Trending Now

လူထုအခြေပြု ဗဟိုဌာနတွင် အိမ်တွင်း ဖိနပ်ချုပ်နည်းသင်တန်းကို အခမဲ့ ဖွင့်လှစ်သွားမည်

Spread the love

လူထုအခြေပြု ဗဟိုဌာနတွင် အိမ်တွင်း ဖိနပ်ချုပ်နည်းသင်တန်းကို အခမဲ့ ဖွင့်လှစ်သွားမည်

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၂ (၂၀၂၃)

မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ လူထုအခြေပြု ဗဟိုဌာန (Community Center) တွင် အိမ်တွင်း ဖိနပ်ချုပ်နည်း သင်တန်းကို နိုဝင်ဘာလ (၄.၁၁.၂၀၂၃) ရက်၊ (၅.၁၁.၂၀၂၃) ရက်၊ (၁၁.၁၁.၂၀၂၃) နှင့် (၁၂.၁၁.၂၀၂၃) နေ့များဖြစ်သော စနေ၊ တနင်္ဂနွေနေ့ လေးရက်တာ အခမဲ့ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရှိ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုဝင်ငွေများတဖက်တလမ်းမှ ရရှိစေရန်နှင့် မိမိလိုအပ်သည့် အချိန်များတွင်လည်း အကျိုးရှိစွာ လုပ်ဆောင်တတ်စေရန် အတွက် ရည်ရွယ်ပြီး တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနအဖွဲ့များ၊ ကချင်ပြည်နယ် စာကြည့်တိုက်ဖောင်ဒေးရှင်းများ ပူးပေါင်းပါဝင်ပြီး သင်တန်းကိုအခမဲ့ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း လူထုအခြေပြု ဗဟိုဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“အဓိက‌တော့ မြစ်ကြီးနားမှာရှိတဲ့ ပြည်သူတွေ ဒီအရာကို တက်သွားရင် မိမိစား‌‌ဝတ်နေရေး သာမက တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရရှိအောင်ဆိုပြီး ဒီအိမ်တွင်းဖိနပ်ချုပ်သင်တန်းကို အခမဲ့ဖွင့်လှစ်ပေးရတာပါ”ဟု တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယင်းသင်တန်းသို့ လာရောက်သင်ကြားလိုသူများ သင်တန်းလာရောက် အပ်နှံရာတွင် မှတ်ပုံတင်မူရင်းနှင့် မိတ္တူ (၁)စောင် ယူဆောင်လာပေးပါရန် နှင့် သင်တန်းပြီးဆုံးသည်အထိ အမှန်တကယ် တက်ရောက်နိုင်သူများသာ တက်ရောက်ခွင့် ပြုမည်ဖြစ်ပြီး လူထုအခြေပြုဗဟိုဌာန (မြစ်ကြီးနား) အောင်ဆန်းလမ်း၊ ခရေပင်လမ်းထောင့်၊ မြို့မရပ်ကွက်သို့ လာရောက် စာရင်းသွင်း နိုင်ကြောင်း‌နှင့် ၀၉၂၆၆၅၉၄၉၅၆ သို့လည်း ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

အဆိုပါ အိမ်တွင်း ဖိနပ်ချုပ်နည်းသင်တန်းအား အသက် အသက်အရွယ် ကန့်သတ်မှု မရှိပဲစိတ်ဝင်စားသည့် မည်သူမဆို စာရင်းပေးနိုင်ပြီး လူဦးရေ (၁၅)ဦး သာ သင်ကြား ပို့ချသွားမည် ဖြစ်သောကြောင့် အမြန်စာရင်းပေးသွင်းဖို့လိုကြောင်းလည်း သိရသည်။

ယင်းသင်တန်းတွင် ကတ္တီပါ ယောက်ျားစီး၊ မိန်းမစီး ဖိနပ်၊ကွင်းထိုးဖိနပ်၊ ခုံထူ အမြင့်ဖိနပ် ချုပ်နည်းများကို စာတွေ့ လက်တွေ့ဖြင့် သင်ကြား ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။