Trending Now

မြစ်ကြီးနားမြို့တွင် လျှပ်စစ်မီးကြိုး အပူလွန်ကဲရာမှ အဆောက်အဦ ၃ လုံးဆင့် မီးလောင်မှုဖြစ်ပွား

Spread the love

မြစ်ကြီးနားမြို့တွင် လျှပ်စစ်မီးကြိုး အပူလွန်ကဲရာမှ အဆောက်အဦ ၃ လုံးဆင့် မီးလောင်မှုဖြစ်ပွား

EPN
မြစ်ကြီးနား၊ မတ် ၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် လျှပ်စစ်မီးကြိုး အပူလွန်ကဲရာမှ အဆောက်အဦ ၃ လုံးဆင့် မီးလောင်ခဲ့သည့် ဖြစ်စဉ် တစ်ခု ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည်ဟု မြစ်ကြီးနားမြို့နယ် မီးသတ် ဦးစီးဌာနမှ သိရသည်။

တပ်ကုန်း ရပ်ကွက်၊ ရာဒါကောင်း (B) အတွင်း ယမန်နေ့ မတ်လ ၂၆ ရက်နေ့ ညနေ ၅ နာရီခန့်က ညနေပိုင်းခန့်က လမ်းဘေးမီးတိုင်မှ အိမ်အတွင်းသို့ သွယ်တန်းထားသည့် ဓာတ်ကြိုး အပူလွန်ကဲကာ အိမ်အပေါ်ထပ်ရှိ မျက်နှာကျက်သို့ မီးစတင်ကူးစက် လောင်ကျွမ်းခဲ့ကြောင်း အနီးအနားရှိ ရပ်ကွက်နေသူ တစ်ဦးက ပြောသည်။

“အိမ်ထဲ သွယ်တဲ့ကြိုးက ပူပြီးတော့ မီးလောင်တာ ကြိုးက မျက်နှာကျက်ကနေဖောက်ပြီး သွယ်ထားတော့ မျက်နှာကျက်တစ်ခုလုံးကို ကူးသွားတာ၊ မီးက များတော့ အနားက လူတွေက နိုင်သလောက် မီးသတ်တယ် မရဘူး၊ မီးသတ်ယာဉ်တွေနဲ့ သတ်မှရတော့တာ၊ အိမ်က ၂ လုံးလောက်နဲ့ မီးဖိုဆောင်တစ်လုံး မီးလောင်သွားတယ် ” ဟု ၎င်းက ပြောပြသည်။

အဆိုပါ မီးလောင်မှုကြောင့် အလျား ပေ ၃၀ အနံ ပေ ၂၀ ခန့်ရှိသည့် သွပ်မိုး၊ ထရံကာ နှစ်ထပ် လူနေအိမ် တစ်လုံး၊ ၁၅ပေပတ်လည် ရှိသည့် သွပ်မိုး၊ ထရံကာ တစ်ထပ် အဆောက်အဦ (ဆိုင်ခန်း) တစ်လုံး၊ ၁၅ ပေ ပတ်လည် ရှိသည့် သွပ်မိုး၊ ထရံကာ တစ်ထပ် အဆောက်အဦ (မီးဖိုဆောင်) တစ်လုံး၊ စုစုပေါင်း အဆောက်အဦ ၃လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်မှုကို မီးငြိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီးဖြင့် မိနစ် ၂၀ ခန့်ကြာ ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူကို မြစ်ကြီးနားမြို့နယ်၊ ပလန နယ်မြေရဲစခန်းမှ (ပ) ၁၈ / ၂၀၂၃၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။