Trending Now

ဆူးလေ လူကူးကုန်းကျော်တံတားအောက် ပေါက်ကွဲမှုဖြစ်၊ ပလုံကောက်ကလေးငယ် (၅)ဦး ထိခိုက်ဒဏ်ရာရ

Spread the love

ဆူးလေ လူကူးကုန်းကျော်တံတားအောက် ပေါက်ကွဲမှုဖြစ်၊ ပလုံကောက်ကလေးငယ် (၅)ဦး ထိခိုက်ဒဏ်ရာရ

EPN
ရန်ကုန်၊ မတ် ၂၈ (၂၀၂၄)

ရန်ကုန်မြို့လယ်ရှိ ဆူးလေ လူကူးကုန်းကျော်တံတားအောက်တွင် ယမန်နေ့ (မတ် ၂၇ ရက်)၊ ညပိုင်းက ပေါက်ကွဲမှုဖြစ်စဥ်ဖြစ်ပွားခဲ့ရာ ပလုံကောက်ကလေးငယ် (၅)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများ၊ လူမှုကူညီရေး အသင်းဝင်များထံမှ သိရသည်။

ယမန်နေ့၊ ည ၇ နာရီခွဲကျော်ခန့်က ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ်ရှိ ဆူးလေ လူကူးကုန်းကျော်တံတားအောက်တွင် ပလုံကောက်ကလေးငယ်များသည် ကြွတ်ကြွတ်အိတ်အမည်းရောင်တစ်လုံးအား ဆွဲထုတ်စဥ် အထုတ်အတွင်းမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ပလုံကောက်ကလေးတွေက ကြွတ်ကြွတ်အိတ် အမည်းတစ်လုံးကို ဆွဲထုတ်နေတုန်း အိတ်ထဲကနေ ပေါက်ကွဲသွားတာလို့ သိရတယ်။ ကလေး (၅) ယောက်ဒဏ်ရာရတယ်။ အကြီးဆုံးကလေးက (၁၇)နှစ်ပဲရှိသေးတယ်။ စိုးရိမ်ရတဲ့ အနေအထားတွေရှိတယ်။ လိုအပ်တဲ့ စစ်ဆေးတာတွေ လုပ်နေပါတယ် ” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုကြောင့် ဖြိုးထက်ပိုင် (၁၇)နှစ်၊ ဖိုးသောကြာ (၁၆)နှစ်၊ ကျော်ကျော် (၁၄)နှစ်၊ ဖိုးလပြည့် (၁၁)နှစ်နှင့် စန်ဂျေပါး (၁၁)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ (စိုးရိမ်ရနှင့်မစိုးရိမ်ရ)များ ရရှိခဲ့သဖြင့် လူမှုကူညီရေး အသင်းဝင်များက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

” ရန်ကုန်မှာဖြစ်တဲ့ ပေါက်ကွဲမှုဖြစ်စဥ်တိုင်းမှာ ထိခိုက်ဒဏ်ရာရတဲ့လူတွေက ပြည်သူတွေပဲ။ အခုဖြစ်စဥ်မှာဆိုရင် ပလုံကောက်တဲ့ကလေးတွေ ဒဏ်ရာရတယ်။ သူတို့လေးတွေက မိသားစုစားဝတ်နေရေးအတွက် ပလုံကောက်ပြီး ရှာဖွေနေကြတာ။ အခုလို ထိခိုက်သွားတော့ ပေါက်ကွဲမှုဖြစ်အောင်လုပ်တဲ့ လူတွေက တာဝန်ယူမှာလား။ လုံးဝတာဝန်မယူဘူး။ သူတို့ပြောနေတဲ့ စကားလုံးတွေနဲ့ လုပ်ရပ်တွေက တခြားစီပဲ။ အခုလို ဖြစ်စဥ်မျိုးတွေကြောင့် ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေ အများကြီးပဲ။ မဖြစ်သင့်တဲ့လုပ်ဆောင်ချက်တွေပါ ” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ပြောသည်။

၎င်းအပြင် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။