက်ဆိုင်ရာ နိုင်ငံများကလည်း ဝိုင်းဝန်းကူညီ ပေးကြစေလိုကြောင်း´´ ဝန်ကြီးချုပ် ဟွန်ဆန်က ဆိုသည်။

တချိန်တည်းတွင် မြန်မာနိုင်ငံရဲ့ နောက်ဆက်တွဲ စီးပွားရေးကျဆင်းမှုဒဏ်နဲ့ ကိုဗစ်ကပ်ဘေးကိုပါ ရင်ဆိုင်နေရတာကြောင့် ပြည်တွင်း စီးပွားရေး၊ လူမှုရေး ထိခိုက်မှုများမှာ ခန့်မှန်းထားသည်ထက် ပိုဆိုးနိုင်ခြေ ရှိလေသည်။

“ကမ္ဘာမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေက သူတို့တိုင်းပြည်နိုင်ငံ ပို၍ဖွံ့ဖြိုးတိုးတက်ပြီး သာယာ ဝပြောရေးအတွက် တိုင်းသူပြည်သားများ ကိုယ်ကျန်းမာစိတ်ချမ်းသာစွာ အသက်ရှင်ရပ်တည်စေနိူင်ပြီး အရည်အချင်း စွမ်းအားရှိသမျှ လွတ်လပ်စွာ ဆောင်ရွက်နိုင်စေရေး အတွက် အချိန်ကာလအလိုက်၊ အဆင့်အလိုက် ဖြစ်ထွန်းပေါ်ပေါက်လျက်ရှိပြီး ပထမ၊ဒုတိယ၊ တတိယ၊ စတုတ္တ စက်မှုတော်လှန်ရေးကြီးတွေကို အမြင့်မားဆုံးအဆင့်အထိ(စက်မှုတော်ရေး ဆိုသည်မှာ နောက်ဆုံးပေါ် နည်းပညာရပ်များကို ကျွမ်းကျင်စွာထုတ်လုပ် တပ်ဆင်နိူင်ရေးအတွက် အသုံးပြုခွင့်ရရေးပင် ဖြစ်သည်) အမီလိုက်နိုင်ရန် ကြိုးစားအားထုတ်နေကြတယ်။ မြန်မာနိုင်ငံမှာ တွေ့မြင်နေရသည့် အခြေအနေ အကြောင်းအရာတွေက ကိုဗစ်ကာလအတွင်း ဘယ်အဆင့်ကို ရည်ရွယ်ပြီး ဦးတည်ချက်ထားမှာလဲ။ ဘယ်အဆင့် ရောက်နေသလဲဆိုတာ လူတိုင်းနားလည်သင့်ပြီ´´ဟု လုပ်ငန်းရှင်များက ဆိုသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် တောင်အာဖရိကနဲ့ ဘော့ဆွာနာ နိုင်ငံတွေမှာ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် (Omicron) ဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့သည်။ နိုဝင်ဘာ ၃၀ တွင် ပြည်ပ ခရီးသွားများမှတဆင့် အိုမီခရွန် ပြန့်နှံ့ရောက်ရှိသွားတဲ့ နိုင်ငံ ၁၉ နိုင်ငံထက်မနည်း ရှိလာပြီး အချိန်တို အတွင်းမှာပဲ ဩစတြေးလျ၊ ဩစတြီးယား၊ ဗြိတိန်၊ ကနေဒါ၊ ချက်၊ ဒိန်းမတ်၊ ဂျာမနီ၊ အစ္စရေး၊ အီတလီ၊ နယ်သာလန်၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ ဟောင်ကောင်၊ ဂျပန်၊ ဘရာဇီးနဲ့ ဆွစ်ဇာလန် နိုင်ငံတွေဆီ ရောက်သွားပြီး ကမ္ဘာအနှံ့ပြန်သွားခဲ့သည်။

