Trending Now

ဘိုကလေးမြို့ရှိ ဧရာအပန်းဖြေကမ်းခြေကို ဧပြီလ သင်္ကြန်ကာလ အမီ ဖွင့်လှစ်မည်

Spread the love

ဘိုကလေးမြို့ရှိ ဧရာအပန်းဖြေကမ်းခြေကို ဧပြီလ သင်္ကြန်ကာလ အမီ ဖွင့်လှစ်မည်

EPN
ဘိုကလေး၊ မတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်မှ ပင်လယ်ကမ်းခြေ၏ သဘာဝအလှအပအတိုင်း ဖြစ်ထွန်းနေသော သာယာကြည်နူးဖွယ် ဧရာအပန်းဖြေကမ်းခြေကို လာမည့် ဧပြီလအတွင်း သင်္ကြန်ကာလအမီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဆိုပါ ဧရာအပန်းဖြေ ကမ်းခြေတာဝန်ရှိသူများထံမှ သိရသည်။

ဘိုကလေးမြို့နယ်မှ ဧရာအပန်းဖြေကမ်းခြေသည် ကဒုံကနိကျေးရွာ အနီးတွင် တည်ရှိနေသော အပန်းဖြေကမ်းခြေစခန်း ဖြစ်ပြီး ရန်ကုန်မြို့မှ တိုက်ရိုက် နေ့ချင်းပြန်သွားလာနိုင်သည်။

အဆိုပါ ဧရာအပန်းဖြေကမ်းခြေတွင် အပန်း ဖြေလာရောက်လည်ပတ်ကြသော ပြည်သူများ စိတ်ချမ်းမြေ့စွာတည်ခိုနိုင်ရန် ဘန်ဂလို တည်းခိုခန်း ၄၀ ခန့်ရှိသဖြင့်အပန်းဖြေ ဧည့်သည်များ ညအိပ်တည်းခိုနိုင်မည်ဖြစ်ကြောင်း သိရသည်။

”လွန်ခဲ့သော နှစ်အနည်းအငယ်ထဲက တည်ရှိတာပါ ကမ်းခြေကို လာမယ့်ဧပြီလ သင်္ကြန်ကာလမတိုင်မီ ဖွင့်လှစ်ဖို့ လျာထားတယ်။ ဒီကမ်းခြေက သဘာဝအတိုင်း ပေါ်ထွန်းလာတာဖြစ်လို့ ပင်လယ်ရဲ့အငွေ့အသက် ကို အပြည့်အဝ ခံစားရမှာ ဖြစ်တယ်။ ဘိုကလေးမြို့နယ် ကဒုံကနိနှင့် ဧရာကျေးရွာအနီးမှာတည်ရှိတယ်။ ရန်ကုန်ကနေ နေ့ချင်းပြန်တိုက်ရိုက်လာ လို့ရပါတယ်။ယခင်နှစ်တွေကတော့ ရန်ကုန်နဲ့ နေပြည်တော်ဘက်က ဆယ်တန်းစာမေးပွဲတွေပြီးတဲ့ အချိန် အလာများခဲ့တယ်။ ကျယ်ပြန့်သော ရေဆော့ကစားရန်နေရာတွေရှိတာမို့ လာကြဖို့လည်းဖိတ်ခေါ်တယ်။ ပြည်သူတွေရဲ့လုံခြုံရေးကို လည်း စနစ်တကျဆောင်ရွက်သွားဖို့စီစဉ်ထားပါတယ်။ ” ဟု အဆိုပါ ဧရာအပန်းဖြေကမ်းခြေမှတာဝန်ရှိသူ က ပြောသည်။

အဆိုပါ ရောအပန်းဖြေကမ်းခြေသည် သဲသောင်ပြင် ကျယ်ပြန့်ခြင်း၊ ဒေသထွက် ပင်လယ်စာများ သုံးဆောင်နိုင်ခြင်း၊ ကမ်းခြေမှာ သုံးမိုင်ကျော်ရှည်လျားသဖြင့် အားပါးတရ လည်ပတ်လမ်းလျှောက်နိုင်ခြင်း၊ ထို့အပြင်ဒေသထွက် ပင်လယ်စာ မျိုးစုံတို့ကိုလည်း ဆိုင်ခန်းများဖွင့်လှစ်၍ ရောင်းချနေကြောင်း သိရသည်။

ဧရာအပန်းဖြေ ကမ်းခြေသို့ လာရောက်လည်ပတ်ရင်း ဘိုကလေးမြို့ရှိ တန်ခိုးကြီးသမိုင်းဝင်စေတီများဖြစ်သည့် ကံကော် တစ်ထောင်စေတီ၊ တစ်ကမ္ဘာ့လုံးငြိမ်းအေးစေတီ စသည့် စေတီတော်များကိုသွား၍ ဖူးမျှော်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုမှတဆင့် မိုင် ၄၀ ခန့်သာ ကွာဝေးသည့် မော်လမြိုင်ကျွန်းမြို့ကို သွားလာနိုင်ပြီး မော်လမြိုင်ကျွန်းမြို့၏ အထင်ကရ စေတီဖြစ်သည့် ရွှေတိဂုံပုံတူမြို့ဦးစေတီ၊ ပြည်လုံးချမ်းသာ ဆုတောင်းပြည့်စေတီ၊ လောကသကျ မာရဇိန်စေတီနှင့် တာဝတိံသာဘုရားကို လည်း သွားရောက် ဖူးမြော်နိုင်မည်ဖြစ်သည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။