Trending Now

မြစ်ကြီးနားမြို့တွင် ခိုးမှုနှင့် လုယက်မှုများ ကျူးလွန်နေသည့် Bad Boy No1 အမည်ဖြင့် အဖွဲ့ကို ဖမ်းဆီးရမိ

Spread the love

မြစ်ကြီးနားမြို့တွင် ခိုးမှုနှင့် လုယက်မှုများ ကျူးလွန်နေသည့် Bad Boy No1 အမည်ဖြင့် အဖွဲ့ကို ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား ၊ ဇွန် ၁၂

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ခိုးမှုနှင့် လုယက်မှုများ ကျူးလွန်နေသည့် Bad Boy No1 အမည်ဖြင့် အဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြစ်ကြီးနားမြို့နယ်၊ နယ်မြေရဲစခန်းမှ သိရသည်။

အဆိုပါ ၄ ဦးအနက် ၃ ဦးမှာ ဇွန်လ ၈ ရက်နေ့က အောင်နန်းရပ်ကွက်၊ မြစ်ကြီးနားဘူတာကြီးအနီးတွင် ယဥ်တိုက်မှုဖြစ်ပွားခဲ့ရာ ၎င်းတို့ ၃ ဦးမောင်းနှင်လာသည့် ဆိုင်ကယ်မှ သေနတ်ဟု ယူဆရသည့် လက်နက်ငယ် တွေ့ရှိခဲ့ရကြောင်း သိရသည်။

ယင်း ၃ ဦးမှာ အသက် ၁၈ နှစ်အရွယ်ရှိ ရမ်ပူရပ်ကွက်နေ မောင် ဇော်မင်းထွန်း၊ အသက် ၁၉ နှစ်အရွယ်ရှိ အလယ်ကုန်းရပ်ကွက်နေ မောင်ချစ်စမ်းကိုနှင့် အသက် ၂၁နှစ်အရွယ်ရှိ အေးမြသာယာရပ်ကွက်နေ မောင်တင်နိုင်ထွန်း (ခ) ဂျိုကာ ဆိုသူတို့ဖြစ်ကြကြောင်း သိရသည်။

” အများပြည်သူတွေရဲ့ သတင်းပေးချက်အရ အဲ့ဒီလူငယ်တွေမှာ သေနတ်လို့ယူဆရတဲ့အရာ တွေ့ရတယ်လို့ သိရတယ်။ သူတို့ ဆိုင်ကယ်တိုက်တော့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတယ်။ ဆေးရုံအထိ လိုက်လံ စစ်ဆေးကြည့်တဲ့အခါ သေနတ်တော့ မတွေ့ခဲ့ရဘူး။ သူတို့က မြစ်ကြီးနားမြို့အတွင်းမှာ လုယက်တာတွေ၊ ခိုးတာတွေ လုပ်နေကြတဲ့ အဖွဲ့တစ်ခုလို့ သိခဲ့ရတယ် ” ဟု မြစ်ကြီးနားမြို့နယ် နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းမှတဆင့် ဆက်စပ်စုံစမ်းခဲ့ရာ အသက် ၁၇ နှစ်အရွယ် သာယာအေးရပ်ကွက်၊ ဝိုင်းမော်မြို့နေသူ ၁ ဦးမှာ ဝိုင်းမော်မြို့သို့ ပြန်သွားခဲ့ကြောင်း၊ အဆိုပါ ဝိုင်းမော်သို့ ပြန်သွားခဲ့သူကိုလည်း ဗလမင်းထင်တံတားတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ ပစ်စတိုပုံသဏ္ဍာန် ကော်သေနတ်တစ်လက်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ၎င်းတို့ ၄ ဦးကို စစ်ဆေးမေးမြန်းခဲ့ရာ တင်နိုင်ထွန်း (ခ) ဂျိုကာနှင့် မင်းခန့်ညား ဆိုသူနှစ်ဦးမှာ လွန်ခဲ့သည့် မေလ ၂၆ ရက်နေ့ခန့်က နန်းကွေ့ကျေးရွာ၊ လီဆူချောင်းအနီးတွင် ရပ်တန့်ထားရှိသည့် ၁၂၅ အမျိုးအစား ဆိုင်ကယ်နှင့် ဆိုင်ကယ်အံဝှက်အတွင်းမှ ဖုန်းတစ်လုံးတို့ကို ခိုးယူခဲ့ကြောင်း၊ ဆိုင်ကယ်ကို ငွေကျပ် ၄သိန်း၂သောင်းကျပ်ဖြင့် ရောင်းချခဲ့ကြောင်း၊ ဖုန်းအား တင်နိုင်ထွန်း (ခ) ဂျိုကာမှ ကိုင်ဆောင်အသုံးပြုလျက်ရှိကြောင်း သိရသည်။

ယင်းနောက် ထိုသူနှစ်ဦးမှာ လွန်ခဲ့သည့် ၁လ ကျော်ခန့်က ကြက်ပေါင်ခြံရပ်ကွက် ၊ ရမ်ပူ ကြက်ပေါင်ခြံသွား လမ်းမပေါ်တွင် ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးထံမှ ဖုန်းအားလုယက်ခဲ့ကြောင်း၊ ယင်းဖုန်းကို ငွေကျပ် ၂သိန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

ထို့နောက် ယင်းနှစ်ဦးအပါအဝင် ချစ်စမ်းကိုတို့ ၃ဦးမှာ လွန်ခဲ့သည့် ၁၅ ရက်ခန့်က မြို့သစ်ကြီးရပ်ကွက် စျေးအနီး လမ်းမကြီးပေါ်တွင် ဆိုင်ကယ်စီးလာသူအမျိုးသား တစ်ဦးထံမှ ဖုန်းအားလုယက်ခဲ့ကြောင်း၊ ယင်းဖုန်းကို ငွေကျပ် ၂သိန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

” အခုမိတဲ့ သူတွေက မြို့ပေါ်ရပ်ကွက်တွေမှာ လုယက်တာတွေ၊ ခိုးယူတာတွေလုပ်နေတဲ့ သူတွေဖြစ်တယ်။ နောက်နောင် ဒီလိုဖြစ်စဥ်တွေ မဖြစ်ပွားဖို့၊ ဖြစ်လာခဲ့ရင်လဲ ပြည်သူတွေအနဲ့ အမြန်ဆုံးသတင်းပို့ပြီး ပူးပေါင်းကူညီကြဖို့တိုက်တွန်းလိုတယ်။ အများပူးပေါင်းမှ အခုလို မှုခင်းတွေ ပိုမိုကျဆင်းလာနိုင်မှာဖြစ်ပါတယ် ” ဟု မြစ်ကြီးနားမြို့နယ် နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းရမိသူ များကို မြစ်ကြီးနားမြို့နယ် နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၉/ကျင့် ၅၄ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၂ ဖြင့် အသီးသီး အရေးယူဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။