Trending Now

ရှမ်းနီအမျိုးသားတပ်မတော် (SNA) အား KIA၊ PDF ပူးပေါင်းအဖွဲ့မှ လူအင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်

Spread the love

ရှမ်းနီအမျိုးသားတပ်မတော် (SNA) အား KIA၊ PDF ပူးပေါင်းအဖွဲ့မှ လူအင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်

EPN
မြစ်ကြီးနား၊ ဩဂုတ် ၈

ကချင်ပြည်နယ် နယ်စပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရှိ ရွှေပြည်မြင့် ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်စခန်း အား KIA၊ PDF ပူးပေါင်းအဖွဲ့တို့က ဩဂုတ်လ ၈ ရက်နေ့ ယနေ့နံနက် ၁နာရီ အချိန်ခန့်တွင် အင်အား အလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရွှေပြည်မြင့်တွင် တပ်စွဲထားသည့် ရှမ်းနီအမျိုးသားတပ်မတော် (SNA) အား KIA၊ PDF ပူးပေါင်းအဖွဲ့မှ ယနေ့ နံနက် ၁ နာရီ အချိန်ခန့်တွင် အင်အား ၃၀၀ ခန့်ဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သည့် အတွက် (SNA) ဘက်မှ တပ်စခန်း ဆုတ်ပေးလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီမနက်အစောပိုင်း ည၁နာရီ လောက်ကမှာ KIA၊ PDFပူးပေါင်းအဖွဲ့က အင်အား ၃၀၀လောက်နဲ့ ဝင်တိုက်တယ် အဲ့ဒီနေရာမှာတော့ ရှမ်းနီတပ်အနေနဲ့ လူအင်အား သိပ်မရှိလောက်ဘူး တိုက်ပွဲဖြစ်တာတော့ တော်တော်ကြာတယ် မနက်ငါးနာရီလောက်မှ ပြီးတယ် ထင်တယ် ရှမ်းနီတပ်စခန်း ဆုတ်ပေးလိုက်ရတယ်လို့ ကြားတယ်”ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ဆိုသည်။

အဆိုပါ တိုက်ပွဲကြောင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားလာမည်ကို ဒေသခံ ပြည်သူများ အနေဖြင့် စိုးရိမ်နေကြကြောင်း ယခုကဲ့သို့ ဆိုသည်။

“ဒီမနက် တိုက်ပွဲဖြစ်သံတွေ ကြားတယ် မနက် မိုးလင်းအချိန်ထိ ဟုတ်တယ်၊ ရှမ်းနီတပ်စခန်း ကျတယ်လို့လည်း ကြားရတယ် အခြေအနေကတော့ ဒီတိုင်း ပြီးမယ် မထင်ဘူး ဒီထက် ပိုမိုပြင်းထန်လာရင် ဒေသခံတွေ အများကြီး ထိခိုက်ကြမှာကို စိုးရိမ်နေကြတယ်၊ အမြန်ဆုံးငြိမ်းချမ်းချင်မိတယ်” ၎င်းကပြောသည်။

ထို့အပြင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာ အတွင်း တပ်စွဲထားသည့် တပ်မတော် တပ်စခန်းကိုလည်း ယနေ့ ဩဂုတ်လ ၈ ရက်တွင်ပင် KIA၊ PDF ပူးပေါင်းအဖွဲ့တို့က သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။