Trending Now

လီဆူပြည်သူ့စစ်တပ်ဖွဲ့နှင့် ဒူးလေးပါတီအား KIA၊ PDF များက ရည်ရွယ်ချက်ရှိရှိ ပုံဖျက်နေသည့်ဟု ဦးရွှေမင်းဆို

Spread the love

လီဆူပြည်သူ့စစ်တပ်ဖွဲ့နှင့် ဒူးလေးပါတီအား KIA၊ PDF များက ရည်ရွယ်ချက်ရှိရှိ ပုံဖျက်နေသည့်ဟု ဦးရွှေမင်းဆို

EPN
မြစ်ကြီးနား၊ သြဂုတ် ၂၆

လီဆူပြည်သူ့စစ်တပ်ဖွဲ့နှင့် ဒူးလေးပါတီ တို့အား KIA၊ PDF အဖွဲ့များက ရည်ရွယ်ချက်ရှိရှိ မကြာခဏ ပုံဖျက်နေသည်ဟု ဒူးလေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းက ပြောကြားလိုက်သည်။

ဝိုင်းမော်မြို့နယ်၊ ဆနီခူးရွာအနီးတွင် အခြေစိုက် လှုပ်ရှားနေသည့် KIA PDF ပူးပေါင်းအဖွဲ့က သြဂုတ်လ ၂၄ ရက်နေ့တွင် မူးယစ်ဆေးဝါးနှင့် လက်နက်တင်ဆောင်လာသည့် လူ ၄ ဦးအား ဖမ်းဆီးလိုက်ကြောင်းနှင့် ယင်းမူးယစ်ဆေးဝါး သယ်လာသူများမှာ လီဆူပြည်သူ့စစ်တပ်ဖွဲ့ဝင်များဖြစ်ပြီး ဦးရွှေမင်း ခိုင်းစေကြောင်း ယမန်နေ့က လူမှုကွန်ရက် ပေါ်တွင် ပျံ့နှံ့မှုနှင့် ပတ်သက်ပြီး ဒူးလေးပါတီဥက္ကဋ္ဌ ဦးရွှေမင်း အား ဆက်သွယ်မေးမြန်းရာတွင် “လီဆူပြည်သူ့ စစ်တပ်ဖွဲ့နှင့် ဒူးလေးပါတီ တို့အား KIA၊ PDF အဖွဲ့များက ရည်ရွယ်ချက်ရှိရှိ မကြာခဏ ပုံဖျက်နေတယ်” ဟု EPN သတင်းဌာနသို့ ပြောကြားခဲ့သည်။

“ဒါက ကျနော်နဲ့ လုံး၀ မသက်ဆိုင်ပါဘူး၊ ဖမ်းခံရတာက ကျနော်တို့လူလဲ မဟုတ်ပါဘူး၊ သက်သက်နာမည် ဖျက်ကြတာပါ၊ ကျနော်တို့အနေနဲ့ မူးယစ်ဆေးဝါးနဲ့ လက်နက် အရောင်းအဝယ် လုံး၀ မလုပ်ပါဘူး ကျနော် လူတွေကိုလဲ ဒါတွေမလုပ်ဖို့ တားမြစ်ထားပါတယ်၊ ဒီကိစ္စနဲ့ ကျနော်တို့ ကင်းရှင်းပါတယ်၊ လီဆူပြည်သူ့ စစ်တပ်ဖွဲ့ဝင် တွေလဲ မဟုတ်ဘူးလို့ သိရပါတယ်။ ကျနော်နဲ့ ဒူးလေးပါတီ၊ နောက် လီဆူပြည်သူ့စစ်တပ်ဖွဲ့ကို KIA၊ PDF အဖွဲ့ကနေ ရည်ရွယ်ချက်ချက်ရှိရှိ မကြာခဏ ပုံဖျက်တာနေတာ ဖြစ်တယ်” ဟု ဦးရွှေမင်းက ဆိုသည်။

