Trending Now

ဖားကန့်မြို့တွင် ဆိုင်ကယ်ကယ်ရီသမားတစ်ဦး ဆိုင်ကယ်နှင့်ဖုန်း လုယက်ခံရပြီး အသတ်ခံရ

Spread the love

ဖားကန့်မြို့တွင် ဆိုင်ကယ်ကယ်ရီသမားတစ်ဦး ဆိုင်ကယ်နှင့်ဖုန်း လုယက်ခံရပြီး အသတ်ခံရ

EPN
မြစ်ကြီးနား၊ စက်တင်ဘာလ ၁၉

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် မှော်စီစာကုန်းအထွက် ပေါ်ဦးကွန်ဂရစ်လမ်းဘေးတွင် ဆိုင်ကယ် ကယ်ရီသမားတစ်ဦးအား သတ်ဖြတ်ကာ ဆိုင်ကယ်နှင့်ဖုန်းအား လုယူထွက်ပြေးသွားသည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ ညပိုင်းကဖြစ်ပွားခဲ့ကြောင်း ဖားကန့်မြို့နယ်ရှိ ဒေသခံများထံမှ သိရသည်။

အသတ်ခံထားရသည့် ကယ်ရီသမားမှာ လုံးခင်းကျေးရွာ၊ ရပ်ကွက် (၄)၊ကျောက်ဝိုင်းဆိုင်ကယ် ကယ်ရီဂိတ်မှ ဆိုင်ကယ်ပြေးဆွဲနေသည့်အသက် (၄၂) နှစ်အရွယ်ရှိ ဦးငှက်ခါး(ခ)ကိုရှည်ကြီး ဆိုသူဖြစ်ပြီး မှော်စီစာကုန်းအထွက် ပေါ်ဦးကွန်ဂရစ်လမ်းဘေးတွင် အသတ်ခံထားရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“သူက ဆိုင်ကယ် ကယ်ရီသမား ဘာကြောင့်သတ်လဲတော့မသိရဘူး၊ ပေါ်ဦးလမ်းဘေးမှာဘဲ အလောင်းကိုတွေ့ခဲ့တာ၊ လည်ပင်းမှာ အညိုရောင်အဆင်းကြောင်းနဲ့ ။ ကြိုးနဲ့ ညှစ်သတ်ထားတယ်လို့ ယူဆရတယ်၊ အလောင်းတော့ ဆေးရုံကိုပို့ထားတယ်၊ သူဆိုင်ကယ် ၊သူရဲ့ ဖုန်း ပိုက်ဆံအိတ် ဘာမှ ပြန်မတွေ့တော့ဘူး၊ လုယက်ပြီးသတ်ဖြတ်သွားတာ ဟုတ်လောက်မယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ဆိုင်ကယ် ကယ်ရီသမား၏ ရုပ်အလောင်းကို မှော်စီစာကုန်းအထွက် လုံးခင်းဂေါက်ကွင်း အနီး ပေါ်ဦးလမ်းမကြီးဘေးတွင် လမ်းသွားလမ်းလာဒေသခံတစ်ဦးမှ ယနေ့မနက်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းအား ဖားကန့်ပြည်သူဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း လူသတ် လုယက်သည့် ဖြစ်စဉ်များ မကြာခဏဖြစ်ပွားလျက်ရှိပြီး ပြီးခဲ့သည့် စက်တင်ဘာလ (၁၃)ရက်နေ့ ည(၇)နာရီခန့်ကလည်း လုံးခင်းကျေးရွာအုပ်စု ရပ်ကွက်(၅)တွင်လည်း လူငယ် (၃)ဦးခန့်မှ သေနတ် အတို (ပစ္စတို)အတု ဖြင့် ထောက်ကာ ကားလုယက် မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။