“မျိုးကွဲသစ် အိုမီခရွန်က အန္တရာယ်ကြီးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဆိုတယ်။ တချိန်တည်းမှာပဲ ကူးစက်မှုနှုန်းမြန်မယ့် အခြေအနေရှိနိုင်တာကြောင့် မြန်မာအပါအဝင် နိုင်ငံပေါင်းများစွာက ကိုယ့်နည်းလမ်းနဲ့ကိုယ် ကာကွယ်တားဆီးမှုတွေ ပြုလုပ်ခဲ့ကြတယ်။ ခရီးသွားလုပ်ငန်းတွေ ပြန်စပြီး စီးပွားရေး နာလံထဖို့ အားယူနေတဲ့ အာရှနိုင်ငံတွေလည်း အိုမီခရွန် ပြန့်နှံ့လာမှုက ထိုးနှက်ချက် ပြန်ဖြစ်လာတယ်။

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်ပြီး ကိုဗစ်စတုတ္ထလှိုင်း ကူးစက်မှုများ ပြန်လည်မြင့်တက်လာပြီးနောက် နှစ်ပတ်အတွင်း ရောဂါပိုးတွေ့ရှိသူ သုံးသောင်းအထိရှိလာတယ်။ စုစုပေါင်း လူဦးရေရဲ့ ထက်ဝက်ခန့်သာ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီးချိန်တွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ယန္တရားကလည်း အပြည့်အ၀ ပြန်လည်လည်ပတ်နိုင်စွမ်း မရှိသေးတာကြောင့် အိုမီခရွန်ဟာ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသားအပြင် တတိယအကြိမ် (Booster) ထိုးနှံပြီးသားလူတွေကိုပါ ကူးစက်နိုင်တာကြောင့် အခုကူးစက်နှုန်းအတိုင်းသာ ဆက်လက် ပြန့်ပွားသွားမယ်ဆိုရင် ကူးစက်မှု တရှိန်ထိုး မြင့်လာနိုင်တယ်။ ဒါကြောင့် ကိုဗစ်ကူးစက်မှု အခြေအနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး တဦးချင်းကစလို့ ထိရောက်တဲ့ ကာကွယ်တားဆီးမှု လုပ်နိုင်ရေးအတွက် လူတိုင်းက လိုက်နာရန် အဓိက လိုအပ်တယ်´´ လို့ အရေးပေါ်ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး အဖွဲ့မှ လေ့လာသုံးသပ်သူများက ဆိုသည်။

