Trending Now

လူငယ်နှင့် ပိုမိုဆိုးဝါးလာသော မူးယစ် အန္တရာယ်

Spread the love

လူငယ်နှင့် ပိုမိုဆိုးဝါးလာသော မူးယစ် အန္တရာယ်

 

EPN
အယ်ဒီတာ့အာဘော်
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၀

ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်မှာ လုယက်မှု သတင်းတွေနဲ့ မူးယစ်ဆေးဖမ်းဆီးရမိတဲ့ သတင်းတွေ ဆက်တိုက်ဆိုသလို လူမှုကွန်ရက်စာမျက်နှာပေါ် တက်လာတာကို တွေ့ရပါတယ်။မူးယစ်ဆေးဖမ်းမိတဲ့ သတင်းတွေ များပြားစွာ တွေ့နေရပေမယ့်လည်း မူးယစ်ဆေးကို လူငယ်ထုကြားထဲမှာ အလွယ်တကူ ဝယ်ယူလို့ရနေတာကလည်း အလွန်ကို အံ့သြစရာ ကောင်းလှပါတယ်။ လူငယ်ထုကြားထဲမှာ မူးယစ်ဆေးကို အလွယ်တကူ ဝယ်လို့ရနေတာက လူငယ်တွေပျက်စီးစေဖို့ လမ်းစတစ်ခုဖြစ်သလို နောက်ဆက်တွဲ ဒုစရိုက် လုပ်ငန်းတွေအထိ ရောက်ရှိလာအောင် တွန်းပို့ပေးနေသလို ဖြစ်လာနိုင်ပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် နယ်မြေ (၁၄) ဆုထူးပန်ဘုန်းကြီးကျောင်း အနီးနားမှာရှိ တဲ့ လမ်းတွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို ဖေဖော်ဝါရီလ ၁၈ရက်နေ့၊ မနက်ပိုင်းအချိန် ၉နာရီ ခန့်ကစပြီး လိုက်လံဖမ်းဆီးနေတဲ့ သတင်းကို လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ တွေ့လိုက်ရပါတယ်။ ရမ်ပူရပ်ကွက်၊ နယ်မြေ(၁၄) အတွင်းကို မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက် တချို့ကနေ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူတွေ စုပြီးတော့ အဆိုပါ နေရာမှာ မူးယစ်ဆေးဝါကို ပေါ်ပေါ်ထင်ထင်သုံးစွဲ ရောင်းဝယ်မှုတွေ ပြုလုပ်နေတဲ့ သတင်းတွေအရ ရဲနဲ့ စစ်တပ် တို့ ပူးပေါင်းကာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူတွေကို စီမံချက်အရ လိုက်လံဖမ်းဆီးနေတဲ့ အကြောင်းကို တွေ့မြင်နေရတာပါ။

မူးယစ်ဒုစရိုက်သမား တွေကလည်း ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားနေတာကို အခွင့်ကောင်း ယူလာကြတယ်လို့ မြင်မိပါတယ်။ ကိုဗစ်ကြောင့် တာဝန်ရှိသူတွေနဲ့ ပြည်သူတွေ သောကမီးဝိုင်းနေတဲ့အချိန် နိုင်ငံရေးမီးပါ ဆက်လက်လောင်ကျွမ်းတဲ့အပေါ် အခွင့်ကောင်းယူပြီး အတင့်ရဲစွာနဲ့ကို လုပ်ဆောင်လာကြတာကို တွေ့မြင်နေရပါတယ်။ မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့မှာ ဆိုရင်လည်း မူးယစ်ဆေးဝါးကို ရောင်းချသူရော သုံးစွဲသူပါ မြင့်တက်လာတဲ့အတွက် ရောင်းဝယ်သုံးစွဲသူတွေကို ရပ်ကျေးတာဝန်ရှိသူတွေက စီမံချက်နဲ့ ဖမ်းဆီးမူတွေ ပြုလုပ်လာကြပါတယ်။ ဆင်ဘိုမြို့မှာက လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းတွေပေါ်ကို အခွင့်ကောင်းယူပြီးတော့ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေက ဆင်ဘို လိုင်ဇာသွား လမ်းကြောင်းနဲ့ ဗန်းမော်-မြစ်ကြီးနား လမ်းပိုင်းဘက်တို့ကနေ မူးယစ်ဆေးဝါး အမြောက်အများ သယ်ဆောင်တာတွေ၊ မူးယစ်ဆေးဝါး ရောင်းချတာတွေကို ပြုလုပ်လာကြတာ ဖြစ်ပါတယ်။