ထို့အပြင် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာတွင် အခြေစိုက်ထားသည့် လီဆူပြည်သူ့စစ်တပ်ဖွဲ့ အား ဦးရွှေမင်း၏ အဖွဲ့ဟု အသွင်သွင် ပြောဆိုနေကြသည့်အပေါ် “ကျနော်က နိုင်ငံရေးပါတီ တစ်ခုရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်၊ ဒူးလေးပါတီ လို့ခေါ်တဲ့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ပါ၊ ကျနော်က နိုင်ငံရေးလုပ်တာ မှန်ပါတယ်၊ သူတို့ရေး နေသလို လီဆူပြည်သူ့စစ်တပ်ဖွဲ့ကို ကျနော်တို့ ဒူးလေးပါတီက လုပ်ထားတာ မဟုတ်ဘူး၊ ဒါပေမယ့် ကျနော်တစ်ဦး တစ်ယောက်တည်း တစ်သီးပုဂ္ဂလ အနေနဲ့ လီဆူပြည်သူ့စစ်အဖွဲ့ကို အားပေး ထောက်ခံတာတွေတော့ ရှိပါတယ်။” ဟု ဦးရွှေမင်းက ပြောသည်။

ဒါ့အပြင် “ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း ချီဖွေဘက်မှာ ဦးရွှေမင်းနဲ့ လီဆူပြည်သူ့စစ်တပ်ဖွဲ့ရဲ့ မြင်းတွေ၊ လားတွေတင်လာတဲ့ ကားကို KIA PDF အဖွဲ့က မီးရှို့ဖျက်ဆီးပြီး သယ်ယူလာတဲ့ မြင်တွေလားတွေ ကို သိမ်းသွားတယ်ဆိုတဲ့ သတင်းကလဲ အခုလိုပဲ ပုံဖျက်ခံရတာပါ၊ ကျနော်တို့မှ မြင်းတစ်ကောင်၊ လားတစ်ကောင် မှ မပိုင်ဆိုင်ဘူး၊ KIA PDF အဖွဲ့အနေနဲ့အတူ သူတို့ရဲ့ မီဒီယာတွေကနေ ပုံဖျက်နေတာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

KIA၊PFD အဖွဲ့မှ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ နှင့် လီဆူပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ကို အမည်ဖျက် ရေးသား ဖော်ပြနေသည် မှာ ယခုနှစ်အတွင်း၌ နှစ်ကြိမ်မြောက် ပြုလုပ်ခဲ့သည့်အတွက် ယင်းလုပ်ရပ်အပေါ် ပြင်းပြင်းထန်ကန့်ကွက်ရှုံ့ချကြောင်း ၎င်းက ထည့်သွင်းပြောဆိုထားသည်။

ဩဂုတ်လ ၂၄ရက် နေ့တွင် ဆဒုံး – ဆိုင်လော် – မန်ဝင်း လမ်းအတိုင်း မောင်းနင်လာသည့် ပရာဒိုကားအား KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဆနီခူးရွာ အထက်တွင် ရပ်တန့် စစ်ဆေးရာတွင် အမျိုးသားလေးဦးနှင့် မူးယစ်ဆေးဝါးများအပြင် ပစ္စတိုတစ်လက် တို့ ဖမ်းဆီးရမိဆိုသည့်သတင်း၌ အဖမ်းခံရသည့် အမျိုးသား လေးဦးအနက် တစ်ဦးမှာ KIA တပ်မဟာ၅၊ တပ်ရင်း ၃ မှ ဒုတပ်ရင်းမှူး၏ ညီဖြစ်သူ ဦးဆောင်ပါဝင်နေကြောင်း ဦးရွှေမင်း၏ ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထားသည်ကို တွေ့ရသည်။

KIA လက်နက်ကိုင်အဖွဲ့မှ လီဆူပြည်သူ့စစ်တပ်ဖွဲ့နှင့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) အား ရည်ရွယ်ချက်ရှိရှိ မဟုတ်မမှန် အပုတ်ချ ဝါဒဖြန့်ရေးသားဖော်ပြနေသည့် မီဒီယာ များနှင့် Facebook အကောင့်များကို အထူးဂရုစိုက် သင့်ကြောင်း ၎င်းက ဆိုသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။