Trending Now

“ကျောင်းသားနှင့် နိုင်ငံရေး”

Spread the love

ကျောင်းသားနှင့် နိုင်ငံရေး
ကျောင်းသားတွေ နိုင်ငံရေးလုပ်တာဗိုလ်ချုပ်အောင်ဆန်းခေတ်ကတည်းကဆိုတဲ့စကားကို လူပြောသူပြောများကြပါတယ်။
လက်ရှိမျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်တွေကပြောကြသလို ၇၄၊ ၇၅၊ ၇၆ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင်တွေနဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကလည်း ပြောခဲ့ဖူးပါတယ်။ ကျောင်းသားတွေကိုအသုံးချလေ့ရှိတဲ့ နိုင်ငံရေးသမားတွေကတော့ သူတို့အလိုရှိတဲ့အချိန်မှာ အဲ့ဒီစကားကို ပြောပြီး အလိုမရှိတဲ့အချိန်မှာ ရေငုံနှုတ်ပိတ်ပြီး တေမိထုံးကိုနှလုံးမူကြပါတယ်။
သမိုင်းမှာ မှတ်ကျောက်အတင်ခံရတဲ့ နိုင်ငံရေးအချိုးအကွေ့တွေနဲ့ အပြောင်းအလဲတွေတိုင်းမှာ ကျောင်းသားတွေပါဝင်ပတ်သက်ခဲ့တာကတော့ ငြင်းမရတဲ့အမှန်တရားတစ်ခုဖြစ်ပါတယ်။ လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ ကျောင်းသားတွေပါဝင်သင့်သလား၊ မသင့်ဘူးလားဆိုတာကို ယခုဆောင်းပါးမှာ ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။
အဲ့ဒီလို မတင်ပြခင်ကျောင်းသားတွေ နိုင်ငံရေးနယ်ပယ်ထဲကို စတင်ခြေချ ဝင်ရောက်လာပုံ အကြောင်းကို ဦးစွာပထမတင်ပြ လိုပါတယ်။

သီပေါမင်းနဲ့ စုဖုရားလတ်တို့ ပါတော်မူပြီး နောက်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ ရှေးဦးပိုင်း မျိုးချစ်တော်လှန်ရေးတွေဟာ အင်္ဂလိပ်တို့ရဲ့ ရက်ရက်စက်စက်နှိမ်နင်းခြင်းကြောင့် ခေတ္တခဏ ငြိမ်သက်သွားခဲ့ရပါတယ်။ အားမတန်လို့ မာန်လျှော့လိုက်ရပေမယ့် ကိုယ့်ရေကိုယ့်မြေကို မတရားကျူးကျော် သိမ်းပိုက်ထားတဲ့အင်္ဂလိပ်တွေကို ပြန်လည်တော်လှန်တိုက်ခိုက်လိုစိတ်ကတော့ တစ်မျိုးသားလုံးရဲ့ ရင်ထဲမှာ ငြိမ်သက်မသွားဘဲ အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဆင်းနေခဲ့ပါတယ်။
၁၉၀၆ခုနှစ်မှာ ဝိုင်အမ်ဘီအေအသင်းကြီး ပေါ်ပေါက်လာမှုနဲ့ အတူငုပ်လျှိုးနေတဲ့ မြန်မာတို့ရဲ့ အမျိုးသားရေး စိတ်ဓါတ်တွေ တဖန်ပြန်လည်နိုးကြားလာခဲ့ရပါတယ်။ အင်္ဂလိပ်ကိုတော်လှန်ဖို့အတွက် အခွင့်အကောင်းအခါကောင်းကို ကျားချောင်းချောင်း နေခဲ့ပါတယ်။
