Trending Now

KIA၊ KIO လက်နက်ကိုင်အဖွဲ့မှ မြစ်ကြီးနား တိုက်နယ်မှူး အပါအဝင် ငါးဦး ဖမ်းဆီးရမိ၊ တစ်ဦးသေဆုံး

Spread the love

KIA၊ KIO လက်နက်ကိုင်အဖွဲ့မှ မြစ်ကြီးနား တိုက်နယ်မှူး အပါအဝင် ငါးဦး ဖမ်းဆီးရမိ၊ တစ်ဦးသေဆုံး

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၃ (၂၀၂၃)

မြစ်ကြီးနားမြို့‌၌ KIA၊ KIO လက်နက်ကိုင်အဖွဲ့မှ မြစ်ကြီးနား တိုက်နယ်မှူး အပါအဝင် (၅) ဦးကို အောက်တိုဘာ (၂) ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက် အတွင်းက ကွမ်းယာဆိုင်များ၊ ထမင်းဆိုင်များ၊ ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်များတွင် ဆက်ကြေး လိုက်လံကောက်နေသည့် KIA လက်နက်ကိုင် အဖွဲ့ဝင် နှစ်ဦးကို ဖမ်းဆီးရမိခဲ့ရာမှ တိုက်နယ်မှူး အဆင့်ရှိ KIA၊ KIO အဖွဲ့ဝင်များကို ဆက်လက် ဖမ်းဆီးရခြင်းဖြစ်ကြောင်း သတင်းရင်းမြှစ် တစ်ဦးက ပြောပြသည်။

“မနေ့က အေးမြသာယာဘက်မှာ ဆက်ကြေး လိုက်ကောက်နေတဲ့ လူငယ်နှစ်ဦးကို ဖမ်းမိခဲ့တယ်၊ သူတို့ကနေ တဆင့် တိုက်နယ်မှူး အဆင့်ရှိတဲ့ သူတွေကိုပါ ထပ်ပြီး ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်” ၎င်း ကဆိုသည်။

ဆက်ကြေး လှည့်လည် ကောက်နေသည့် လူငယ် နှစ်ဦး၏ ထုတ်ဖော်ချက် အရ တပ်ကုန်း ထီဝင်း နယ်မြေအတွင်း၌ ဒုမြို့နယ်မှူး အပါအဝင် တိုက်နယ်မှူး အဆင့်ရှိ KIA၊ KIO အဖွဲ့ဝင် သုံးဦးကို သွားရောက်ဖမ်းဆီးခဲ့ရာ ပြန်လည် ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့စဉ် တစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး အရှင် ဖမ်းမိခဲ့ကြောင်း သိရသည်။

“အရင်ဖမ်းမိတဲ့ လူငယ်တွေ ဖော်လို့ တိုက်နယ်မှူးတွေ၊ ဒုမြို့နယ်မှူးတွေ ကို သွားဖမ်းတာ၊ ဒုမြို့နယ်မှူးဆိုတဲ့ သူက ခုခံလို့ ပစ်ဖမ်းခဲ့တာ လက်နဲ့ ခြေထောက်မှာ ထိခိုက်ဒဏ်ရာ ရရာကနေ သွေးထွက်လွန် သေဆုံးသွားတယ်”ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသူများသည် မြစ်ကြီးနား တိုက်နယ်မှူးအဆင့် (၁) ဦး၊ ဒုမြို့နယ်မှူး(၁)ဦး၊ နောင်ရာ ဒုမြို့နယ်မှူး (၁) ဦး နှင့် ဆက်ကြေးလှည့်လည် ကောက်ခံနေသည့် လူငယ် (၂) ဦး စုစုပေါင်း (၅) ဦး အနက် ဒုမြို့နယ်မှူးဆိုသူ (၁) ဦး ဖမ်းဆီးစဉ် ခုခံသဖြင့် ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့ကြောင်း သိရသည်။

ယခုနှစ်၊ ဇွန်လ အတွင်းကလည်း မြစ်ကြီးနားမြို့ပေါ်တွင် တိုက်နယ်မှူးအဆင့်ရှိ KIA၊ KIO အဖွဲ့ဝင်များ ဖမ်းဆီးမိခဲ့ကြောင်း သိရပြီး ၂၀၂၂ ခုနှစ် အတွင်း ကလည်း တပ်ကုန်းရပ်ကွက် အတွင်းရှိ KTV နှင့် Bar များတွင် လာရောက် သောက်စား ပျော်‌ပါးနေသော KIA အဖွဲ့ဝင်များကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။