Trending Now

ရေကြည်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးပစ်သတ်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံ ၃၃ ဦးဖမ်းဆီးခံရ

Spread the love

ရေကြည်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးပစ်သတ်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံ ၃၃ ဦးဖမ်းဆီးခံရ

EPN
ရေကြည် ၊ စက်တင်ဘာ ၊ ၂၁

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် ခန့်အပ်ထားသည့် ဇရပ်လှကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံ ၃၃ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးထားကြောင်းဒေသခံများထံမှသိရသည် ။

ပစ်သတ်ခံရသည့် အုပ်ချုပ်ရေးမှူး ဦးတာဘူးမှာ စက်တင်ဘာ ၁၄ ရက်နေ့က ကျေးရွာစာသင်ကျောင်းကိစ္စဖြင့် ရေကြည်မြို့ပေါ်သို့ ဆိုင်ကယ်မောင်းပြီး ထွက်လာသည့် အချိန် ကျုံတာကျေးရွာအနီးတွင် မျက်နှာဖုံး စွပ်ထားသည့် သေနတ်သမားများက ဆိုင်ကယ် ဖြင့် ပစ်သတ်သွားခဲ့ခြင်းဖြစ်ပြီး ရိုးမတိုက်ဂါးအဖွဲ့ PDF မှ ပစ်သတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်တွင် ဖော်ပြထားသည်။

ထိုသို့ ပြောဆိုထားသော်လည်း သက်ဆိုင်ရာအဖွဲ့များမှ စက်တင်ဘာ ၂၀ ရက်နေ့မှ စ၍ သေနတ်ဖြင့်ပစ်သတ်ခံရသည့်ဖြစ်စဉ် နှင့်ပတ်သက်သည်ဟုဆိုပြီးကာ ဒေသခံ ၃၃ ဦးကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း အဖမ်းခံရသူများအား ကူညီပေးနေသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။

”၁ ယောက် ၂ ယောက် ပဲ အဖမ်းခံရတယ် ထင်တာ ၊ ညက လာဖမ်းတာ ၊ မိုးလင်းတော့ ၃၀ ကျော်တယ်ဆိုတာ တိတိကျကျ သိရတာ ၊ အုပ်ကြီး ပစ်သတ်ခံရတဲ့ ကိစ္စနဲ့ အဓိကပတ်သက်ပြီး ဖမ်းတာ၊ရဲနဲ့ တပ်ပါတဲ့အဖွဲ့ကဖမ်းတာ၊ အခု အဖမ်းခံရတဲ့ သူတွေထဲမှာ ရေကြည်က CDM ဝန်ထမ်း တချို့ပါ ပါသွားတယ်”ဟု ၎င်းက ပြောဆိုသည်။

အဖမ်းခံရသူ များတွင် လယ်ယာ လုပ်ငန်းကိုလုပ်ကိုင်တတ်သည့် လူငယ်များ အများစုပါဝင်ပြီး အမျိုးသမီးငယ် ၆ ဦးနှင့် အမျိုးသား ၂၇ ဦးဖြစ်ပြီး ၎င်းတို့ကို မည်သည့်နေရာကိုဖမ်းဆီးခေါ်ဆောင်ပြီး ချုပ်နှောင်ထားသည်ကို မသိရှိရသေးသည့်အတွက် စိုးရိမ်နေကြောင်း ဒေသခံများထံမှ သိရသည် ။

”စုံစမ်းတာလည်း မရဘူး ဘယ်ကို ဖမ်းသွားတာ လည်း မသိဘူး ၊ တစ်ခါမှ ဒီလောက် အင်အား များများ ဖမ်းတာ မျိုး မကြုံရတော့ စိုးရိမ်တယ် ၊ အုပ်ချုပ် ရေးမှူး ပစ်သတ်ခံရတာဟာ ကလေးတွေနဲ့ ဘာမှမဆိုင် ပါဘူးဆိုတာအာမခံရတယ် ။”ဟု အဖမ်းခံရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးကပြောသည်။

ဧရာဝတီတိုင်းတွင် အုပ်ချုပ်ရေးမှူးသေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ်များ ၊ ဗုံးဖောက်ခွဲခံရသည့် ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် ဒေသခံများ ဖမ်းဆီးခံရသည့် ဖြစ်စဉ်များ တဖြည်းဖြည်းများပြားလာကြောင်း ဒေသခံများထံမှ သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။