အင်္ဂလိပ်ကလည်း မြန်မာနိုင်ငံကို အချိန်ကြာမြင့်စွာ ဆက်လက် ကျွန်ပြု အုပ်ချုပ်နိုင်ဖို့အတွက် ကျွန်သက် ရှည်စေမဲ့ကျွန်ပညာရေးစနစ်ကိုပုံဖော်အသက်သွင်းခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကာလကတ္တား တက္ကသိုလ်ရဲ့လက်အောက်ခံဖြစ်တဲ့ ရန်ကုန်ကောလိပ်နဲ့ယုဒသန်ကောလိပ်တို့ကိုပူးပေါင်းပြီး ရန်ကုန် တက္ကသိုလ်ကို ၁၉၂၀ပြည့်နှစ်မှာ ထူထောင်ခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်ကိုစီမံခန့်ခွဲအုပ်ချုပ်ဖို့အတွက် ၁၉၂၀ပြည့်နှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို အင်္ဂလိပ်အစိုးရက ပြဌာန်းခဲ့ပါတယ်။ အဆိုပါ ဥပဒေကို ပြည်သူလူထုက ဝေဖန်နိုင်ရန်အတွက် အင်္ဂလိပ် အစိုးရက ၁၉၂၀ ပြည့်နှစ်မှာပဲ တိုင်းပြည်သို့ ကြေညာပေးခဲ့ပါတယ်။
အင်္ဂလိပ်တို့ ရေးဆွဲပြဌာန်းလိုက်သော ရန်ကုန်တက္ကသိုလ် အက်ဥပဒေတွင် ပညာရေးကို ကန့်သတ် ချုပ်ချယ်ထားသော အချက်ပေါင်းများစွာကို ထည့်သွင်းရေးဆွဲသားသည့်အတွက် တစ်တိုင်းပြည်လုံးက အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။ ပြည်သူတွေရဲ့ ကန့်ကွက်မှုကို လျစ်လျူရှုပြီး မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်က ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ၁၉၂၀ပြည့်နှစ် ဒီဇင်ဘာလ ရက်နေ့မှာ အတည်ပြုပြဌာန်း လိုက်ပါတယ်။
ရန်ကုန်တက္ကသိုလ် အက်ဥပဒေသည် မြန်မမာတစ်မျိုးသားလုံးအား နှောင်ကြိုးဖြင့် အစဉ်ချုပ်နှောင်ထားရန် ရည်ရွယ်ပြီး ပညာရေးစနစ်ကို ပျက်စီးစေသည်သာမကဘဲ အမျိုးသားရေး ဂုဏ်သိက္ခာနှင့် မြန်မာလူမျိုးတို့၏ အဆင့်အတန်းကိုယုတ်လျော့စေသည်ဟု ခံယူသောကြောင့် ရန်ကုန် ကောလိပ်ကျောင်းသားတွေက သပိတ်မှောက်ရာမှ ၁၉၂၀ပြည့်နှစ် ဒီဇင်ဘာလ၅ရက်နေ့တွင် ပထမ ကျောင်းသား သပိတ် ပေါ်ပေါက်ခဲ့ပါတယ်။
ပထမကျောင်းသားသပိတ်ကြီးဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့ကြီးများသို့ လျင်မြန်စွာ ကူးစက်ပျံ့နှံ့သွားခဲ့ပါတယ်။ ပထမကျောင်းသား သပိတ်ဟာတစ်မျိုးသားလုံးရဲ့ အရေးတော်ပုံကြီး အဖြစ်သို့ အသွင်ပြောင်းလဲသွားခဲ့ပြီး နောက်ဆုံးမှာ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုဆီသို့  ဦးတည် သွားပါတယ်။
၁၉၂၀ပြည့်နှစ်တွင် ပေါ်ပေါက်ခဲ့တဲ့ ပထမကျောင်းသားသပိတ်ဟာမတရားဖိနှိပ်ကျွန်ပြုခံနေရသော မြန်မာအမျိုးသားတစ်ရပ်လုံးအား သူ့ကျွန်ဘဝတွင် နေရသည်ထက် သေသော်မှတည့် သြော်ကောင်း၏ ဟူသော အမျိုးသားရေးစိတ်ဓါတ်များ အမျိုးသားရေးအားမာန်များကို ပြန်လည်နိုးကြားလာခဲ့သောကြောင့် ပထမကျောင်းသားသပိတ်စတင်ခဲ့တဲ့ တန်ဆောင်မုန်းလပြည့်ကျော်၁၀ရက်နေ့ကို အမျိုးသားနေ့အဖြစ် ၁၉၂၂ခုနှစ် ဇွန်လ၁၇ရက်နေ့က ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ ဂျီစီဘီအေအသင်းချုပ်ကြီးရဲ့ အထွေထွေ ညီလာခံက သတ်မှတ်ဂုဏ်ပြုခဲ့ပါတယ်။ ပထမကျောင်းသားသပိတ်ဟာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းရဲ့နိဒါန်းအစပဲဖြစ်ပါတယ်။
ပထမကျောင်းသားသပိတ်ရဲ့ကျေးဇူးကြောင့် အမျိုးသားကျောင်းနဲ့ အမျိုးသားကောလိပ်တွေ နိုင်ငံအနှံ့မှာလျင်မြန်စွာပေါ်ပေါက်လာခဲ့ပါတယ်။ အိန္ဒိယဘုရင်ခံချုပ်က ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ပြင်ဆင်ပေးခဲ့ရပါတယ်။ ၁၉၂၆ခုနှစ်မှာ မြန်မာပြည်ဘုရင်ခံ စာဟာကုတ်ဘတ္တလာရဲ့ သဘောတူညီချက်နဲ့ ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းခွင့်ရပြီး  ၁၉၂၇ခုနှစ် ဒီဇင်ဘာလ၅ရက်နေ့မှာ တက္ကသိုလ်ကျောင်းသား သမဂ္ဂအဆောက်အအုံကို ဘုရင်ခံကိုယ်တိုင်အုတ်မြစ်ချပေးခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂသည် စတင်ဖွဲ့စည်းစဉ်က ပျော်ပွဲရွှင်ပွဲ၊ စကားရည်လုပွဲနှင့် အားကစားပွဲများ ပြုလုပ်ရန်လောက်သာ ရည်ရွယ်ခဲ့သော်လည်းနောက်ပိုင်းတွင် ဗြိတိသျှအာဏာပိုင်တို့အား အံတုတော်လှန်သူများ စုဝေးရာအဖွဲ့ကြီးဖြစ်လာခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌဖြစ်ခဲ့ဖူးတဲ့ ကိုအောင်ဆန်းနဲ့ ကိုနုဟာ နောင်အခါတိုင်းပြည်မှာ နံပါတ်တစ်ခေါင်းဆောင်ကြီးတွေ ဖြစ်လာခဲ့ကြပါတယ်။
၁၉၃၆ခုနှစ် ဇန်နဝါရီလထုတ် အိုးဝေမဂ္ဂဇင်း အတွဲ() အမှတ်()မှာ ယမမင်းကလောင် အမည်ဖြင့် တက္ကသိုလ်အာဏာပိုင်တို့၏ ဖိနှိပ်မှုကို ဖော်ထုတ်ရေးသားထားသောငရဲခွေးကြီးလွတ်နေသည်ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ပါလာခဲ့ပါတယ်။ ကျောင်းအုပ်ကြီးက တက္ကသိုလ်အာဏာပိုင်တို့အား ပုတ်ခတ် ရေးသားသော အဆိုပါဆောင်းပါးရှင်ကို ဖော်ထုတ်ပေးရန် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်းကို တောင်းဆိုခဲ့ပါတယ်။
ကိုအောင်ဆန်းက ကျောင်းအုပ်ကြီးရဲ့ တောင်းဆိုမှုကို ငြင်းဆန်တဲ့အတွက် ကျောင်းထုတ် ခံရပါတယ်။ တက္ကသိုလ်အာဏာပိုင် တွေကို မထီမဲ့မြင်ပြုတဲ့ ကိုနုလည်း ထပ်မံကျောင်းထုတ်ခံရပါတယ်။ ကျောင်းသားသမဂခေါင်းဆောင်တွေဖြစ်တဲ့ ကိုအောင်ဆန်းနဲ့ကိုနုတို့ ကျောင်းထုတ်ခံလိုက်ရတာကို ကျောင်းသားထုကြီးတစ်ရပ်လုံးက မခံမရပ်နိုင်ဖြစ်ပြီး အကြီးအကျယ် ပေါက်ကွဲရာကနေ ၁၉၃၆ခုနှစ်မှာ ဒုတိယကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာခဲ့ရပြီး အင်္ဂလိပ်အစိုးရဟာ နိုင်ငံရေးအရ အထိနာခဲ့ရပြန် ပါတယ်။
