Trending Now

ဆန်ဈေး အဆမတန် မြင့်တက်မှုကြောင့် ဝင်ငွေနည်းပါးသည့်မိသားစုများ စားဝတ်နေရေး အခက်တွေ့

Spread the love

ဆန်ဈေး အဆမတန် မြင့်တက်မှုကြောင့် ဝင်ငွေနည်းပါးသည့်မိသားစုများ စားဝတ်နေရေး အခက်တွေ့

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ယခုနှစ်စပိုင်းမှ စတင်ကာ ဆန်ဈေးများ အဆမတန်မြင့်တက်လာမှုကြောင့် ဝင်ငွေနည်းပါးသည့် မိသားစုများအနေဖြင့် စားဝတ်နေရေးအတွက် များစွာ အခက်အခဲဖြစ်‌နေကြသည်ဟု သိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလဆန်းမှ စတင်ကာ ဆန်ဈေးနှုန်းများမှာ ကျပ် (၅၀၀၀-၆၀၀၀) ကျော်အထိ မြင့်တက်နေပြီး အချို့ဆန် အမျိုးအစားများမှာ ကျပ်တစ်သောင်းခွဲကျော် အထိ မြင့်တက်နေသည့်အတွက် ဝင်ငွေနည်းပါးသည့် မိသားစုများမှာ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲများစွာ ဖြစ်နေကြောင်း မြစ်ကြီးနားမြို့အတွင်း နေထိုင်နေသည့် နေ့စားလုပ်ကိုင်သူ အမျိုးသားတစ်ဦးက ပြောပြသည်။

“ကိုဗစ်နောက်ပိုင်းကစပြီး အခုနိုင်ငံရေးအခြေအနေတွေကြောင့်ရော ကုန်ဈေးနှုန်းတွေက တစ်နေ့တစ်ခြား မြင့်တက်လာတယ်၊ အဲဒီအထဲမှာမှ ဆန်ဈေးက အရင်ကထက် အဆမတန် မြင့်တက်လာတော့ အဆင်ပြေနေတဲ့ မိသားစုဝင်တွေ၊ ပုံမှန်ဝင်ငွေ ရနေတဲ့သူတွေ အတွက်က ရင်ဆိုင်နိုင်ပေမယ့် သာမာန် မိသားစုတွေ အဲဒီထက်ပိုပြီး အဆင်မပြေတဲ့ မိသားစုတွေ၊ ကျွန်တော်တို့လို တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ မိသားစုဝင်တွေအတွက်က စားဝတ်နေရေးအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုကြီး ဖြစ်သွားပြီ၊ လုံးဝကို အဆင်မပြေတော့ဘူး။” ဟု ၎င်းက ဆိုသည်။

နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ကုန်သွယ်စီးဆင်းမှုများ နှောက်နှေးကာ လမ်းခရီး သယ်ယူရန် အခက်အခဲများ ရှိနေခြင်း၊ ဆန်စပါး စိုက်ပျိုးရိတ်သိမ်းမှု နောက်နှေးမှုများ၊ ဆန်အဓိကထွက်ရှိရာ ဒေသများတွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားမှုများ၊ မီးလောင်မှုများကြောင့် တောင်သူများအနေဖြင့် စပါးမစိုက်ပျိုးနိုင်ခြင်း၊ စပါးကျီများ မီးထဲပါသွားခြင်းတို့ကြောင့် ဆန်ဈေးနှုန်းများမှာ တစစ မြင့်တက်လာခြင်းဖြစ်သည်ဟု သုံးသပ်ကြောင်း မြစ်ကြီးနားမြို့ပေါ် လက်လီ လက်ကား ဆန်ရောင်းချနေသည့် ဆန်ကုန်သည် တစ်ဦးက ပြောပြသည်။

