Trending Now

“ထိန်ထိန်ညီးညီးသာပါစေ ငွေသော်တာ”

Spread the love

“ထိန်ထိန်ညီးညီးသာပါစေ ငွေသော်တာ”
~~~~~~~~~~~~~~~~~~~~~~~~~

(ကျန်းမာရေးဝန်ထမ်းများအတွက် ဂုဏ်ပြု အတွေးစာစု။)

စာရေးဆရာအကြီးကိုကို(ကသာ) ရေးသည်။
“ထိန်ထိန်ညီးညီးသာပါစေ ငွေသော်တာ”
နင် ဘာလုပ်နေသလဲ ငါမမေးချင်ဘူး။
နင် အသက်ပေးနေတယ်ဆိုတာ
ငါ သိပါတယ်လေ။
နိုင်ငံတော်က ကာကွယ်ရေးဝတ်စုံ
လုံခြုံအောင်မပေးထားလည်း
နင် ဒီနေရာကို သွားရဲတယ်နော်။
ကိုရိုနာဗိုင်းရပ်စ်က
တံတိုင်းခတ်လို့ မရဘူးသူငယ်ချင်းရယ်။
သေနတ်နဲ့ပစ်သတ်လို့လည်း
သေတတ်တာမျိုး မဟုတ်ဘူးလေ။
မိုင်းခွဲသုတ်သင်ရင်လည်း
သူက အသက်ရှင်ဆဲပဲဟ။
မ အ စမ်းပါနဲ့ဟယ်။
မသွားနဲ့ မသွားပါနဲ့
ငါတို့တားခဲ့ပေမယ့်လည်း
နင် အားထည့်ပြီး သွားခဲ့ပြီ။
နင်သွားတာ သန်း(၅၀)အတွက်။
ငါတို့နိုင်ငံတော်အတွက်။
ငါတို့အသက်တွေ အတွက်ပေါ့။
နင် မျက်ရည်မကျပေမယ့်
ငါတို့ သန်း(၅၀)ရဲ့မျက်ရည်တွေ
တသွင်သွင်စီးနေပါတယ်လေ။
– မျက်စိနဲ့မမြင်ရတဲ့ ရန်သူကို စိမ်ခေါ်
အပြတ်ဆော်မလို့ တဲ့။
– မြန်မာပြည်မှာ ကိုရိုနာဗိုင်းရပ်စ်ပြိုကွဲ
သူလဲမှ ငါတို့ပြန်ခဲ့မယ် တဲ့။
– ငါမသေမချင်း
ငါ့ပြည်တွင်းကို မွှေနှောက်ခွင့်မပေးဘူး တဲ့။
– ပြည်သူတွေရှေ့က မားမားမတ်မတ် ထရပ်၊
နင် စိတ်ထားတတ်တာကို
လေးစားပါတယ်သူငယ်ချင်းရယ်။
အော်.. သူငယ်ချင်းရယ်
နင့်စိတ်ဓာတ် နင့်ဆုံးဖြတ်ချက်ဟာ
နင့်အတွက်ဘာမှ မရှိပါလားကွယ်။
ကောင်းကင်မှာ ငွေသော်တာရောင်ခြည်ထွန်းလင်း ကိုရိုနာဗိုင်းရပ်စ် ကင်းမှ ပြန်လာမယ်တဲ့။
ရဲရင့်တဲ့ ငွေသော်တာ၊
ရဲဝံ့တဲ့ ငွေသော်တာ၊
နီစွေးတဲ့ ပတ္တမြားသွေးနီနီ ငွေသော်တာ၊
နင်တို့ ငွေသော်တာတွေ
ကောင်းကင်မှာ ထိန်ထိန်သာ၊
မြန်မာပြည်အတွက် ရောင်ခြည်တွေလင်းဖြာ
ထိန်ထိန်ညီးညီးသာလိုက်စမ်းပါ ငွေသော်တာ။
အကြီးကိုကို-ကသာ
(25/3/2020) ဗုဒ္ဓဟူးနေ့၊၊ မြစ်ကြီးနား၊(09:09)pm ချစ်သူငယ်ချင်း ငွေသော်တာရောင်ခြည် စစ္စတာဒေါ်မြင့်မြင့်ဝေ (ရွှေဘိုပြည်သူ့ဆေးရုံသို့)။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။