သက်ရှိလောကကြီးတွင် လူသည်ဉာဏ်ရည် အမြင့်မားဆုံးဖြစ်သည်။ တိုင်းပြည်နိုင်ငံနှင့် ပြည်သူလူထု အတွက် ကောင်းကျိုးများ ဖြစ်ထွန်း ပေါ်ပေါက်လာစေရန် ဆောင်ကျဉ်းပေးနိုင်သလို ဆိုးကျိုးများ ဖြစ်လာစေရန်လည်း လုပ်ဆောင်နိုင်သည့် သတ္တဝါအမျိုးအစားပင် ဖြစ်လေသည်။ ၁၉၄၈ ခုနှစ်တွင် ကိုလိုနီ နယ်ချဲ့လက်အောက်မှ အချုပ်အခြာ အာဏာပိုင် သီးခြား နိုင်ငံအဖြစ် လွတ်လပ်ရေး ရရှိခဲ့သော်လည်း ပြည်တွင်း ပြဿနာများကြောင့် ငြိမ်းချမ်းရေး၏ အနှစ်သာရ အပြည့်အဝကို ပြည်သူအားလုံး ကောင်းစွာ မခံစားရပေ။ တိုင်းပြည်နိုင်ငံနှင့် ပြည်သူလူထုအကျိုး ကိုယ်ခံစွမ်းအားကို မမြှင့်တင်ပဲ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော Eaos များသည် ပလေရာအသစ်များကို မွေးထုတ်ကာ ရရှိထားသည့် လွတ်လပ်ရေးနှင့် အတူ နှစ်ပေါင်းများစွာ တော်လှန်ရေး အောင်ပွဲများ ဂုဏ်ယူကာ အပြိုင်ကျင်းပခဲ့ကြသည်။ နိုင်ငံသားများဘက်မှကြည့်လျှင် စိတ်မချမ်းမြေ့ဖွယ်ရာများပင် ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် တိုင်းပြည်နိုင်ငံနှင့် ပြည်သူလူထုအကျိုး ကိုယ်ခံစွမ်းအား ကောင်းလာအောင် မမြှင့်တင်ပဲ မိမိအကျိုးစီးပွားကိုသာ ခေတ်အဆက်ဆက် မြှင့်တင်နေကြသောကြောင့်ပင် ဖြစ်လေသည်။ အောင်ပွဲများကြားတွင် တိုင်းရင်းသားပြည်သူလူထုမှာ မြေဇာပင် ဖြစ်ခဲ့ရလေသည်။ (သာဓက)အနေဖြင့် ၂၀၀၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် နာဂစ်မုန်တိုင်း၊ ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီးခြင်း၊ ၂၀၁၉ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါနှင့် ၂၀၂၁/၂၂ ခုနှစ်တွင် ပြည်တွင်း ပြဿနာများနှင့် နိုင်ငံရေးပယောဂများ အပါအဝင် အကြောင်း အမျိုးမျိုးကြောင့် ပြည်သူလူထုတချို့၏ အသက်အိုးအိမ်စည်စိမ်းအများစုမှာ မရှုံးဆုံးသင့်ပဲ ဆုံးရှုံးခဲ့ကြသည်မှာ အားလုံး အသိပင်ဖြစ်ပေသည်။ တိုင်းပြည်နိုင်ငံ ငြိမ်းချမ်းရေး အပြည့်အဝ မရရှိနိုင်သေးသည့် နိုင်ငံများအတွက်မူ တိုင်းပြည် နိုင်ငံ၏ ကိုယ်ခံစွမ်းအားကို မြင့်မားတိုးတက်စေမည့် အရေးအကြီးဆုံးအချက် တစ်ချက်မှာ ငြိမ်းချမ်းရေး ရရှိရန်ပင် ဖြစ်တော့ည်။

