Trending Now

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ အာဆီယံက စည်းလုံးညီညွတ်မှုကို ပြသရမယ်လို့ အင်ဒိုနီးရှားသမ္မတပြော

Spread the love

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ အာဆီယံက စည်းလုံးညီညွတ်မှုကို ပြသရမယ်လို့ အင်ဒိုနီးရှားသမ္မတပြော

EPN
နိုင်ငံတကာ၊ မေ ၁၂

မြန်မာနိုင်ငံမှာ ပြင်းထန်နေတဲ့ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အာဆီယံက စည်းလုံးညီညွတ်မှုကို ပြသရမယ်လို့ လာဘွမ်ဘာဂျိုမှာ ကျင်းပတဲ့ အခုနှစ် အာဆီယံခေါင်းဆောင်များ အစည်းအဝေး ဒုတိယနေ့ မိန့်ခွန်းအတွင်းမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်က အာဆီယံနဲ့ သဘောတူညီထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိခဲ့တဲ့အပြင် ပိုမိုများပြားလာတဲ့ အကျပ်အတည်းတွေကြောင့် ဖြေရှင်းဖို့ ဆုံးဖြတ်ရာမှာ စည်းလုံးညီညွတ်မှုကို ပြသရမယ်လို့ အင်ဒိုနီးရှားသမ္မတက ကြာသပတေးနေ့မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောရပါမယ်။ သဘောတူညီမှု ကို အကောင်အထည်ဖော်ရာမှာ သိသာထင်ရှားတဲ့ တိုးတက်မှု မရှိသေးပါဘူး ဒါကြောင့် အာဆီယံရဲ့ စည်းလုံးညီညွတ်မှုဟာ နောက်တဆင့်ကို ဆုံးဖြတ်ဖို့ လိုအပ်တယ်။” လို့ ဂျိုကိုက ပြောကြားခဲ့တာဖြစ်ပါတယ်။
အာဆီယံဟာ ပြီးခဲ့တဲ့လတွေ အတွင်း မြန်မာနိုင်ငံ အကျပ်အတည်းနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို ညှိနှိုင်းဆွေးနွေးဖို့ ကြိုပမ်းခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့ဘူးလို့ ဆိုပါတယ်။

အာဆီယံ အတွင်းရေးမှူးချုပ် Kao Kim က ထိပ်သီးအစည်းအဝေးအတွင်းမှာ အကြမ်းဖက်မှု အဆုံးသတ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆွေးနွေးပွဲတွေပါ၀င်တဲ့ အစီအစဥ်ကို န.စ.က နဲ့ ဆွေးနွေးဖို့အတွက် ရှိနေဦးမယ်လို့ ရိုက်တာ သတင်းကို ပြောကြားခဲ့ပါတယ်။

“အာဆီယံဘက်ခြမ်းက မြန်မာနိုင်ငံကို ကူညီဖို့ ဆန္ဒ ပြင်းပြပေမယ့် လွယ်တော့ မလွယ်ဘူး” လို့ Kao က ပြောကြားခဲ့ပြီး “အကြမ်းဖက်မှုတွေ ကင်းစင်အောင် ကျွန်တော်တို့ လုပ်ရမှာက အဓိကအချက်ပါပဲ။” လို့ သူက ပြောကြားခဲ့ပါတယ်။

မြန်မာအကျပ်အတည်းကိုကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး အာဆီယံအတွင်း သဘောထားကွဲလွဲမှုတွေရှိနေသလို မလေးရှားနိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadir က “လူတိုင်းက ငြိမ်းချမ်းတဲ့ အဖြေကို ရှာချင်ကြပြီး ရေရှည်တည်မြဲတဲ့ နည်းလမ်းကို ရှာချင်ကြတယ်” လို့ သူက ပြောပါတယ်။

အစည်းအဝေးအတွင်း အာဆီယံခေါင်းဆောင်တွေက လူကုန်ကူးမှု တိုက်ဖျက်ရေး၊ ရွှေ့ပြောင်းအလုပ်သမားများကို အကာအကွယ်ပေးရေးနဲ့ အီလက်ထရွန်နစ် မော်တော်ယာဉ်လုပ်ငန်းကို ပံ့ပိုးကူညီဖို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဂတိပြုခဲ့ကြပါတယ်။

ref; FN

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။