Trending Now

အစ္စရေးဝန်ကြီးချုပ်ကို ရာထူးကနုတ်ထွက်ဖို့ သောင်းနဲ့ချီတဲ့ အစ္စရေးဆန္ဒပြသူတွေ တောင်းဆို

Spread the love

အစ္စရေးဝန်ကြီးချုပ်ကို ရာထူးကနုတ်ထွက်ဖို့ သောင်းနဲ့ချီတဲ့ အစ္စရေးဆန္ဒပြသူတွေ တောင်းဆို

EPN
နိုင်ငံတကာ၊ ဧပြီ ၂

ဓားစာခံတွေ လွတ်မြောက်အောင် မလုပ်နိုင်တဲ့အတွက် အပြစ်တင်ဝေဖန်မှုတွေမြင့်တက်လာနေတဲ့အကြား ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ရာဟုကို ရာထူးကနေ နုတ်ထွက်ဖို့ကိုပါ တောင်းဆိုတဲ့ အစ္စရေးပြည်သူဟာ ဂျေရုဆလင်မြို့မှာ စနေနေ့က စုဝေးချီတက်ခဲ့ကြပါတယ်။

အစ္စရေး-ဟားမတ်စ် ပဋိပက္ခ အောက်တိုဘာလမှာ စတင်ခဲ့ပြီးနောက်ပိုင်း အကြီးမားဆုံးသော အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲဖြစ်တယ်လို့ AP သတင်းဌာနကဆိုတဲ့ အဲဒီဆန္ဒပြပွဲမှာ သောင်းနဲ့ချီတဲ့လူတွေဟာ လွှတ်တော်အဆောက်အအုံရှေ့မှာ စုဝေးခဲ့ကြပါတယ်။

ဝန်ကြီးချုပ် နေတန်ရာဟုက သူ့ရဲ့ လုပ်ဆောင်ချက်တွေကို သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ပြောဆိုခဲ့ပြီး ဓားစာခံတွေလွတ်မြောက်ရေးအတွက် သူလုပ်နိုင်တာတွေကို မလုပ်ခဲ့ဘူးဆိုပြီး စွပ်စွဲတဲ့သူတွေဟာ မှားနေတယ်လို့ သူက ပြောပါသေးတယ်။

စေ့စပ်ညှိနှိုင်းမှုတွေမှာ အစ္စရေးဟာ ပြောင်းလွယ်ညွတ်လွယ်ရှိတယ်ဆိုတာကို ပြသနေခဲ့ပေမဲ့လည်း ဟားမတ်စ်တို့ဟာ သူတို့ရဲ့ရပ်တည်ချက်ကို တင်းတင်းမာမာဆုပ်ကိုင်ထားတယ်လို့ သူက ပြောပါတယ်။

ဟားမတ်စ်တပ်ဖွဲ့တွေကို မရှင်းလင်းနိုင်ဘဲနဲ့ အောင်ပွဲဆိုတာ မရနိုင်ဘူးလို့ ပြောပြီး ဂါဇာတောင်ပိုင်းမှာရှိတဲ့ Rafah မှာ ထိုးစစ်ဆင်ဖို့ သူ့ရဲ့အသင့်ဖြစ်နေမှုကို ထပ်မံပြောဆိုသွားပါတယ်။

ဓားစာခံတွေလွတ်မြောက်ရေးအတွက် အပြန်အလှန်အားဖြင့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးဖို့ နိုင်ငံ့ကိုယ်စားလှယ်အဖွဲ့ဟာ အီဂျစ်နိုင်ငံကို ရောက်သွားပြီလို့ အစ္စရေးမီဒီယာအများအပြားက တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့ပါတယ်။

အရင်ဆွေးနွေးပွဲတွေတုန်းက ဟားမတ်စ်က အမြဲတမ်းအပစ်အခတ်ရပ်စဲရေးကို တောင်းဆိုခဲ့ပြီး တောင်ပိုင်းကို ထွက်ပြေးသွားခဲ့တဲ့ ပါလက်စတိုင်းတွေ ပြန်လာနိုင်ရေးကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ အစ္စရေးက အဲဒီတောင်းဆိုချက်တွေကို ပယ်ချခဲ့ပြီး ဆွေးနွေးမှုတွေကို သောင်မတင်ရေမကျ ဖြစ်စေခဲ့ပါတယ်။

source; NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။