Trending Now

မတ်လအတွင်း ငွေကျပ် ၂၀၀၀၀ တန်များ ထွက်ရှိမည်ဆိုခြင်းမှာ သတင်းမှားသာဖြစ်

Spread the love

မတ်လအတွင်း ငွေကျပ် ၂၀၀၀၀ တန်များ ထွက်ရှိမည်ဆိုခြင်းမှာ သတင်းမှားသာဖြစ်

EPN
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇ (၂၀၂၄)

လူမှုကွန်ယက် စာမျက်နှာများ၌ ရေးသားဖော်ပြလျက်ရှိသည့် မတ်လအတွင်း ငွေကျပ် ၂၀၀၀၀ တန်များ ထွက်ရှိမည်ဆိုခြင်းမှာ သတင်းမှားသာဖြစ်သည်ဟု ဗဟိုဘဏ်မှ ယမန်နေ့ ဖေဖော်ဝါရီ ၂၆ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။

မတ်လအတွင်း ငွေကျပ် ၂၀၀၀၀ တန်များ ထွက်ရှိမည်ဟု ရေးသားဖော်ပြနေမှုကြောင့် ကားများ၊ ဒေါ်လာများ ဝယ်ယူစုဆောင်းနေသဖြင့် ကားဈေးများနှင့် ဒေါ်လာဈေးများ အလွန်မြင့်တက်နေသည်ဟုလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ဗဟိုဘဏ်မှ ငွေကျပ် ၂၀၀၀၀ တန်အား ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်မှစ၍ အထိမ်းအမှတ်အနေဖြင့် ရည်ရွယ်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဟောင်းနွမ်းငွေစက္ကူများဖြင့် ငွေကျပ် ၂၀၀၀၀ တန်အား အ ကန့်အသတ်ဖြင့်သာ လဲလှယ်ပေးလျက်ရှိသည်။

အဆိုပါ ရေးသားဖော်ပြလျက်ရှိသည့် သတင်းများသည် ငွေကြေးဈေးကွက် ကမောက်ကမ ဖြစ်စေရန်၊ ပြည်သူများအထိတ်တလန့် ဖြစ်စေရန် ဝိသမလောဘသမားများက ဆောင်ရွက်နေခြင်းသာဖြစ်သည်ဟု ဗဟိုဘဏ်က အသိပေးထုတ်ပြန်ခဲ့သည်။

၎င်းအပြင် ပြည်တွင်း၌ နေထိုင်သူများအနေဖြင့် နိုင်ငံခြားသုံးငွေ ကိုင်ဆောင်ခွင့်နှင့် ပတ်သက်၍ ဗဟိုဘဏ်မှ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၁၀)နှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းအ ပိုဒ် (၁၅)တို့အရ တရားဝင်နည်းလမ်းမှရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ အထိ(သို့) ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေကို (၆)လအတွင်း ကိုင်ဆောင်ခွင့်ရှိသည်ကို တိကျစွာလိုက်နာဆောင်ရွက်ရမည်ဟု အသိပေးခဲ့သည်။

အလားတူ ဥပဒေနှင့် ကိုက်ညီမှုမရှိပဲ နိုင်ငံခြားငွေများအား ကိုင်ဆောင်ဈေးကစားနေသူများကို ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကာ လက်ရှိတွင်လည်း အရေးယူလျက်ရှိသည်ဟု ဗဟိုဘဏ်က အသိပေးထုတ်ပြန်ခဲ့သည်။

ငွေကျပ် ၂၀၀၀၀ တန်များ ထွက်ရှိမည်ဟု သတင်းမှားများ ထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ငွေကျပ် ၂၀၀၀၀ တန်ဟာ အထိမ်းအမှတ်အနေဖြင့် ထုတ်သောငွေစက္ကူဖြစ်ကာ ဟောင်းနွမ်းငွေစက္ကူများဖြင့်သာ အကန့်အသတ်နှင့် လဲလှယ်ပေးခြင်းဖြစ်ပြီး၊ ထွက်ပေါ်နေသည့်သတင်းများမှာ ငွေရေးကြေးရေးဈေးကွက် မတည်မငြိမ် ဖြစ်စေရန်၊ ဘဏ်များ မတည်မငြိမ် ဖြစ်စေရန် ရည်ရွယ်ထုတ်လွှင့်သည့် သတင်းမှားများသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။