အဘယ်ကြောင့်ဆိုသော် ယနေ့ကမ္ဘာကြီးတွင် ကျဆုံး တိုင်းပြည် နိုင်ငံများ၏ (Failing States) သွင်ပြင်လက္ခဏာရပ်များကို ၁၃၅ မျိုးသော တိုင်းရင်းသားလူထုမှ တွေ့မြင်လာသောကြောင့် ဖြစ်သည်။ ကျဆုံး တိုင်းပြည် နိုင်ငံဆိုသည်မှာ တိုင်းပြည် နိုင်ငံ၏ လုပ်ငန်းရပ်များကို အကျိုးရှိရှိထိရောက်စွာ မဆောင်ရွက်နိုင်ခြင်း (State Ineffectiveness) ပင် ဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်သည့်အချုပ်အခြားအာဏာပိုင် နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ထည်ဝါစွာရပ်တည်လာသည်မှာ ၂၀၄၈ ခုနှစ်တွင် နှစ်ပေါင်း (၁၀၀) ပြည့်တော့မည်။ နောက်ထပ် ၂၆ နှစ်သာ လိုတော့သည်။ အရပ်ထဲတွင် ကြားသည့်စကားဖြင့် ဆိုရလျှင် ငါ့အဖိုးလည်း ဒီလိုပြောပြီးသေသွားတာ။ ငါ့အဖေလည်းဒီလိုပဲ ငါတို့လက်ထက်မှာရော ဒီအတိုင်းပဲလား၊ လွတ်လပ်ရေးကို ဘယ်လိုကာကွယ် ထိန်းသိမ်းကြမလဲ၊ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးက ဘယ်နေ့ရမလဲ၊ ဖက်ဒရယ်ပြည်ထောင်စုက ဘယ်နေ့ ဖြစ်လာမလဲ၊ လက်ရှိဘဝတွေ ဘယ်နေ့ အဆင်ပြေ ကောင်းမွန်လာမလဲ၊ အနာဂတ်တိုင်းပြည်နိုင်ငံ မျိုးသက်သစ် လူငယ်တွေရဲ့ဘဝ မေးခွန်းတို့၏ အဖြေများကို ယနေ့ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးက စောင့်မျှော်နေ ကြသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း (The Former Secretary General) ဘူထရော့(စ်) ဘူထရော့(စ်) ဂါလီ (Boutros Boutros Ghali) က “A feature of such conflicts is the collapse of state institutions, especially the police and judiciary, with resulting paralysis of governance, a breakdown of law and order, and general banditry and chaos. Not only are the functions of government suspended, but its assets are destroyed or looted and experienced officials are killed or flee the country. This is rarely the case in inter-state wars. ……” အဓိပ္ပာယ်မှာ ကျဆုံး တိုင်းပြည်နိုင်ငံများတွင် တွေ့ရှိရသည့် သွင်ပြင်လက္ခဏာ တစ်ရပ်မှာ တိုင်းပြည် နိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် ပဋိပက္ခများကြောင့် တိုင်းပြည် နိုင်ငံ၏ အင်စတီကျူးရှင်းများ ပြိုလဲပျက်စီးခြင်း ပင်ဖြစ်သည်။ အထူးသဖြင့် ရဲတပ်ဖွဲ့နှင့် တရားရေးဆိုင်ရာဌာနများ ပြိုကွဲပျက်စီးစေပြီးလျင် အုပ်ချုပ်သူ အစိုးရ၏ စွမ်းဆောင်ရည်နဲ့ လုပ်ငန်းများ တုံ့ဆိုင်း ရပ်ဆိုင်းသွားစေပြီး၊ ငြိမ်ဝပ် ပိပြားရေး လုပ်ငန်းများ မဆောင်ရွက်နိုင်ဘဲ လုံခြုံရေး ကျိုးပေါက်သွားသဖြင့် ခိုးဆိုး လုယက် ဓားမြတိုက်ခြင်းကဲ့သို့သော ပရမ်းပတာများ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေဖြစ်ပြီး အုပ်ချုပ်သူ အစိုးရ၏ လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်းသာမက တန်ဖိုးရှိသော လူသားများ အသတ်ခံရခြင်း၊ ပစ္စည်းဥစ္စာများ လုယက်ဖျက်ဆီးခံရခြင်းများလည်း ဖြစ်ပေါ်စေသည့်အပြင် တိုင်းပြည် နိုင်ငံအတွက် တန်ဖိုး မဖြတ်နိုင်သော အတွေ့အကြုံ အသိပညာ မြင့်မားရင့်ကျက်သည့် အရာရှိကြီးများလည်း အသတ်ခံရခြင်း သို့မဟုတ် တိုင်းပြည် နိုင်ငံမှ ထွက်ပြေးရခြင်းများ ဖြစ်ပေါ်စေသည်။ ယခုကဲ့သို့သော အခြေအနေများမှာ ပြည်တွင်းစစ်များအတွင်းမှာပင် ဖြစ်တောင့် ဖြစ်ခဲ ကိစ္စရပ် အမျိုးအစားများ ဖြစ်ပါသည်။” ဟု ဆိုလေသည်။