မတရားဖိနှိပ် အုပ်ချုပ်တဲ့ ကိုလိုနီအင်္ဂလိပ်အစိုးရနဲ့ ကျွန်သက်ရှည်စေမဲ့ ကျွန်ပညာရေးစနစ်တို့ကို ဆန့်ကျင်တော်လှန်ဖို့အတွက် တက္ကသိုလ်ကျောင်းသားတွေ နိုင်ငံရေးနယ်ပယ်ထဲသို့ ခြေချဝင်ရောက် ခဲ့တာကို ပထမကျောင်းသားသပိတ်နဲ့ ဒုတိယကျောင်းသား သပိတ်ဖြစ်စဉ်တွေက သက်သေခံနေပါတယ်။ ကိုလိုနီခေတ် တက္ကသိုလ်ကျောင်းသားတွေဟာ စာမသင်ချင်လို့ နိုင်ငံရေးလုပ်ခဲ့တာ မဟုတ်ပါဘူး။
ကိုလိုနီခေတ် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုအောင်ဆန်း၊ ကိုနု၊ ကိုကျော်ငြိမ်းတို့ တစ်တွေဟာ ပညာရေးမှာ ထူးချွန်ပြီးပညာကို လိုလားကြသူတွေ ဖြစ်ပါတယ်။ လွတ်လပ်ရေးကြိုးပမ်းတဲ့ လှုပ်ရှားမှုတွေကို သူတို့လိုခေတ်ပညာတတ်လူငယ်တွေ ဦးမဆောင်ရင်မဖြစ်တော့တဲ့ အခြေအနေမို့ စာသင်ခန်းကို ကျောခိုင်းပြီး နိုင်ငံရေးလောကထဲသို့ ခြေစုံပစ်ဝင်ရောက်ခဲ့ရခြင်း ဖြစ်ပါတယ်။
အဲ့ဒီခေတ်တုန်းက မြန်မာနိုင်ငံမှာမျက်စိပွင့်နားပွင့်တဲ့ ခေတ်ပညာတတ်တွေ အရမ်းရှားပါတယ်။ ပြီးတော့ ကိုအောင်ဆန်းတို့၊ ကိုနုတို့ တစ်တွေဟာ ပေါ်ပြူလာဖြစ်ချင်လို့ နိုင်ငံရေးလုပ်ခဲ့တာ မဟုတ်ပါဘူး။ အာဏာမက်လို့ နိုင်ငံရေး လုပ်ခဲ့တာ မဟုတ်ပါဘူး။ အနေအစားချောင်လို့ နိုင်ငံရေးလုပ်ခဲ့တာ မဟုတ်ပါဘူး။ စပွန်ဆာရလို့ နိုင်ငံရေးလုပ်ခဲ့တာ မဟုတ်ပါဘူး။
သူများမြှောက်ပေးလို့ နိုင်ငံရေးလုပ်ခဲ့တာ မဟုတ်ပါဘူး။ ခေတ်စနစ်ရဲ့ တောင်းဆိုချက်နဲ့ တိုင်းပြည်ရဲ့ လိုအပ်ချက်အရကိုအောင်ဆန်းတို့ ကိုနုတို့လိုတက္ကသိုလ်ကျောင်းသားတွေဟာ သံမဏိကဲ့သို့ ခိုင်မာသောယုံကြည်ချက်၊ ခံယူချက်တွေနဲ့ ပင်ပန်းဆင်းရဲ ဒုက္ခမျိုးစုံခံပြီး နိုင်ငံရေးလုပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့လုပ်ရပ်နဲ့တိုင်းပြည်နဲ့ လူမျိုးအပေါ်ထားရှိတဲ့ စိတ်ထားစေတနာတွေ မှန်ကန်ရိုးဖြောင့်တဲ့အတွက် နောင်တစ်ချိန်မှာ အမျိုးသားခေါင်းဆောင်ကြီးတွေ၊ နိုင်ငံခေါင်းဆောင်ကြီးတွေအဖြစ်သို့ တက်လှမ်း နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ စပွန်ဆာရလို့နိုင်ငံရေးလုပ်တဲ့ တက္ကသိုလ်ကျောင်းသားဆိုတာ ကိုအောင်ဆန်းတို့ ခေတ်မှာမရှိခဲ့ပါဘူး။
