Trending Now

ဒေသတွင်း အရင်းအမြစ်များမှ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး

Spread the love

ဒေသတွင်း အရင်းအမြစ်များမှ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး

EPN
သတင်းဆောင်းပါး၊ အောက်တိုဘာ ၁၈

နိုင်ငံတစ်ခု၊ တိုင်းနှင့် ပြည်နယ်အလိုက်၊ မြို့နယ်များ ဖွံဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ကဏ္ဍသည် မရှိမဖြစ် အရေးပါလှပေသည်။ ထို့အတူ မြို့များ၊ ကျေးရွာများ ဖွံဖြိုးတိုက်ရေးအတွက်လည်း လျှပ်စစ်မှာ မရှိမဖြစ် အရေးကြီးပေသည်။ မဟာဓာတ်အားလိုင်းနှင့် ဝေးကွာသောနေရာများမှာ လျှပ်စစ်သွယ်တန်းရာ ကုန်ကျမှု များပြားခြင်း၊ လမ်းပန်ဆက်သွယ်ရေး အခြေအနေများကြောင့် သွယ်တန်းရန်မလွယ်ကူပေ။ ထိုသို့သော အခြေအနေမျိုးတွင် ဒေသတွင်းရှိ အရင်းအမြစ်များမှ လျှပ်စစ်ထုတ်ယူရန်မှာ အကောင်းဆုံး အခြေအနေပင် ဖြစ်ပါသည်။

ကချင်ပြည်နယ်သည် မြစ်ချောင်းအင်းအိုင် ပေါကြွယ်ဝသည့် ဒေသတစ်ခုဖြစ်ပါသည်။ မြစ်ချောင်းအင်းအိုင် ပေါကြွယ်ဝသည့်အလျောက် လျှပ်စစ်ထုတ်ယူရန် ရေအားလျှပ်စစ်မှာ အကောင်းဆုံးအနေအထားဖြစ်ပေသည်။ သာဓကအနေဖြင့် ကချင်ပြည်နယ်အတွက် အဓိကအားပြုနေရသည့် ချီဖွေငယ် ရေအားလျှပ်စစ်မှာ အဓိက အကောင်းဆုံး သာဓကအဖြစ် တည်ရှိပေသည်။

ကချင်ပြည်နယ်ရှိ ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံသည် ဧရာဝတီမြစ်ကြီး၏ အဓိကမြစ်တစ်ခုဖြစ်သော မေခမြစ် အတွင်းသို့ စီးဆင်းနေသည့် မြစ်လက်တက်တစ်ခုဖြစ်သော ချီဖွေချောင်းမှ ရေသွယ်တန်း၍ တည်ဆောက် ထားသော ရေအားလျှပ်စစ်တစ်ခုဖြစ်သည်။ ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံသည် ချီဖွေမြို့၏ ၆ မိုင်ခန့်အကွာ နန်းဦးကျေးရွာအနီးတည်ရှိပြီး၊ ချီဖွေငယ် လျှပ်စစ်ထုတ်စက်ရုံအတွက် ရေလှောင်တမံကို ချီဖွေမြို့ ၁၂ မိုင်အကွာ ချီဖွေချောင်းပေါ်၌တည်ဆောက်ထားပြီး တမံနှင့်စက်ရုံကို ဥမင်လှိုင်ခေါင်းဖြင့် ရေသွယ်တန်းမှုမှာ ၆ ဒသမ ၉ မိုင် ရှိပါသည်။

လက်ရှိ ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားကို ယခင်က တာပိန်ရေအားလျှပ်စစ်စက်ရုံမှ ထုတ်ယူ ဖြန့်ချီပေးခဲ့ခြင်း ဖြစ်သော်လည်း၊ ၂၀၁၁နောက်ပိုင်းတွင် ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံကပါ ဖြန်ချီပေးခဲ့သည်။ ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံကို SPIC/ACHC ကုမ္ပဏီက ဒေါ်လာသန်း ၂၀၀ ရင်းနှီးမြှုပ်နှံကာ ၂၀၀၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ခုနှစ်တွင် ပြီးစီးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ပဉ္စမအကြီးဆုံး ရေအားလျှပ်စစ်စက်ရုံလည်းဖြစ်ပါသည်။

ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံတွင် ၃၃မဂ္ဂဝါပ် သုံးလုံးတပ်ဆင်ထားပြီး စုစုပေါင်း ၉၉မဂ္ဂဝါပ် ရှိသည့်အတွက် တစ်နှစ်ပတ်လုံး လျှပ်စစ်ဓာတ်အား သန်း ၆၀၀ ကီလိုဝပ်ထုတ်လုပ်နိုင်သည်။ စက်ရုံမှ ၁၁၀ ကေဗွီ၊ ၁၀ ကေဗွီ ဓာတ်အားလှိုင်းမှတစ်ဆင့် ကချင်ပြည်နယ် အတွင်းသို့ ဖြန့်ချီပေးလျှက်ရှိသော်လည်း လျှပ်စစ်ဓာတ်အားများ ပိုလျှံလျက်ရှိနေသေးသည့်အတွက် ချီဖွေငယ်စက်ရုံမှ ပြည်တွင်းလိုအပ်နေသည့် လျှပ်စစ်ဓာတ်အားများကို ပေးစွမ်းနိုင်သေးသည်။ ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံမှ ပိုလျှံနေသည့် ဓာတ်အားများကို ထုတ်ယူပြီး မီးမရသေးသည့် ဒေသများသို့ ဖြန့်ချီ၍ရသကဲ့သို့ အစိုးရမဟာဓာတ်အားလိုင်းနှင့် ပူးပေါင်း၍လည်း ဒေသ၊ မြို့ရွာများစွာသို့ ဓာတ်အား ပို့လွတ်နိုင်ပါသေးသည်။

၎င်းအပြင် ရေအားလျှပ်စစ် တစ်ခုဖြစ်သည့် ပူတာအိုဒေသ အထက်နမ့်ထွမ် ရေအားလျှပ်စစ် စီမံကိန်းမှာလည်း ဒေသတွင်း အရင်းအမြစ်ကို အသုံပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သောစက်ရုံ တစ်ခုဖြစ်ပါသည်။ ထိုဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ကြည့်ပါက လျှပ်စစ်၏ အသုံးဝင်မှု၊အကျိုးရှိမှု တို့ကိုလည်း တွေ့မြင်ရမည် ဖြစ်ပါသည်။

ပူတာအို မြို့ သည် ကချင်ပြည်နယ်မြို့တော်၊ မြစ်ကြီးနားမြို့ မှ (၂၁၅ )မိုင် ရှိပါသည်။ ဆက်သွယ်သွားလာမှုမှာ မော်တော်ကားနှင့် လေကြောင်းခရီးတို့ဖြင့်သာသွားလာနိုင်သော ဝေးကွာသောအရပ်တွင် တည်ရှိနေပါသည်။ လျှပ်စစ်မီး အတွက် ၁၉၈ရ ခုနှစ်ခန့် က တည်ဆောက်ထားခဲ့သော နမ့်ထွမ် အသေးစား ရေအားလျှပ်စစ် စက်ရုံ (200KW) သာရှိခဲ့ပါသည်။

လျှပ်စစ်အသုံးများလာသော ယနေ့ခေတ်ကာလတွင် မြို့ တစ်မြို့အတွက် 200KW မှာ ရပ်ကွက်တစ်ခုစာမျှ အတွက်ပင် မလုံလောက်ချင်တော့ပါ။ ဒီဇယ်စက်များဖြင့်ပါ အချိန်ပိုင်း ဓာတ်အားပေးနေရသော မြို့တစ်မြို့ ဖြစ်ပါသည်။ ဓာတ်အား အလုံအလောက်ရရှိစေရန် ဓာတ်မဟာလိုင်းစနစ်မှ သွယ်တန်း ရယူ မည်ဆိုပါက လည်း အကွာအဝေး ကွာလှမ်းမူ အရ 230 KV Line တည်ဆောက် ပေးရမည် ဖြစ်ပါသည်။ အလွန်ကုန်ကျမှု များပြားမည် ဖြစ်ပါသည်။ နောက်တနည်းအဖြစ် ဒေသအတွင်းမှ ရရှိနိုင်သော ရေအားအရင်းအမြစ်များကို အသုံပြုပြီး အသေးစားရေအားလျှပ်စစ် ဆောင်ရွက်ခြင်း သည် အကောင်းဆုံးလုပ်ငန်း အဖြစ် ရွေးချယ်ပြီး ပူတာအို ဒေသ အတွက် ရေအား လျှပ်စစ် အကောင်အထည် ဖော်ရေးကို ဆောင်ရွက်ခဲ့ရကြခြင်း ဖြစ်ပါသည်။

၂၀၁၄ ခုနှစ် မတ်လ တွင် ပူတာအိုဒေသသို့ နိုင်ငံတော် သမ္မတကြီး ရောက်ရှိခဲ့သည့် ခရီးစဉ်တွင် ပူတာအို ဒေသအတွက် ရေအားလျှပ်စစ်စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ရန် လမ်ညွှန်ခွင့်ပြုမှုအရ ရေအား လျှပ်စစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ကို ဆောင်ရွက်ရန် ဖြစ်လာခဲ့သည်။ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီး ဌာန မှ အင်ဂျင်နီယာများ နှင့် STUCKY SA မှ ပညာရှင်များ ပူပေါင်း၍ ပူတာအို ဒေသတွင် ရေအားလျှပ်စစ် စူးစမ်းလေ့လာရေး လုပ်ငန်း များကို ၂၀၁၄ ခုနှစ် မတ်လ မှ ဇွန်လ အထိ ဆောင်ရွက်ခဲ့ပြီး ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာကို တင်ပြခဲ့ပါသည်။ တစ်ဆက်တည်းပင် ၂၀၁၄ ခုနှစ် ဇွန် ၂၄ ရက်မှ စ၍ အကြိုတည်ဆောက်မှု လုပ်ငန်းများကို စတင် ဆောင်ရွက်ခဲ့ပါသည်။

