Trending Now

မလိုလားအပ်သော ဆုံးရှုံးမှုများ

Spread the love

မလိုလားအပ်သော ဆုံးရှုံးမှုများ

EPN
မေ ၁၆ရက်၊ဆောင်းပါး
မင်းရာဇာရေးသားသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာဆိုရင် ပြီးခဲ့တဲ့ ဧပြီလက စတင်ပြီး အလှည့်ကျစနစ်နဲ့ ၈ နာရီခြား မီးပေးဝေတာကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဓာတ်အား မလုံလောက်တဲ့အတွက် အလှည့်ကျစနစ်နဲ့ မီးပေးဝေတာကို ပြည်သူတွေက နားလည်ပေးနိုင်ပေမယ့် တိကျတဲ့ လျှပ်စစ်မီး ဖြတ်တောက်မှုတွေ၊ တိကျတဲ့ လျှပ်စစ်မီး ပေးဝေမှုတွေကို ပြည်သူတွေက ပိုပြီးတော့ လိုလားကြပါတယ်။

အလှည့်ကျ မီးပေးဝေတယ်ဆိုပေမယ့် တိကျတဲ့ လုပ်ဆောင်မှုတွေ အားနည်းခဲ့တဲ့အတွက် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေကို ကြုံတွေ့နိုင်ပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုးတွေအဖြစ် ကုန်စျေးနှုန်း ကြီးမြင့်တာတွေ၊ ဆုံးရှုံးမှုကြီးမားလှတဲ့ လျှပ်စစ်ဝါယာလျှော့ ပေါ့ဆမီးတွေ၊ အိမ်ရှင်မတွေ ဆိုရင်လည်း ထမင်းအိုး၊ ဟင်းအိုး ပျက်ဆီးတာတွေကအစ အများကြီးနစ်နာ ဆုံးရှုံးရပါတယ်။

အလှည့်ကျစနစ်နဲ့ မီးပေးတာဖြစ်တဲ့အတွက် မီးလာချိန်မှာ ဖုန်း၊ ပါဝါဘန့်တွေ၊ အိမ်မှုကိစ္စတွေဖြစ်တဲ့ ထမင်းဟင်းချက်တာ၊ မီးပူတိုက် အဝတ်လျှော်စတဲ့ လျှပ်စစ်နဲ့အသုံးပြုရတာတွေကို စုပြုံလုပ်ရတဲ့အတွက် မီးအားမနိုင်ပဲ ဝါယာကြိုးတွေ အပူလွန်ကဲပြီးဖြစ်တဲ့ မီးလောင်မှုတွေ၊ မီးလာချိန်မှာတောင် မကြာခဏ မီးပြန်ပြတ်တာတွေလည်း ဖြစ်တဲ့အတွက် အားသွင်းထားရင်း မေ့ပြီးမဖြုတ်ရာကနေ အပူလွန်ကဲပြီး မီးလောင်တာတွေ မကြာခဏ ဖြစ်ပေါ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ နယ်မြေ ၂၃၊ မြစ်သာလမ်းအတွင်း နေအိမ်တစ်မှာ မေလ ၉ ရက်နေ့၊ နံနက် ၂ နာရီခန့်က ညအချိန် ပါဝါဘန့် အားသွင်းထားရာမှ အပူလွန်ကဲကာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး၊ အဆောက်အအုံ ၂ လုံး မီးလောင်ဆုံးရှုံးခဲ့တာကိုလည်း လူမှုကွန်ရက် သတင်းမီဒီယာမှာ တွေ့ရမှာ ဖြစ်ပါတယ်။

အခုဆိုရင် ပွင့်လင်းရာသီကို ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် မီးလောင်တဲ့ သတင်းတွေကို မကြာခဏ တွေ့မြင်လာရပါတယ်။ မီးလောင်တဲ့ ဖြစ်စဥ်တွေကို ကြည့်လိုက်မယ် ဆိုရင်လည်း လျှပ်စစ်ကို ပေါ့ဆစွာ အသုံးပြုတဲ့အတွက် အဖြစ်များတာကို တွေ့မြင်လာရပါတယ်။ လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာကနေ ဖြစ်တဲ့မီးလောင်မှုကတော့ အများဆုံးပါပဲ။ လျှပ်စစ်ဝါယာလျှော့ ဖြစ်ရတဲ့ အကြောင်းအရင်းတွေ ထဲမှာလည်း အရည်အသွေး မပြည့်မီတဲ့ ဝါယာကြိုးတွေကို အသုံးပြုကြလို့ ဖြစ်တာရှိသလို အများစုကတော့ ပေါ့ဆမှုကြောင့် အပူလွန်ကဲပြီး မီးလောင်မှုတွေကို ဖြစ်လာတာ တွေ့ရပါတယ်။