ဒီလို ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် ရဲတပ်ဖွဲ့ကနေ လာရောက်ဖမ်းဆီးဖို့ အခက်အခဲရှိတဲ့အပေါ်မှာ ခုလိုမျိုး အတင့်ရဲစွာ ရောင်းဝယ်သုံးစွဲသူတွေ ပိုပြီးများလာတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ လက်ရှိ အချိန်ကာလမှာ နိုင်ငံရေးပဋိပက္ခတွေ ရှုပ်ထွေးနေတဲ့အချိန် ဖမ်းဆီးစစ်ဆေးမှုတွေ အားနည်းနေတဲ့အပေါ် အမြတ်ထုတ်လာကြတာပါ။ မူးယစ်ဆေးကို အလွယ်တကူ ဝယ်လို့ရနေပြီး အလုပ်အကိုင်တွေ ရှားပါးလာတဲ့ အပေါ်မှာ လူငယ်အများစုက စိတ်ထွက်ပေါက်အဖြစ် မူးယစ်ဆေးကို သုံးစွဲရာကနေ မူးယစ်သားကောင် အဖြစ်ကို ရောက်ရှိလာခဲ့ကြတာပါ။ အဓိက အကြောင်းအရင်းကတော့ မူးယစ်ဆေးကို အလွယ်တကူ ဝယ်လို့ ရနေတာကြောင့်ပါပဲ။
စားသောက်ကုန်တွေ ဘယ်လောက်ပဲ ဈေးတက်ပါစေ မူးယစ်ဆေးကတော့ ဈေးကျလေ ဆိုပြီး ဟင်းရွက်ကန် စွန်း ဝယ်သလိုကို ပေါများလာတဲ့အပေါ် လှောင်ပြောင်ရတဲ့ အထိကို ဖြစ်လာတာပါ။

သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေ မူးယစ်ဆေးရောင်းချသူ၊ သယ်ယူပို့ဆောင်သူတွေကို ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပေမယ့် ထိရောက်တဲ့ ဆောင်ရွက်မှုလို့ မဆိုနိုင်သေးပါဘူး။ အကြောင်းကတော့ ဒေသတွင်း နယ်မြေတည်ငြိမ်မှု မရှိတဲ့ အတွက်ကြောင့်ပါပဲ။ နယ်မြေမအေးချမ်းမှုကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူတွေက အခွင့်အရေးယူပြီးတော့ တရားမဝင် နည်းလမ်းပေါင်းစုံကနေ တင်သွင်းမှုတွေ ပြုလုပ်လာတာကြောင့်လည်း လူငယ်ထုအတွင်းမှာ မူးယစ်ဆေးက အလွယ်တကူ ဝယ်လို့ရနေတာပါ။

ဒီလိုမျိုး မူးယစ်ဆေးဝါးကို အလွယ်တကူ ဝယ်လို့ရတဲ့ အခြေအနေမှာ မူးယစ်ဆေးသုံးစွဲသူတွေ များပြား လာတဲ့အတွက် နောက်ဆက်တွဲ ဆိုးကျိုးဆိုတာတွေကလည်း တွဲပြီးပါလာမှာဖြစ်ပါတယ်။ နောက်ဆက်တွဲ ဆိုး ကျိုးတွေဖြစ်တဲ့ တရားဥပဒေ စိုးမိုးမှုကိုလည်း ထိခိုက်စေသလို ရပ်ရွာတည်ငြိမ် အေးချမ်းမှုကိုလည်း ခြိမ်းခြောက် မှုတွေနဲ့ ကြုံတွေ့လာနိုင်ပါတယ်။