ဆန္ဒတစ်ပွဲလောက်ပြလိုက်ရုံနဲ့ တော်တော်လေးခိုင်သွားတဲ့ တက္ကသိုလ်ကျောင်းသားဆိုတာ ကိုအောင်ဆန်းတို့ ခေတ်မှာမရှိခဲ့ပါဘူး။ ဆန္ဒပြပွဲရန်ပုံငွေကို စာရင်းမရှင်းနိုင်တဲ့ တက္ကသိုလ်ကျောင်းသား ဆိုတာ ကိုအောင်ဆန်းတို့ ခေတ်မှာ မရှိခဲ့ပါဘူး။ ကိုအောင်ဆန်းကို ပါးစပ်ကမချဘဲတဖွဖွဖြစ်နေတဲ့ လက်ရှိ တက္ကသိုလ်ကျောင်းသားတွေအနေနဲ့ ကိုအောင်ဆန်းရဲ့စိတ်ဓါတ်၊ စာရိတ္တ၊ ယုံကြည်နဲ့ ခံယူချက်တွေကို အတုယူပြီး လက်တွေ့လိုက်နာကျင့်သုံးသင့်ကြောင်း လေးစားစွာနဲ့အကြံပြုလိုက်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်ကတည်းကကျောင်းသားတွေ နိုင်ငံရေးလုပ်လာတာကွလို့ ဆိုသူတွေကို စကားနည်းနည်းလောက် ပြောချင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်တုန်းက ပညာတတ်ရှားလို့ ကျောင်းသားတွေ နိုင်ငံရေးကိုမဖြစ်မနေ ဝင်လုပ်ခဲ့ရတာပါ။
အခုလက်ရှိ မြန်မာနိုင်ငံရေး အခင်းအကျင်းမှာ ပညာတတ်တွေ တောင်လိုပုံနေပါတယ်။ သူတို့အချင်းချင်းတောင် အဝေမတည့်လို့ ဖိုက်တင်ပလေးပြီး နေရာလုနေကြပါတယ်။ နယ်ပယ်အသီးတစ်ရပ်မှာ ကိုယ်ကိုကိုယ် ပညာရှင်လို့ ခံယူထားကြတဲ့ သူတွေကတောင် လွှတ်တော်ထဲက ထိုင်ခုံနေရာတွေ အတွက် တစ်ယောက်နဲ့ တစ်ယောက် အခြေအနေပါ။
နောက်ပြီး ထိုင်ခုံပေါ်ရောက်ပြီးသားဖြစ်တဲ့ ပုဂ္ဂိုလ်ကြီးတွေကလည်း နေရာဖယ်ပေးဖို့ အစီအစဉ် ရှိမယ်လို့ရော အတပ်ပြောနိုင်မလား။
လိုဟိုမရောက် ဒီမရောက် တက္ကသိုလ်ကျောင်းသားအဆင့်ကတော့ မြန်မာနိုင်ငံရေးမှာ အပေါက်စောင့် ရာထူးလောက်ရဖို့တောင် မျှော်လင့်ချက်မရှိပါဘူး။ ပြောတာကို မယုံရင်လုပ်ကြည့်ပါ။ နိုင်ငံရေးသမားတွေရဲ့ အသုံးချခံရပြီး သူတို့မလိုတော့တဲ့အချိန်ကျရင် ချောင်ထိုးခံရပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်း တို့ ခေတ်တုန်းက တက္ကသိုလ်ကျောင်းသားတွေက တိုင်းပြည်လွတ်လပ်ရေး ရဖို့ မဖြစ်မနေ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရမယ့်အချိန်မှာ ဘီအိုင်အေတပ်ထဲကို ဝင်ခဲ့တဲ့သူတွေ မနည်းဘူး။ အရေးကြုံရင် ကိုယ်ကျိုးစွန့်ရဲတဲ့ သတ္တိကို ပြောပါတာပါ။
အုပ်ချုပ်တဲ့ အစိုးရက တိုင်းတစ်ပါးလူမျိုးခြားဖြစ်နေလို့ ကိုအောင်ဆန်းတို့ တက္ကသိုလ်ကျောင်းသားတွေက ဆန့်ကျင်တော်လှန်ခဲ့ရတာ။ ပညာရေးစနစ်က ကျွန်ပညာရေး စနစ်ဖြစ်နေလို့ ကိုအောင်ဆန်းတို့တစ်တွေ ဆန္ဒပြခဲ့ရတာ၊ သပိတ်မှောက်ခဲ့ရတာ။
