Trending Now

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် ဆိုင်ကယ်နှင့်ကား တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်ပါ အမျိုးသားတစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိ

Spread the love

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် ဆိုင်ကယ်နှင့်ကား တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်ပါ အမျိုးသားတစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိ

EPN
မြစ်ကြီးနား၊ ဩဂုတ် ၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်တွင် ယနေ့ (ဩဂုတ်လ ၂ ရက်နေ့)၊ နံနက် ၉ နာရီခွဲ အချိန်ခန့်က ဆိုင်ကယ်နှင့်ကား တိုက်မှုဖြစ်ပွားကာ ဆိုင်ကယ်ပေါ်ပါ အမျိုးသားတစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

တပ်ကုန်းရပ်ကွက်၊ စံပြလမ်းထိပ်တွင် အိမ်စီးကားတစ်စီးမှ တစ်ဖက်လမ်းသို့ ဖြတ်ကူးရာ လမ်းကြောင်းအတိုင်း မောင်းနှင်လာသည် ဆိုင်ကယ်ဖြင့် တိုက်မိခဲ့ကြောင်း အနီးအနားရှိ ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

” မိုးအရမ်းရွာတော့ ဆိုင်ကယ်လဲ အရှိန်ပါတယ်။ ကားက တစ်ဖက်လမ်းကို ဖြတ်ကွေ့တော့ ဆိုင်ကယ်ကမထိန်းနိုင်ပဲ တိုက်မိသွားတာ။ ဆိုင်ကယ်ပေါ်က လင်မယားနှစ်ယောက်လုံး ဒဏ်ရာတွေရသွားတာ။ အမျိုးသားကတော့ သတိမေ့နေတာကို တွေ့ခဲ့ရတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ ဆိုင်ကယ်ပေါ်ပါ လင်မယားနှစ်ဦးကို မြစ်ကြီးနားမြို့ ကုတင်၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ပို့ဆောင်ထားကြောင်း၊ လက်ရှိတွင် အမျိုးသားဖြစ်သူမှာ သတိပြန်လည် ရရှိနေပြီဖြစ်ကာ မေးစေ့ကွဲဒဏ်ရာ ပွန်းပဲ့ဒဏ်ရာများ ရရှိထားကြောင်း၊ အမျိုးသမီးဖြစ်သူမှာ လက်၊ ခြေထောက် ပွန်းပဲ့ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း ယာဥ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလျက်ရှိကာ ယမန်နေ့ ဩဂုတ်လ ၁ ရက်နေ့၊ ည ၇ နာရီခန့်ကလည်း အောင်နန်းရပ်ကွက်အတွင်း ဆိုင်ကယ်နှစ်စီးတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပန်ပန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။