Trending Now

COVID -19 ကာကွယ်တားဆီး‌ရေးအတွက် ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဗိုလ်တထောင်ဘုရားကြီးတို့တွင် ဖူးမျှော်ခွင့်အချိန်လျော့ချ

Spread the love

COVID -19 ကာကွယ်တားဆီး‌ရေးအတွက် ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဗိုလ်တထောင်ဘုရားကြီး တို့တွင် ဖူးမျှော်ခွင့်အချိန်လျော့ချ

EPN
ရန်ကုန်၊ မတ် ၂၅

အများပြည်သူရုံးပိတ်ရက်များတွင်သာမက ရုံးဖွင့်သည့်ရက်များတွင်ပါ မြန်မာနိုင်ငံရပ်နီးရပ်ဝေးမှ ဘုရားဖူး လာရောက်သူများဖြင့် နေ့စဉ် စည်ကားလျှက်ရှိသည့် ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားတစ်ဆူ ဖြစ်သော ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်တို့တွင် လက်ရှိဖြစ်ပွားနေသော COVID- 19 ပြင်းထန်အဆုတ်ရောင်ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်တားဆီး ရန်အတွက် ယနေ့နံနက်ပိုင်းမှစတင်ကာ ဘုရားဖူးမျှော်ခွင့်အချိန်ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိသာ သတ်မှတ်လိုက်ကြောင်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့၏ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

” အခုက အဆုတ်ရောင်ရောဂါပိုးရှိသူကို ဒီနိုင်ငံမှာလည်း တွေ့လာရပြီ ဆိုတော့ လူစုလူဝေးတွေနဲ့ ကျန်းမာရေးအရ အဆင်ပြေမှာမဟုတ်ဘူး ဘုရားဖူးလာတဲ့သူတွေအတွက်အန္တရာယ်ကင်းစေဖို့ရယ် နောက်ပြီးတော့ သန့်ရှင်းရေးတွေလဲလုပ်ရမယ် အဲ့ဒါတွေကြောင့် အခုလိုဘုရားဖူး ရမယ့်အချိန်ကို လျော့ချတာဖြစ်ပါတယ်” ဟု၎င်းကဆိုသည်။

ရွှေတိဂုံစေတီတော်ဘုရားကြီးအား ယခင်က နေ့စဉ် နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ ဖူးမျှော်ခွင့်ပြုထားခဲ့ခြင်းဖြစ်ပြီး ယနေ့မှစတင်၍ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိသာ ဖွင့်မည်ဖြစ်ကာ လာရောက်ဖူးမျှော်သူများ ကိုလည်း သတ်မှတ်စည်းကမ်းနှင့်အညီသာ ဖူးမျှော်ခွင့်ပြုမည် ဖြစ်ကြောင်း ပြည်သူများမှလည်းကိုယ်စီအသိဖြင့် လိုက်နာကုသိုလ်ယူ ဆောင်ရွက်ကြရန် ဘုရားကြီး၏ဂေါပကအဖွဲ့မှ အသိပေးဆိုင်းဘုတ်များ ကို ဘုရားကြီး၏ အရှေ့မုဒ်၊ အနောက်မုဒ်၊ တောင်ဘက်မုဒ် နှင့် မြောက်ဘက်မုဒ်များတွင် ကြေညာထားကြောင်းသိရသည်။

အလားတူ ဗိုလ်တထောင်မြို့နယ်တွင်းရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်တွင်လည်း ဘုရားဖူးလာရောက်သူများ ကပ်ရောဂါများကင်းဝေးစေရန်အတွက်ဘုရားဖူးချိန်ကို နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိသာ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း ဘုရားကြီး၏ ဂေါပကအဖွဲ့မှ အသိပေးဆိုင်းဘုတ်များဖြင့် ကြေညာထား ကြောင်းသိရပြီး ယခုကာလသည် COVID – 19 ကူးစက်ရောဂါပိုး ကြောင့် ရွှေတိဂုံစေတီတော်နှင့် ဗိုလ်တထောင်ဘုရားတို့တွင် ယခင်ရက်များကထက် ဘုရားဖူးလာရောက်သူများ နည်းပါးလျှက် ရှိနေကြောင်း သိရသည်။

နဒီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။