အဓိက ပေါ့ဆမှုတွေကတော့ မေ့လျော့မှုတွေပါပဲ။ အိမ်တွေမှာ အသုံးများတဲ့ ထမင်းပေါင်းအိုး၊ ဒယ်အိုးနီ၊ သုံးမိနစ်ရေနွေးအိုး၊ မီးပူ၊ ပန်ကာ၊ ရေခဲသေတ္တာ၊ အဲယားကွန်း စတဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကနေတဆင့် မီးလောင်မှုတွေ အဖြစ်များတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ အသုံးပြုပြီး ခလုပ်ပိတ်ဖို့ မေ့လျော့တာတွေ၊ အပြင်သွားစဥ် မိန်းချဖို့ မေ့လျော့တာတွေကြောင့် အဖြစ်ပိုပြီးများပါတယ်။ အခုဆိုရင် မိုလ်ဘိုင်းဖုန်းတွေပေါ်လာပြီးတဲ့နောက်ပိုင်း ဖုန်းကို အကြာကြီးအားသွင်းထားတာတွေ။ ဖုန်းအားသွင်းရင် အိပ်ပျော်တာတွေကလည်း မီးဘေးအန္တရာယ်ကို ဖိတ်ခေါ်နေသလိုပါပဲ။ သုံးတတ်ရင် လွန်စွာ အကျိုးရှိသလို မသုံးတတ်ရင်တော့ အန္တရာယ်ကလည်း အလွန်ကြီးမားပါတယ်။

ဒီလို လျှပ်စစ်ဝါယာလျှော့ ပေါ့ဆမီးတွေအပြင် ကုန်စျေးနှုန်း ကြီးမြင့်လာမှုတွေကလည်း အခြေခံ ပြည်သူတွေနဲ့ တစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်းတွေအတွက်လည်း အများကြီးကို ထိခိုက်နစ်နာ စေပါတယ်။ ခုလိုပူပြင်းတဲ့ ရာသီဆိုရင် ရေခဲဆိုင်တွေ ရောင်းအားကောင်းတဲ့ ကာလလည်း ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ရေခဲက လျှပ်စစ်ကို အားကိုးပြီး လုပ်ရတာဖြစ်တဲ့အတွက် မီးကမကြာခဏ ပြတ်နေတော့ ရေခဲစျေးတွေ မြင့်တက်လာပါတယ်။ ဒီလိုပဲ ရေခဲရိုက် အရောင်းအဝယ် ပြုလုပ်ရတဲ့ အသား၊ ငါးစျေးတွေကလည်း မြင့်တက်လာခဲ့ပါတယ်။ နေ့စား တစ်နေ့လုပ်ခ ၆၀၀၀ကျပ်ဆိုတဲ့ ပမာဏက လက်ရှိကုန်စျေးနှုန်းနဲ့ အခြေခံပြည်သူတွေအတွက် အများကြီးကို ဒုက္ခကြုံတွေ့ စေပါတယ်။

နောက်တစ်ခုက တစ်ပိုင်တစ်နိုင် လျှပ်စစ်ကိုအားကိုးပြီး လုပ်ရတဲ့ စီးပွားရေးလုပ်ငန်းတွေ အတွက်လည်း အခက်အခဲများစွာနဲ့ ကြုံတွေ့စေပါတယ်။ လက်ရှိ စက်သုံးဆီစျေးနှုန်းနဲ့ မီးစက်မောင်းဖို့ကလည်း တွက်ခြေကမကိုက်။ တွက်ခြေကိုက်အောင် လုပ်မယ်ဆိုရင် သတ်မှတ်စျေးနှုန်းတွေကို တိုးမြှင့်မှရမယ်။ စျေးနှုန်းမြှင့်ပြန်တော့လည်း ဖောက်သည်လျော့သွားမှာကို စိုးရတဲ့အတွက်ကြောင့် တစ်ချို့ဆိုင်တွေဆိုရင် ယာယီပိတ်ထားရတဲ့ အဆင့်ကိုရောက်ရှိနေပါတယ်။ လျှပ်စစ်ကို အသုံးပြုရတဲ့ လုပ်ငန်းတွေဖြစ်တဲ့ တည်းခိုခန်း၊ ဟိုတယ်တွေကအစ ဝန်ဆောင်မှုလုပ်ငန်းတွေပါ စျေးနှုန်းတွေ တိုးမြင့်လာပါတယ်။ ဒါတွေက ကုန်စျေးနှုန်း ကြီးမြင့်မှုမှာ လျှပ်စစ်က ဘယ်လောက်အထိ အရေးပါသလဲ ဆိုတာကို ပြောချင်တာပါ။

နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အသေးစားစက်မှု၊ လက်မှု လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့က အရေးပါလှပါတယ်။ အသေးစား စက်မှု၊ လက်မှုလုပ်ငန်းတွေကနေ ကြီးမားတဲ့စက်ရုံ၊ အလုပ်ရုံကြီးတွေအထိ အဆင့်ဆင့် ဖွံဖြိုးတိုးတက်နိုင်မှသာလျင် နိုင်ငံဖွံ့ဖြိုးမှာ ဖြစ်ပါတယ်။ အသေးစားစက်မှု၊ လက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှသာလျင် ပြည်ပရင်းနှီးမြှုပ်နှံသူတွေကလည်း ယုံယုံကြည်ကြည် ဝင်ရောက်လာမှာပဲ ဖြစ်ပါတယ်။ အသေးစားစက်မှု၊ လက်မှု လုပ်ငန်းက ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း အရေးပါလှပါတယ်။ ဒေသတွင်းနေထိုင်ကြတဲ့ သူတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်သလို နိုင်ငံတကာက ခရီးသွားဧည့်သည်တွေ၊ ပြည်တွင်းက ခရီးသွား ဧည့်သည်တွေကိုလည်း ဆွဲဆောင်နိုင်ပါတယ်။

ဆိုလိုချင်တာကတော့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား စက်မှု၊ လက်မှု လုပ်ငန်းတွေက အရေးပါသလို၊ အသေးစား စက်မှု၊ လက်မှု လုပ်ငန်းတွေအတွက် အရေးပါတဲ့ လျှပ်စစ်ကိုလည်း ဖော်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ မိမိဒေသတွင်းမှာ ရရှိနိုင်တဲ့ အရင်းအမြစ်တွေကို အသုံးချပြီသ လျှပ်စစ်စွမ်းအင်ကို အခုထက်ပိုပြီး ထုတ်လုပ်နိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှု တိုးမြှင့်ဖို့ လိုအပ်သလိုပဲ လက်ရှိအချိန်မှာလည်း လျှပ်စစ်ဖြန့်ဖြူးရာမှာ စနစ်တကျ ခွဲဝေဖြန့်ဖြူးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

လျှပ်စစ်မီးလာချိန် မမှန်တဲ့အတွက် အသေးစား စက်မှု၊ လက်မှု လုပ်ငန်းတွေမှာ များစွာ ထိခိုက်နစ်နာမှုတွေ၊ ဆုံးရှုံးမှုတွေကို ကြုံတွေ့ စေရပါတယ်။ ပြည်နယ်ရဲ့ စက်မှု၊ လက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လျှပ်စစ်စွမ်းအင်ကို တိုးမြှင့်နိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ကျန်းမာရေး၊ နိုင်ငံရေး ပြသနာတွေကြောင့် ပြည်သူတွေအများကြီး နစ်နာခံစားခဲ့ရပါတယ်။ ဒီလိုအချိန်မှာ လျှပ်စစ်ကြောင့် နစ်နာဆုံးရှုံးမှုတွေကို ပြည်သူတွေထပ်ပြီး ခံစားရမယ်ဆိုရင် ခံနိုင်ရည် ရှိပါ့မလားဆိုတာတောင် စိုးရိမ်စရာ ဖြစ်လာပါပြီ။ အစိုးရအနေနဲ့ ခိုင်မာတဲ့ မူဝါဒတစ်ရပ်ကို ချမှတ်ပြီး အကောင်အထည်ဖော်ဖို့ လိုအပ်နေပါပြီ။ ပြည်သူတွေ အနေနဲ့လည်း လျှပ်စစ်မီးတန်ဖိုးကို နားလည်သိရှိပြီး လျှပ်စစ်စွမ်းအားတိုးလာဖို့ ပူးပေါင်းပါဝင်ဖို့ လိုအပ်သလို ခုလိုကာလမှာ လျှပ်စစ်အသိ၊ လျှပ်စစ်သတိရှိဖို့ အရေးကြီးကြောင်းကို ရေးသားတင်ပြ လိုက်ရပါတယ်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။