Trending Now

ဖားကန့်မြို့တွင် အများသွားလာလျက်ရှိသည့် လမ်းဘေးတွင် မိုင်းတစ်လုံးတွေ့ရှိ

Spread the love

ဖားကန့်မြို့တွင် အများသွားလာလျက်ရှိသည့် လမ်းဘေးတွင် မိုင်းတစ်လုံးတွေ့ရှိ

EPN
မြစ်ကြီးနား ၊ဇူလိုင် ၂၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆိုင်းတောင်ကျေးရွာအနီးတွင် ယမန်နေ့ (ဇူလိုင်လ (၂၆) ရက်နေ့)၊ နံနက်ပိုင်းက မိုင်းဟုယူဆရသော အထုပ်တစ်ထုပ်ကို အများသွားလာလျက်ရှိသည့် လမ်းဘေးတွင် တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဆိပ်မူကျေးရွာအုပ်စု၊ ဆိုင်းတောင်ကျေးရွာ ရွာလယ်လမ်းမကြီးနှင့် ရှမ်းကုန်းကျေးရွာအုပ်စု၊ သာယာကုန်း ကျေးရွာ လမ်းတို့ဆုံရာ လမ်းဆုံရှိ ဧရာဦးဆေးဆိုင်မျက်စောင်းထိုး၊ ဓာတ်တိုင်အောက်ခြေတွင် ကြွပ်ကြွပ်အိတ်အနက်ရောင်ဖြင့် ထုတ်လျက်တွေ့ရှိခဲ့ရကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။

” လမ်းက အများသွားတဲ့လမ်း။ လူသွားလူလာ ပျက်လေ့မရှိတဲ့ လမ်းဖြစ်တယ်။ တိပ်အဝါနဲ့ ပတ်ထားတာ။ လမ်းသွားတဲ့ လူတစ်ယောက်က ဖွင့်ကြည့်မှ မိုင်းဆိုတာ သိခဲ့ရတာ။ အခုလို အများပြည်သူတွေ သွားလာတဲ့လမ်းမှာ တွေ့တော့ အတော်လေးလန့်ရတယ်။ အဲ့မိုင်းကွဲရင်လဲ ဘေးမှာရှိတဲ့ ဒေသခံတွေပဲ အများဆုံးထိမှာ။ ချက်ချင်းပဲ ဘေးက ဆိုင်တွေပိတ်ပြီး အဝေးကို ထွက်သွားကြရတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါမိုင်းအား သက်ဆိုင်ရာ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များမှ နာရီဝက်ကျော်ကြာ ရှင်းလင်းခဲ့ရပြီး လက်ရှိတွင် ပုံမှန်အတိုင်း သွားလာခွင့်ပြုထားပြီဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် တပ်မတော်နှင့် KIA/PDF ပူးပေါင်းအဖွဲ့တို့ကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိကာ မိုင်းဆွဲထောင်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိကြောင်း၊ ဇူလိုင်လ ၂၁ ရက်နေ့ ကလည်း ဖားကန့်မြို့အဝင် စစ်ဆေးရေးဂိတ် (ပန်းတင်တံတားဂိတ်) အနီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။