Trending Now

ဝါဆိုလပြည့် “ ဓမ္မစကြာအခါတော်နေ့ ”

Spread the love

ဝါဆိုလပြည့် “ ဓမ္မစကြာအခါတော်နေ့ ”

EPN
အယ်ဒီတာအာဘော်

ဝါဆိုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ နေ့တစ်နေ့ဖြစ်ပြီး “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ” ဆိုစကားရှိခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ ဂေါတမမြတ်စွာဘုရားရှင်ဟာ ဝါဆိုလပြည့်နေ့မှာ တုသိတာနတ်ပြည်ကနေ သက်ဆင်းပြီး လူ့ပြည်မှာ ပဋိသန္ဓေနေတော် မူခဲ့ခြင်း၊ ဝါဆိုလပြည့်နေ့မှာပဲ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ တောထွက်တော်မူခဲ့ခြင်း၊ ဝါဆိုလပြည့်နေ့မှာပဲ ဘုရားရှင်ဟာ မိဂဒါဝုန်တောမှာ ပဉ္စဝဂ္ဂီ (၅) ဦးကို ဓမ္မစကြာတရားဦး ဟောတော်မူခဲ့ခြင်းနဲ့ ဝါဆိုလပြည့်နေ့မှာ ဂေါတမ မြတ်စွာဘုရားဟာ သာဝတ္ထိပြည် သရက်ဖြူပင်ရင်းမှာ ရေအစုံ၊ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းတို့ပဲ ဖြစ်ပါတယ်။

ဝါဆိုလပြည့်နေ့ဟာ ဘုရားအဖြစ်ရောက်ရှိကြောင်း ဝန်ခံတော်မူတဲ့နေ့၊ တရားရတနာ စတင်ပေါ်ပေါက်ရာနေ့၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့၊ သံဃာရတနာ စတင်ပေါ်ထွန်းတဲ့နေ့၊ ဧဟိ ဘိက္ခု ဆိုတဲ့ စကားကို စတင်ကြားရသောနေ့ ဆိုရင်လဲ မမှားပါဘူး။ ဓမ္မစကြာတရားဟောတော်မူတဲ့ “ဝါဆိုလပြည့်နေ့” ကို “ဓမ္မစကြာအခါတော်နေ့” လို့လဲ နိုင်ငံတော်အစိုးရက တရားဝင်သတ်မှတ်ထားပြီး ဘုရားရှင်ရဲ့ ဓမ္မစကြာတရားတော်ကို ပဉ္စဝဂ္ဂီ (၅) ဦးနဲ့ အတူ နတ်ဗြဟ္မာ (၁၈) ကုဋေတို့ နာယူကြတယ်လို့ ကျမ်းဂန်မှာ ဆိုထားပါတယ်။

မြတ်စွာဘုရားရှင်ဟာ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့မှာ ဂေါတမဘုရားရှင်အဖြစ် ရောက်ရှိတော်မူခဲ့သဖြင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ဟု သတ်မှတ်ပူဇော်ကြပါတယ်။ ဒီလို ဘုရားရှင် ဖြစ်တော်မူလာပြီး ဗောဓိမဏ္ဍိုင်အနီးမှာ ပလ္လင်္ကသတ္တာဟ အစရှိသော အရပ်တို့၌ ခုနစ်ရက်ခုနစ် ဌာနသီတင်း သုံးတော်မူပြီးနောက် နောက်ဆုံးသတ္တာဟမှအထွက် ၄၉ ရက်မြောက်သောနေ့မှာ အလွန်နက်နဲလှတဲ့ တရားတော်၏ သဘောကို သိမြင်တော် မူလာခဲ့ပါတယ်။ သို့သော် ထိုတရားတော်သည် ရာဂ၊ မောဟ ထူပြောလှတဲ့ ပုထုဇဉ်သတ္တဝါများအတွက် နားလည်သဘောပေါက်ရန် ခက်ခဲလွန်းတာကို မြတ်ဗုဒ္ဓက သိမြင်တော်မူခဲ့ပါတယ်။ ဒါ့ကြောင့် သဟမ္ပတိဗြဟ္မာက တရားဦးဟောကြားပေးပါရန် မြတ်ဗုဒ္ဓအား ပန်ကြားလျှောက်ထားခဲ့ပါတယ်။