“ကျဆုံး တိုင်းပြည် နိုင်ငံတွေမှာ တွေ့ရှိရတဲ့ သွင်ပြင်လက္ခဏာတွေရဲ့ အခြေခံအကြောင်း ရင်းတွေကို နိုင်ငံရေး ဘောဂဗေဒ ရှုထောင့်အရ ကြည့်ရင် စီးပွားရေး အရွယ်အစား ပမာဏ သေးငယ်ခြင်း (Small Economic Size)၊ တိုင်းရင်းသား လူမျိုးနွယ်စုများ ကွဲပြားခြားနားနေမှု များပြားခြင်း (Ethnically Diverse) နဲ့ သဘာဝသယံဇာတ ပေါများကြွယ်ဝခြင်း (Resource-Rich) တို့ ဖြစ်တယ်။ (ကျန်ရှိသော အကြောင်းအရာများကို နောက်ဆောင်းပါးတွင် ဖေါ်ပြမည်) တရားမျှတမှုသည် အုပ်ချုပ်ရေးပိုင်းသာမက အခြားနယ်ပယ် တွေမှာလည်း အလွန် အရေးကြီးပါတယ်။ နိုင်ငံတော်သီချင်းမှာ “များလူခပ်သိမ်း-ငြိမ်းချမ်းစေဖို့-” ဆိုတဲ့စကားရပ်ကို တွေ့မြင်ရတယ်။ “ငြိမ်းချမ်းစေရန်” ဆိုတဲ့ အဓိပ္ပာယ်ဆောင်ပါတယ်။ အဓိပ္ပာယ် အပြည့်အစုံကို နိုင်ငံတော်သီချင်းမှာ ပါဝင်တဲ့ စာသားတွေကို ဆက်စပ်ကြည့်ရင် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်တူအခွင့်အရေး ညီမျှခြင်းတွေကို လက်တွေ့လုပ်ဆောင်နိုင်ရင် ပြည်ထောင်စု ငြိမ်းချမ်းရေး ရရှိပြီး တိုင်းပြည်နိုင်ငံလူထုကို မျက်နှာမူတဲ့ အစိုးရသစ်တရပ် ပေါ်ပေါက်လာဖို့ အချိန်တန်ပြီး´´ဟု နိုင်ငံ့အရေး စောင့်ကြည့်လေ့လာနေသူများက ဆိုသည်။

ကမ္ဘာ့ပထဝီ နိုင်ငံရေးအရ လက်ရှိမြန်မာ့ အနေအထားကို နိုင်ငံအတွင်း ဒေသအသီးသီးတွင် နေထိုင်ကြသည့် ရဟန်း ရှင်လူ ပြည်သူအပေါင်း သိမြင်ပြီးဖြစ်ပေသည်။ ရရှိပြီးသော လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်းရန်နှင့် ကျဆုံးတိုင်းပြည်နိုင်ငံများ၏ (Failing States)သွင်ပြင်လက္ခဏာရပ်များမှ လွတ်မြောက်စေရန် မြန်မာတိုင်းရင်းသားအားလုံးတွင် တာဝန်ရှိသလို စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးသည့် တိုင်းပြည်နိုင်ငံတော်ကြီး ဖြစ်လာစေရန်အတွက် ငြိမ်းချမ်းရေးသည် အထူး လိုအပ်လှပေသည်။ လှောင်ထားသော ကျေးငှက်တို့သည်၊ ပခြုပ်အတွင်းရှိမြွေတို့သည်၊ အကျဉ်းခံနေရသော အကျဉ်းသမားသည် လွတ်လပ်လိုကြသည်မှာ ဓမ္မတာပင် ဖြစ်ပေသည်။ လွှတ်ပေးသော်လည်း သူတို့၏ အမူအကျင့် မတတ်လျှင် တဖန်ပြန်၍ လွတ်လပ်ရေး ဆုံးရှုံးရပေလိမ့်မည်။ ထို့ကြောင့် လွတ်လပ်ခြင်းဟူသော အရသာကို ကောင်းစွာ အသုံးမပြုတတ်လျှင်၊ လွတ်လပ်သော တိုင်းကြီးပြည်ကြီးတို့၏ နိုင်ငံကြီးသား အမူအကျင့်တို့ မကျင့်နိူင်လျှင် ရရှိပြီးသော လွတ်လပ်ရေးသည် တဖန် ပြန်၍ဆုံးရှုံးခံရနိုင်ဖွယ် ရှိသည်ကို အထူးသတိပြုသင့်ပေသည်။ ။

ကိုးကား – ပြည်တွင်း/ပြည်ပသတင်းများ

(ဆောင်းပါးရှင်၏ အာဘော်သာဖြစ်သည်)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။