အခုလက်ရှိအစိုးရအဖွဲ့ကို ဦးဆောင်နေတာက ကိုအောင်ဆန်း(ခေါ်) ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးအရင်း ခေါက်ခေါက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူလူထုရဲ့ သောင်ပြိုကမ်းပြိုသော တစ်ခဲနက် ထောက်ခံမဲတွေနဲ့ နိုင်ငံ့ခေါင်းဆောင်နေရာက်ထိုက်တန်စွာရောက်ရှိလာသူဖြစ်တယ်။
ပြီးတော့ လက်ရှိပညာရေးစနစ်မှာလည်း ဖိနှိပ်ချုပ်ချယ်ထားတာတွေ တစ်ခုမှ မရှိဘူး။ ဦးသန်းရွှေတို့ ခေတ်တုန်းကစစ်အာဏာရှင်တွေမို့လို့ ကျောင်းသားတွေ ဆန္ဒပြတယ်ဆိုတာကို လက်ခံတယ်။
အခုလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ကို ဦးဆောင်နေတဲ့အချိန်မှာ ကျောင်းသားတွေ ဆန္ဒပြတာကိုတော့ လုံးဝလက်ခံလို့မရဘူး၊ ကျောင်းသားသမဂ္ဂတွေက ဘယ်လိုအစိုးရ တက်တက် စာမသင်ဘဲ ဆန္ဒပဲထိုင်ပြနေတော့မှာလား။
မြန်မာနိုင်ငံမှာ ကျောင်းသားသမဂ္ဂမှန်ရင် အစိုးရကိုဆန္ဒပြရမယ်ဆိုတာ သီအိုရီတစ်ခု ဖြစ်သွားပြီလား၊ ဖက်ရှင်တစ်ခုဖြစ်သွားပြီလား၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ ကျောင်းသားသမဂ္ဂ အပေါင်းက သူတော်ကောင်းတွေ ပညာရပ်ဆိုင်ရာစာတမ်းဖတ်တယ်၊ သုတေသနပြုတယ်၊ Workshop လုပ်တယ်၊ နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီးလေ့လာသင်ယူတယ်ဆိုတာ ရှိတော့ရှိတယ် ဒါပေမယ့် ရှားလွန်းပါတယ်။
ပညာရေးမှာ ထူးချွန်အောင်ဘယ်လိုကြိုးစားမယ်ဆိုတဲ့ စကားတွေ ထွက်လာမယ့်နေ့ကို အရမ်းမျှော်လင့်မိတယ်။ နိုင်ငံကို အစစအရာရာ ဖွံ့ဖြိုးတိုးတက်အောင် အသည်းအသန် တည်ဆောက် နေရချိန်မှာ အရေးတကြီးလိုအပ်နေတာက ထစ်ခနဲဆို ဆန္ဒပြမယ့်ကျောင်းသားတွေ မဟုတ်ပါဘူး။ ပညာကို ကျားကုပ်ကျားခဲ ကြိုးစားသင်ယူမယ့် ကျောင်းသားတွေသာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးကို ဝါသနာပါတယ်ဆိုရင်လည်းပညာရေးကိုထူးချွန်စွာနဲ့ ဆုံးခန်းတိုင်အောင်အရင်သင်ယူပါ။ ပညာစုံမှ နိုင်ငံရေး လောကထဲကိုဝင်ပါ။
ပညာရေးမှာ ဟိုမရောက်ဒီမရောက်နဲ့ နိုင်ငံရေးလောကထဲကို ဝင်လာရင် နိုင်ငံရေးမှာလည်း အောင်မြင်မှာ မဟုတ်ပါဘူး။ ဟိုမရောက်ဒီမရောက်ပဲဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် လက်ရှိ တိုင်းပြည်အခြေအနေအရ ကျောင်းသားတွေအနေနဲ့ နိုင်ငံရေးမလုပ်ဘဲပညာရေးမှာ ထူးချွန်အောင်သာ ကြိုးစားသင်ယူသင့်ပါကြောင်း ကျောင်းသားသမဂ္ဂအသီးသီးမှ သူတော်ကောင်းအပေါင်းတို့အား လေးစားစွာနဲ့ တိုက်တွန်းအကြံပြုလိုက်ရပါတယ် ခင်ဗျာ။
မင်းခန့်ရာဇာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။