Trending Now

နေရာ အခက်အခဲကြောင့် မြစ်ကြီးနားရှိ ကိုယ်ပိုင်အတန်းကျောင်း အချို့ လူဦးရေ လျော့ချ ဖွင့်လှစ် ရမည်ဟုဆို

Spread the love

နေရာ အခက်အခဲကြောင့် မြစ်ကြီးနားရှိ ကိုယ်ပိုင်အတန်းကျောင်း အချို့ လူဦးရေ လျော့ချ ဖွင့်လှစ် ရမည်ဟုဆို

EPN
မြစ်ကြီးနား၊ မေ ၃၀

ကိုဗစ်-၁၉ ကြောင့် မြစ်ကြီးနားမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်း အချို့မှာ လာမည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် လူဦးရေ ထက်ဝက်ခန့် လျော့ချကာ ဖွင့်လှစ်သင်ကြားရမည့် အခြေအနေတွင် ရှိကြောင်း မြစ်ကြီးနားမြို့ ကိုယ်ပိုင်အထက်တန်းကျောင်း အချို့မှ သိရသည်။

ကိုယ်ပိုင်အထက်တန်းကျောင်းများအနေနှင့် ကျောင်းဖွင့်ချိန်တွင် အစိုးရ၏ ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်ရမည် ဖြစ်ပြီး ယခင်နှစ်များက ထားရှိသည့် လူဦးရေ အတိုင်း ဖွင့်လှစ်သင်ကြားရန် အခက်အခဲ များစွာ ရှိကြောင်း ရွှေပြည်သစ် ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးကျော်ထင်မြင့်က ယခုကဲ့သို့ဆိုသည်။

“မနှစ်က ဆို ဆရာ့ကျောင်းမှာ ရှစ်တန်းကနေ ဆယ်တန်းထိ ကျောင်းသား ၁၅၀ လောက်ရှိတယ်၊ နောက်ပြီး ဘော်ဒါ အနေနဲ့ရော၊ အစိုးရကျောင်း တက်သူတွေရောဆိုရင် စုစုပေါင်း ၂၀၀ ကျော်ရှိတယ်။ ဒီနှစ်တော့ အဲ့ဒီ ဦးရေအတိုင်းထားရင် စာသင်ခန်းနဲ့ အိပ်ဆောင် တွေက အဆင်မပြေ တော့ဘူးပေါ့” ဟု ဦးကျော်ထင်မြင့် က ပြောပြသည်။

လက်ရှိအခြေအနေအရ ကျောင်းသားဦးရေ ထက်ဝက်ခန့်လျော့ချကာ ဖွင့်လှစ်ရမည် ဖြစ်သော်လည်း ကျောင်းဝင်ကြေးများကို တိုးမြှင့် ကောက်ခံသွားမည် မဟုတ်ကြောင်း ပညာမိုး ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ် ဦးမျိုးမင်းက ပြောသည်။

“ဒီလို ကျောင်းသားဦးရေ လျောချလိုက်လို့လဲ ကျောင်းဝင်ကြေး၊ ကျောင်းလခကတော့ တိုးမြှင့်ပြီးတော့ မကောက်ခံပါဘူး၊ ဒီလိုအခြေအနေမျိုးမှာ ထပ်တောင်လျှော့ချပေးရဦးမှာပါ” ဟု ဦးမျိုးမင်းက ဆိုသည်။

ကျန်းမာရေးက အဓိကကျသည့်အတွက် လူဦးရေ လျော့ချပြီး ဖွင့်လှစ်သင်ကြားမှသာ လက်ရှိ စာသင်ခန်း၊ အိပ်ဆောင်များ တွင် ထားရှိရန် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ရွှေပြည်သစ် ကိုယ်ပိုင် အထက်တန်းကျောင်းအုပ် ဦးကျော်ထင်မြင့်က ဆိုသည်။

အလားတူ ပညာမိုး ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ် ဦးမျိုးမင်းက “ဆရာ အခုစီစဉ်ထားတာတော့ အရင်က ၄၀ ကျော်လောက်ဆန့်တဲ့ အခန်းကို လူ ၂၀ နှုန်းလောက်ပဲ ထားပြီး သင်သွားမယ်၊ ကျောင်းပိတ်ရက်များသွားပေမယ့်လဲ အခုလို လူနည်းနည်းနဲ့ ထိထိရောက်ရောက် ဖြစ်သွားမယ်၊ ကျန်းမာရေး အတွက်လဲ ပိုပြီး ဂရုစိုက်ပေးနိုင်မယ်လေ” ဟု ဖြည့်စွက် ပြောပြသည်။

ထို့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကိုယ်ပိုင်ကျောင်းများအသင်းကနေ ကိုဗစ်နိုင်းတင်း ကပ်ရောဂါကာလအတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်ပါက ကျောင်းသူ/သားများ ရောဂါအန္တရာယ်ကင်းရှင်းစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် COVID-19 Guide Line နှင့်အညီ ကာကွယ်ထိန်းချုပ်နိုင်ရေး စီးမံချက်များ ရေးဆွဲ ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

မင်းမင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။