“ဆန်ဈေးကတော့ ရှေ့လကစပြီး တက်လာခဲ့တာ ဟုတ်တယ်၊ ပေါ်ဆန်းမွှေး တစ်အိတ်ကို (၁၀၀၀၀) လောက်တက်သွားတယ် အရင်ကတော့ (၉၈၀၀၀) လောက်ပဲရှိတာပေါ့ အခုတော့ (၁၀၇၀၀၀)အထိ ဈေးမြှင့်လာတယ် အခြားဆန်အားလုံးလဲ ဈေးတက်လာတယ်လို့ ပြောလို့ရတယ်၊ တစ်အိတ်ကို (၅၀၀၀-၆၀၀၀) ကျော်ကနေ (၁၀၀၀၀) ကျော်လောက်ကို တက်သွားတယ်၊ ဆန်ဈေးတက်ရတာတော့ အဓိက နိုင်ငံအခြေအနေကြောင့် စိုက်ပျိုးမှု အပိုင်းတွေ နောက်နှေးတာမျိုးတွေရှိတယ်၊ နောက်ပြီးသယ်ယူရတာလဲ တိုက်ပွဲတွေဖြစ်ရင် ရပ်ထားရတာတွေ၊ မတက်လာရဲကြတာတွေ၊ စတဲ့အခက်အခဲတွေကြောင့်ပဲ အခုလို ဆန်ဈေးတွေ တက်နေရတာဖြစ်တယ်လို့ ယူဆတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ မြစ်ကြီးနားမြို့ပေါ်တွင် ပေါ်ဆန်းမွှေး တစ်အိတ်လျင် (၁၀၇၀၀၀)ကျပ်၊ ငွေတိုး (၇၀၀၀၀) ကျပ်၊ ဧရာမင်း (၇၃၀၀၀) ကျပ် အထိ ပေးဝယ်နေရပြီး ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ပေါ်ဆန်းမွှေး တစ်အိတ်လျင် (၉၈၀၀၀)ကျပ် နှင့် ငွေတိုး၊ စောရှုပ်၊ ဧရာမင်း စသည့် ဆန်တို့မှာ (၅၀၀၀၀) ဝန်းကျင်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် မြစ်ကြီးနားမြို့ပေါ် မှ ဆန် လက်လီလက်ကား အရောင်းဆိုင် ပိုင်ရှင် တစ်ဦးကလည်း “ဆန်ဈေးက တက်ဦးမှာပဲလေ အောက်ပိုင်းမှာ ဆန်ဝယ်ရခက်လို့ဆိုပြီး မြစ်ကြီးနား အထိ လာတက်ဝယ်ကြတာ၊ အခုလအတွင်းမှာကို အကြိမ် နှစ်ဆယ်မကဘူး၊ စစ်ကိုင်းတိုင်းဘက်က လာဝယ်ကြတာ၊ တစ်ချို့လဲ မြစ်ကြီးနားက လူတချို့က ကသာတို့၊ ရွှေဘိုတို့ မှာနေတဲ့ ဆွေမျိုးတွေဆီကို ပါးပေးဖို့ဆိုပြီး လာလာ ဝယ်ကြတယ်၊ အဲ့ဒီဘက်မှာက စပါးက မစိုက်နိုင်၊ စုဆောင်းထားတဲ့ စပါးတွေကလဲ ရွာလုံးကျွတ်နီးပါး မီးတွေလောင်လို့ စပါးကျီတွေ မီးထဲပါသွားကြလို့ ဆန်မရှိကြတော့ဘူးလေ၊ ဒါကြောင် ဒီဘက်ကိုတက်ပြီး လာဝယ်ကြတာပေါ့၊ တိုင်းရေးပြည်ရေး မကောင်းတော့ တောင်သူတွေလဲ စပါးကောင်းကောင်း မစိုက်ပျိုးနိုင်၊ ဝယ်ရသယ်ရတာလဲ အခက်အခဲအမျိုးမျိုး ဆိုတော့ ဈေးကမြင့်သထက် မြင့်နေဦးမှာပဲ၊ ဆန်ဈေးတွေ မြင့်လွန်းလို့ ရောင်းပေးရတာတောင် ဝယ်သူတွေကို အားနာလာတယ်၊ ဒါပေမယ့်လဲ ကိုယ်လဲ ကိုက်တဲ့ဈေးနဲ့ ရောင်းချ‌ပေးနေတာ၊ တွက်ခြေလဲမကိုက်ပါဘူးရှင်၊ ဆန်ဈေးမြန်မြန် ကျ‌စေချင်ပါတယ်” ဟု ပြောပြသည်။

ယခုနှစ်ဆန်းပိုင်းက စတင်ကာ ကချင်ပြည်နယ်အတွင်း ဆန်ဈေး အစမတန် မြင့်တက်နေပြီး အထူးသဖြင့် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်း စသည့်ဒေသများထက် ဖားကန့်၊ တနိုင်း၊ ချီဖွေ၊ ဆော့လော်၊ ပူတာအိုဒေသများ၌ ဆန်ဈေး ပို၍ ဈေးကြီးပေးကာ ဝယ်ယူနေကြရသည်ဟု စုံစမ်းသိရသည်။

ထို့အတူ ကချင်ပြည်နယ် နည်းတူ အခြား တိုင်းနှင့် ပြည်နယ်များတွင်လည်း ဆန်ဈေး တက်နေသည်ဟု သိရသည်။

ယခုကဲ့သို့ ပြည်တွင်း၌ ဆန်ဈေး မြင့်တက်နေသော်လည်း၂၀၂၂ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့အထိ နိုင်ငံခြားသို့ တင်ပို့ခဲ့သည့် ဆန်၊ ဆန်ကွဲ တန်ချိန်ပေါင်း (၁၈၃၆၁၅၄) မက်ထရစ်တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၆၇၉)သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။