အထက်နမ့်ထွမ် စီမံကိန်း သည် နမ့်ထွမ်ချောင်း၏ ရေစီးအားကို အသုံးပြု ၍ ဓာတ်အား ထုတ်လုပ်သည့် Run-off Type အမျိုးအစား စီမံကိန်း ဖြစ်ပါသည်။ စီမံကိန်းတွင် ကွန်ကရစ်ရေလွှဲဆည် ( အလျား – ၁၄၁ ပေ ၊ အနံ -၄၁ ပေ)၊ ကွန်ကရစ်ရေသွယ်မြောင်း (အလျား -၇၅၄၆ ပေ ၊ အကျယ်- ၁၂ပေ ၆လက်မ ၊ အမြင့် – ၁၀ ပေ ) ၊ ရေထိန်းကန် ( အလျား -၉၈ပေ ၆ လက်မ ၊ အနံ -၂၉ ပေ၊ အမြင့် ၅၀ပေ ) ၊ ဖိအားမြင့်သံမဏိ ပိုက်လိုင်း တစ်ခု (အရှည် -၁၈၀ပေ၊ အချင်း – ၅ပေ )၊ ဓာတ်အားပေးစက်ရုံ (အလျား -၁၃၂ပေ၊ အနံ – ၂၉ ပေ ၊ အမြင့် – ၅၀ ပေ ) တို့ပါဝင်ပါသည် ၊ တပ်ဆင်မည့် စက်များမှာ တစ်လုံးလျှင် 800 KW ရှိသော စက် (၄) လုံး တပ်ဆင်ထားသည် ဖြစ်ရာ စုစုပေါင်း 3.2 MW ထုတ်လုပ်ပေးနိုင်မည် ဖြစ်ပါသည်။ Turbine စက်အမျိုးအစားမှာ Horizontal Shaft Fransis Turbine အမျိုးအစား ဖြစ်ပါသည်၊ စက်ပစ္စည်းအစိတ်အပိုင်များ အားလုံးသည် သြစတီးရီးယားနိုင်ငံ Andritz Hydro Co, Ltd မှ ထုတ်လုပ် သော စက်များ ဖြစ်ပါသည်။

မြန်မာနိင်ငံကို ဧရာဝတီ၊ စစ်တောင်း၊ သံလွင်၊မဲခေါင် စသည့် မြစ်ကြီးများ ဖြတ်သန်းစီးဆင်းလျက်ရှိာသည်။ ဧရာဝတီမြစ်တွင် တာပိန်၊ ရွေလီ၊ မြစ်ငယ်၊ မူး၊ချင်းတွင်း စသည့် မြစ် ၅ ခုပူးပေါင်းစီးဆင်းလျက်ရှိပါသည်။ အလျား ၁၃၄၈ မိုင် ရှည်သည့်အတွက် ကမ္ဘာ့အရှည်ဆုံးမြစ်စာရင်း အဆင့် ( ၅၆ )ရှိပါသည်။

ယနေ့အထိ ဧရာဝတီမြစ်မကြီး main river ပေါ်တွင် ရေအားလျပ်စစ်စက်ရုံတစ်ရုံမှမရှိသေးပါ။ သို့သော် လည်း မေခမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သောချီဗွေချောင်းပေါ်တွင် ချီဗွေငယ်ရေအားလျှပ်စစ် ၉၉ မဂ္ဂါဝပ်၊ တာပိန် မြစ်ပေါ်မှာတော့ တရုတ်ပြည်ဘက်တွင် ရေအားလျှပ်စစ်ရုံတစ်ရုံ၊ မြန်မာနိင်ငံဘက်တွင် တာပိန် ရေအားလျှပ်စစ် ၂၄၀ မဂ္ဂါဝပ်၊ ရွေလီမြစ်ပေါ်တွင် ရွှေလီရေအားလျှပ်စစ် ၆၀၀ မဂ္ဂါဝပ်၊ မြစ်ငယ်မြစ်ပေါ်တွင် ရဲရွာရေအားလျှပ်စစ် ၇၉၀ မဂ္ဂါဝပ် စက်ရုံ ၄ ရုံကိုတည်ဆောက်ပြီးဖြစ်ပါသည်။