မြတ်စွာဘုရားရှင်ဟာ အဘယ်သူအားဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူရာ အာဠာရ ရသေ့နဲ့ ဥဒကရသေ့တို့ကို မြင်တော်မူခဲ့ပါတယ်။ သို့သော် ထိုသူများကား စုတေ၍ အရူပဘုံသို့ ရောက်သွားကြောင်း သိတော်မူသောကြောင့် ဒုက္ကရစရိယာ ခြောက်နှစ်ကျင့်စဉ်က လုပ်ကျွေးခဲ့ဖူးကြသည့် ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ စသည့် ပဉ္စဝဂ္ဂီငါးဦးကို တရားဦးဟောကြားတော်မူရန် ဆင်ခြင်တော်မူခဲ့ပါတယ်။ မြတ်ဗုဒ္ဓသည် ကာသိတိုင်း ဗာရာဏသီပြည်၏ မြောက်ဘက် ၁၈ ယူဇနာကွာဝေးရာ (ယခုအိန္ဒိယနိုင်ငံ ဥတာပရာဒက်ပြည်နက် ဆာရာနတ်သ်ဒေသ) ရှေးအခါက ရသေ့မြတ်သူတော်စင်အပေါင်း သက်ဆင်းရာနှင့် သမင်အပေါင်းတို့ကို ဘေးမဲ့ပေးရာဖြစ်သော မိဂဒါဝုန်တောကြီးသို့ ကြွတော်မူပြီး ဓမ္မစကြာတရားတော်ကို ဟောတော်မူခဲ့ပါတယ်။

ဝါဆိုလပြည့်နေ့ဟာ မြတ်စွာဘုရားရှင်ရဲ့ တရားဦး၊ တရားထူး ဓမ္မစကြာ ဟောကြားတော်မူသောနေ့ ဖြစ်ပါတယ်။ ဂေါတမမြတ်စွာဘုရား အဖြစ်နဲ့ ပထမဦးစွာ ဟောကြားတော်မူခဲ့တဲ့ ဓမ္မစကြာတရားတော်ကို စကြဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတစ်ရာ့ရှစ်ကုဋေနဲ့ ပဉ္စဝဂ္ဂ္ဂီငါးပါး စုစုပေါင်း တစ်ရာ့ရှစ်ကုဋေနဲ့ ငါးပါးရှိပါတယ်။ ဓမ္မစကြာတရားတော်ကို နာယူပြီးနောက် ဝါဆိုလပြည့်နေ့တွင် အရှင်ကောဏ္ဍည၊ ဝါဆို လပြည့်ကျော် ၁ ရက်နေ့တွင် အရှင်ဝပ္ပ၊ ၂ ရက်နေ့တွင် အရှင်ဘဒ္ဒိယ၊ ၃ ရက်နေ့တွင် အရှင်မဟာနာမ်၊ ၄ ရက်နေ့တွင် အရှင်အဿဇိတို့သည် သောတာပန် တည်တော်မူကြပါတယ်။

ဓမ္မစကြာတရားတော်မှာ ရှေးဦးစွာ ဝဲယာအစွန်း နှစ်ပါးကို ရှောင်ကြဉ်ဖို့ ဟောပြောထားပါတယ်။ ဝဲယာအစွန်းနှစ်ပါး ဆိုသည်မှာတော့ ကာမသုခလ္လိကာနုယောဂ ဆိုတဲ့ ကာမဂုဏ်ချမ်းသာတို့ကို ခံစားပျော်ပါးခြင်း၊ အတ္တကိလမထာနုယောဂ ဟူတဲ့ မိမိကိုယ်ကို ဒုက္ခပေးကာ ကျင့်ကြံအားထုတ်ခြင်း တို့ကို ရှောင်ကြဉ်ပြီး နိဗ္ဗာန်ချမ်းသာ ရရှိရေးအတွက် “မဇ္ဈိမာပဋိပဒါ အလယ်လမ်းစဉ် ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး” ကို ကျင့်ကြံအားထုတ်ဖို့ ညွှန်ပြတော်မူထားတာပဲ ဖြစ်ပါတယ်။

မဂ္ဂင်ရှစ်ပါး ဆိုတာကတော့ သမ္မာ ဒိဋ္ဌိ – ကောင်းမြတ်စင်ကြယ်သော သိမြင်မှု၊ သမ္မာ သင်္ကပ္ပ – ကောင်းမြတ်စင်ကြယ်သော ကြံစည်မှု၊ သမ္မာ ဝါစာ – ကောင်းမြတ်စင်ကြယ်သော ဝစီကံမှု၊ သမ္မာ ကမ္မန္တ – ကောင်းမြတ်စင်ကြယ်သော ကာယကံမှု၊ သမ္မာ အာဇီ၀ – ကောင်းမြတ်စင်ကြယ်သော အသက်မွေးမှု၊ သမ္မာ ဝါယာမ – ကောင်းမြတ်စင်ကြယ်သော အားထုတ်မှု၊ သမ္မာ သတိ – ကောင်းမြတ်စင်ကြယ်သော အောက်မေ့မှု၊ သမ္မာ သမာဓိ – ကောင်းမြတ်စင်ကြယ်သော တည်ကြည်မှု တို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဆင်းရဲအမှန်ဟူသော ဒုက္ခသစ္စာ၊ ဆင်းရဲဖြစ်ကြောင်းအမှန်ဟူသော သမုဒယသစ္စာ၊ ဆင်းရဲချုပ်ငြိမ်းရာအမှန်ဟူသော နိရောဓသစ္စာ၊ ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအမှန် ဆိုတဲ့ မဂ္ဂသစ္စာ သစ္စာလေးပါးကို ဟောတော်မူခဲ့ပါတယ်။