ကိုဗစ်ကာလကနေစပြီး နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်ပွားခဲ့တဲ့နောက်ပိုင်းမှာ ဆိုရင်လည်း လုယက်မှုတွေ၊လူသတ်မှုတွေ၊ခိုးမှုတွေ စတဲ့မှုခင်းတွေ တစ်နေ့ထက်တစ်နေ့ပိုပြီး ဆိုးဝါးလာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ဒါတွေဟာ ဒေသတွင်း နယ်မြေတည်ငြိမ်မှု မရှိတဲ့အပေါ် အခွင့်ကောင်းယူပြီး ကျူးလွန်လာကြတာ ဖြစ်သလို မူးယစ်သားကောင်ဘဝ ရောက်သွားတဲ့ လူငယ်တွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးလို့ ဆိုရင်လဲ မမှားပါဘူး။ ဘာ့ကြောင့် ဒီလိုမျိုး သုံးသပ်သလဲဆိုရင် အခုနောက်ပိုင်း ဖြစ်ပေါ်နေတဲ့ မှုခင်းတွေကို ပြန်လည်ကြည့်ရှု့မယ် ဆိုရင်လည်း တရားခံအများစုက အသက် ၂၀ ကနေ ၃၀ ဝန်းကျင်ရှိတဲ့ လူငယ်အများ ဖြစ်နေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဆိုလိုတာကတော့ လူငယ်ထုအတွင်းမှာ မူးယစ်ဆေး သုံးစွဲမှု များပြားလာတဲ့အတွက် မူးယစ်ကျေးကျွန် ဖြစ်နေတဲ့ လူငယ်တွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်ပေါ် လာနိုင်မှုတွေကို ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။ မူးယစ်ကျေးကျွန် ဖြစ်လာပြီဆိုတာနဲ့ မည်ကဲ့သို့သော ဒုစရိုက်မှု မျိုးကိုမဆို ကျူးလွန်ဖို့ ဝန်မလေးတော့ပါဘူး။ စဉ်းစားချင့်ချိန် နိုင်စွမ်းလည်းမရှိတော့ပါဘူး။ မူးယစ်သားကောင် ဖြစ်နေရတဲ့ အနာဂါတ် လူငယ်၊ လူရွယ်တွေအတွက် ရင်လေးစရာ တစ်ခုပဲ ဖြစ်ပါတယ်။

အခုကာလက လွန်စွာအရေးကြီးတဲ့ ကာလကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ နယ်မြေမအေးချမ်းမှုကို အခွင့်ကောင်းယူပြီး ဒုစရိုက်မှုတွေ ပြုလုပ်နေတဲ့ အခုလိုကာလမျိုးမှာ မူးယစ်ကျေးကျွန်ဖြစ်နေတဲ့ လူငယ်တွေ အသုံးချခံဘဝကို ရောက်ရှိသွားနိုင်ပါတယ်။ နိုင်ငံရေးသမားတစ်ချို့ရဲ့ ကိုယ်ကျိုးအတွက် အသုံးချခံရတဲ့ ဘဝကို ရောက်ရှိသွားနိုင်လို့ပါပဲ။ မူးယစ်သားကောင်ဘဝ ရောက်ရှိနေတဲ့ လူငယ်တွေမှာ စဉ်းစားချင့်ချိန် နိုင်စွမ်းဆိုတာ မရှိသလောက် ဖြစ်နေပါပြီ။ ဒီလို အခြေအနေမျိုးကို ထိန်းချုပ်နိုင်ဖို့က လွန်စွာ အရေးကြီးပါတယ်။

မျိုးဆက်သစ် လူငယ်တွေ လမ်းမှားမရောက်စေဖို့၊ အသုံးချခံဘဝတွေ မဖြစ်စေဖို့ ဂရုစိုက်ရမယ့် အချိန်ကာလ တစ်ခုလည်း ဖြစ်ပါတယ်။

အခုလို ဒေသတွင်း မတည်ငြိမ်မှုတွေနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းနေတဲ့ အချိန်မှာ မူးယစ်ဆေးဝါး အန္တရာယ် ကို ဘယ်လို ကာကွယ်မလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အဓိကကတော့ လက်ရှိအချိန်မှာ ပြည်သူတွေကြားထဲ စည်းလုံးဖို့က အဓိက အကြောင်းရင်း ဖြစ်လာပါတယ်။ အစိုးရကိုချည်း အားကိုးနေတာမျိုး မဟုတ်ဘဲ ပြည်သူတွေ၊ ရပ်မိရပ်ဖတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ရမယ့် အချိန်ကာလကို ရောက်ရှိနေတာပါ။

သက်ဆိုင်ရာ တာဝန်ရှိသူတွေအပြင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ရပ်မိရပ်ဖနဲ့ ပြည်သူတွေ ပူးပေါင်းအရေးယူဆောင်ရွက်ရမယ့် အချိန်ကာလ တစ်ခုလည်း ဖြစ်ပါတယ်။မူးယစ်ဆေးဝါး အန္တရာယ်ကို ထိန်းချုပ်နိုင်မှသာလျင် မှုခင်းလျော့ကျရေးကို တစ်ဖက်တစ်လမ်းကနေ အကျိုးပြုနိုင်မှာလည်း ဖြစ်ပါတယ်။လက်ရှိအခြေအနေကိုသာ ကိုင်တွယ်နိုင်ခြင်းမရှိဘူးဆိုရင် နောက်ဆက်တွဲ ကြုံတွေ့လာနိုင်တဲ့ အန္တရာယ်တွေက ရင်လေးစရာပင်ဖြစ်နေတာကြောင့် အားလုံးပူးပေါင်းပါဝင်ရေး တိုက်တွန်းနှိုးဆော် အကြံပြုလိုက်ရပါတယ်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။