သံလွင်မြစ်ကတော့ တရုတ် မြန်မာ ထိုင်း ၃ နိင်ငံကိုဖြတ်သန်းစီးဆင်းလျက်ရှိပြီး မြစ်၏အရှည် ၁၉၀၁ မိုင်ရှိကာ ကမ္ဘာ့ အဆင့် ၂၆တွင် ရှိပါသည်။ ရေစီးအလွန်သန်သောကြောင့် တရုတ်တွေက ဒေါသထွက်နေသည့်မြစ် Nu Jiang လို့ခေါ်ပါသည်။ သိရသလောက် ၂၀၁၀ ခုနှစ်အထိ တရုတ်နိင်ငံထဲတွင်လည်း ရေအားစက်ရုံတစ်ရုံမှ မတည်ဆောက်ရသေးပါ၊ planning လုပ်ထားတာတော့ မြစ်ဖျားခံသည့် တိဘက်ဘက်မှာရှိပါသည်။

မဲခေါင်မြစ်ကတော့ အရှည်မိုင်ပေါင်း ၂၇၀၅ မိုင်ရှိတာမို့ ကမ္ဘာ့အရှည်ဆုံးအဆင့် ၁၂တွင် ရှိပါသည်။ တရုတ်ပြည်ထဲက ဆင်းသက်လာပြီး၊ မြန်မာ၊ လာအိုနှင့် ထိုင်း ရွေတြိဂံနယ်မြေတွေကို ဖြတ်စီးဆင်းပြီး ကမ္ဘောဒီးယား နှင့် ဗီယက်နိင်ငံနိင်ငံတို့ကို ဖြတ်သန်းကာတောင်တရုတ်ပင်လယ်ထဲကိုစီးဝင်သွားပသည်။ တရုတ်နိင်ငံ ထဲမှာတော့ မဲခေါင်မြစ်ကိုပိတ်ပြီး ရေအားလျှပ်စစ်စက်ရုံ ၇ ခုလောက်တည်ဆောက်ထားပါသည်။ လာအိုနိင်ငံတွင်ပင်မမြစ်ပေါ် မဟုတ်သော်လည်း မဲခေါင်မြစ်၏ မြစ်လက်တက်များပေါ်တွင် ရေအား လျှပ်စစ်ရုံများ တည်ဆောက်ပြီး ထိုင်းနိင်ငံကိုလျှပ်စစ်ဓာတ်အား ရောင်းစားလျက်ရှိပါသည်။

စစ်တာင်းမြစ်ပေါ်မှာတော့ ရေအားလျှပ်စစ်စက်ရုံ မရှိသော်လည်း မြစ်ဖျားခံသည့် အထက်ပေါင်းလောင်း၊ အလယ်ပေါင်းလောင်း (တည်ဆောက်ဆဲ) ပေါင်းလောင်း၊ နန်ချို၊ ခပေါင်း၊ ဖြူး၊ သောက်ရေခပ်၊ ရဲနွယ်၊ ရွှေကျင်၊ ဇောင်းတူအပါအဝင် မဂ္ဂါဝပ် တစ်ထောင်ခန့်ရှိသည့် စက်ရုံများကို စစ်တောင်းမြစ်ဝှမ်းပေါ်တွင် တည်ဆောက်ပြီး ဖြစ်ပါသည်။

ယခုကဲ့သို့ ရေးသားဖော်ပြနေရခြင်းမှာ လျှပ်စစ်ဓာတ်အား၏ အသုံးဝင်ပုံ၊ ကျေးလက်မြို့ရွာများ ဖွံဖြိုး တိုးတက်ရေးအတွက် အရေးပါပုံတိုကို စာဖတ်သူ ပရိတ်သတ်များ နားလည်သိရှိနိုင်စေရန် ရည်ရွယ် ရေးသားခြင်း ဖြစ်ပါသည်။ လျှပ်စစ်သွယ်တန်းရန် ခက်ခဲသော ဒေသများတွင် ဒေသတွင်းရှိ အရင်းအမြစ်များကို အသုံးပြု၍ လျှပ်စစ်မီးရရှိစေရန် ဆောင်ရွက်သင့်ပါသည်။ ရေအရင်းအမြစ် ပေါကြွယ်ဝသော မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်များ ယခုထက်ပိုမို ထုတ်လုပ်နိုင်စွမ်း ရှိသော်လည်း ယနေ့အချိန်ထိ လျှပ်စစ်မီးကို အတိုင်းအတာ တစ်ခုအထိသာ ရရှိပါသေးသည်။ အရင်းအမြစ်ပေါကြွယ်ဝမှုကို အသုံးပြု၍ မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်မီးရရှိနိုင်ရေး အကြံပြု ရေးသား ဖော်ပြလိုက်ပါသည်။

ကောင်းဇေ
May be an image of 1 person and text

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။