သံဃာတော်များ ဝါဆိုလပြည့်ကျော် (၁) ရက်နေ့ကစပြီး ဝါတွင်းသုံးလကာလပတ်လုံး ဝါဆိုဝါကပ်တဲ့အခါထူး အခါမြတ်လည်း ဖြစ်ပါတယ်။ ဓမ္မစကြာတရားခေါ် ဓမ္မစကြာသုတ္တန်ဟာ အလွန်ထူးမြတ်ပြီး ဘုရားအဖြစ်သို့ ရောက်တော်မူအပြီးမှာ ဦးဦးဖျားဖျား ဟောကြားတော်မူတဲ့ တရားဒေသနာတော် ဖြစ်ပါတယ်။ ဓမ္မစကြာ သုတ္တန်ကို ပိဋကတ်ကျမ်းဂန်များမှာတော့ ဓမ္မစက္က ပဝတ္တန သုတ္တန် လို့လည်း ခေါ်ဆိုထားပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဝင်တို့ဟာ ရှေးယခင်တည်းက စားနပ်ရိက္ခာအတွက် လယ်ယာလုပ်ငန်းကို ကြိုးစား လုပ်ကိုင်ရင်း တစစ်ဘက်ကလည်း ဝါဆိုလပြည့်နေ့မှာ ကျောင်းကန်ဘုရားများကို သွားရောက်ပြီး ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအပြင် ဝါတွင်းသုံးလမှာ အခြားကာလ များထက်ပိုပြီး အလှူဒါနများပြုခြင်း၊ သီလဆောက်တည်ခြင်းနဲ့ တရားဘာဝနာကျင့်ကြံအားထုတ်ခြင်း စတာတွေကို ပြုလုပ်လေ့ရှိကြပါတယ်။

ဘုရားရှင်သာသနာတော်တွင်းက ရဟန်းတို့ဟာ ဝါဆိုလပြည့်နေ့မှာ ဝါတွင်းသုံးလပတ်လုံး မိမိတို့ရဲ့ ကျောင်းအာရမ်အတွင်းမှ အရပ်တစ်ပါးသို့ ရွှေ့ပြောင်းသွားလာခြင်း မပြုပါဆိုတဲ့ ပဋိညာဉ်နဲ့ ဝါဆို ဝါကပ်မှုများကို ပြုကြရပါတယ်။ ရဟန်းတွေ ဝါတွင်းသုံးလပတ်လုံး ငြိမ်သက်စွာ တရားအားထုတ်လျက် ရှိချိန်မှာ ဗုဒ္ဓဘာသာဝင်တို့ဟာ ရဟန်းတွေရဲ့ သိက္ခာပုဒ်တော်များကို ကြည်ညိုပြီး လပြည့်လကွယ် နေ့တွေရောက်တိုင်း သီတင်းသီလ ဆောက်တည်ကာ သူတော်ကောင်းတရား ပွားများအားထုတ်ကြခြင်း၊ ကုသိုလ်ဒါနမှုများကို ပြုကြခြင်းတို့ကို ဝါကပ်တဲ့ ရဟန်းတွေကို ချမ်းမြေ့စေရန် ထောက်ပံ့ကြပါတယ်။

ဒီလို နေ့ထူးနေ့မြတ် ဝါဆိုလပြည့်နေ့မှာ ရဟန်းရှင်လူ အများပြည်သူတို့က ဘုရားစေတီ၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ စသည်တို့မှာ ဝတ်အသင်းတွေ၊ ဓမ္မစကြာအသင်းတွေက ဓမ္မစကြာ တရားတော်ကို ပူဇော်ခြင်းဖြင့် ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ အခမ်းအနားများကို ကျင်းပကြပါတယ်။ ဓမ္မစကြာ တရားတော်ကို အစီအစဉ်ဖြင့် ရွတ်ဆိုပူဇော်ကြပါတယ်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။