Trending Now

အမှောင်ထုထဲက ရောင်နီလင်းသံ မကြားရသေးတဲ့ ရွှေပေါက်ကံ

Spread the love

 

အမှောင်ထုထဲက ရောင်နီလင်းသံ မကြားရသေးတဲ့ ရွှေပေါက္ကံ

EPN
ဆောင်းပါး၊ ဇန်နဝါရီ ၁၄

ရွှေပေါက္ကံကျေးရွာသည် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်ပုတ်ကျေးရွာအုပ်စုတွင် တည်ရှိပြီး ရွာ တည်ထားသည်မှာ ၅နှစ်ကျော်ကြာကာလ အတိုင်းအတာကို ရောက်ရှိခဲ့သည်နည်းတူ လက်ရှိမှာ အိမ်ထောင်စု ၁၆၄ စု၊ လူဦးရေ ၅၂၄ ဦးရှိသည်။

ယင်းကျေးရွာမှာ မူလတန်းကျောင်းလည်းရှိပါသည်။ အဓိက ကျေးရွာ ဒေသခံများသည် ခြံလုပ်ငန်း၊ ဟင်းသီးဟင်းရွက်စိုက်လုပ်ငန်း၊ လက်မှုလုပ်ငန်း အစရှိ သော လုပ်ငန်းများကို လုပ်ကိုင်ကြသည်။

ရွှေပေါက္ကံရွာသည် မိုးညှင်းမြို့နှင့် ၂ မိုင်ကျော်အကွာတွင် တည်ရှိပြီး အများစုမှ ရှမ်းနီလူမျိုး အများဆုံး နေထိုင်ကြပြီး ရဝမ်၊ ကချင်၊ ဗမာနှင့် ရခိုင်လူမျိုးအနည်ငယ်စီ နေထိုင်လျှက်ရှိကြောင်း သိရသည်။ အဲဒီကျေးရွာ ဒေသခံများထဲမှ ဒေါ်တင်ဌေးသည် ဦးသံချောင်းနှင့် အိမ်ထောင်ကျပြီး သားသမီး ၉ ဦးထွန်းကားခဲ့သည်ဟု ဒေါ်တင်ဌေးကိုယ်တိုင်ပြောပြသည်။

စားဝတ်နေရေး လုပ်ငန်းအနေဖြင့်တော့ ပန်းပဲလုပ်ငန်းကို လုပ်ကိုင်ကြကြောင်း၊ သားသမီးများမှ ထပ်မံ ရရှိခဲ့သော မြေး သုံးဦးလည်းရှိသေးသည်။ သားသမီး ၉ ဦးအနက် သမီးတစ်ဦးမှာ လက်ရှိ မိုးညှင်းမြို့ရှိ ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသည်။ အလုပ်ကို အိမ်မှ မိမိလုပ်ငန်းခွင်ရှိရာ မိုးညှင်းမြို့သို့ နေ့ချင်းပြန် ဆိုင်ကယ်ဖြင့် သွားနေရသည့်အတွက် တခါတလေ အလုပ်ဆင်းချိန်နောက်ကျပါက မိုးချုပ်မှ ရောက်ရှိ လာသည့်အတွက် လုံခြုံမှုမရှိကြောင်း ဒေါ်တင်ဌေးက ပြောရှာသည်။

အဆိုပါ သားသမီးများထဲတွင် လက်ရှိ ဆယ်တန်းတက်နေသည့် သမီးတစ်ယေက်နှင့် ငါးတန်းတစ်ယေက်၊ ရှစ်တန်းနှစ်ယောက် စုစုပေါင်း သုံးယောက်ရှိကျောင်းတက်၍ ပညာသင်ကြားနေ ကြကြောင်း သိရသည်။ ယင်းကျောင်းတက်နေသည့် သားသမီးများအတွက် လက်ရှိ အခက်အခဲမှာ ညနေဘက် စာကျက်ချိန်တွင် လျှပ်စစ်မီးမရှိသောကြောင့် စာကျက်ရန်ပင် အလွန်အခက်အခဲဖြစ်နေ ကြောင်း မိခင်ဖြစ်သူက ပြောပြသည်။

လက်ရှိ သားသမီးများ စာကျက်ရာမှာ ဖယောင်းတိုင်မီးနှင့် ဆိုလာမီးကို အသုံးပြုပြီး စာကျက်နေရ သော်လည်း တစ်ခါတရံ ဖယောင်းတိုင်ဝယ်သုံးစရာ ငွေကြေးအခက်အခဲဖြစ်နေချိန်နှင့် မိုးအုံ့လို့ ဆိုလာ မီးမရရှိသည့် ရက်များတွင် ကလေးငယ်များ စာကျက်ရန် ပို၍ အခက်အခဲဖြစ်တတ်ကြောင်း ဒေါ်တင် ဌေးက ရင်ဖွင့်ပြသည်။
“ညဆိုရင် မီးအခြေအနေမကောင်းရင် စာတောင်မကျက်ရဘူး။ အန်တီက မိသားစုများတဲ့အခါကျတော့ ကျူရှင်တောင်မထားနိုင်ဘူး။ ” ဟု ဖယောင်းတိုင်မီးကိုင်ပြီး ပြောပြခဲ့သည်။

ထို့အတူပဲ ယင်းရွှေပေါက္ကံကျေးရွာမှာ နေထိုင်ကြသည့် ပညာသင်ကြားနေသည့် ကလေးငယ်များ အားလုံးမှာလည်း လျှပ်စစ်မီးအလင်းရောင်မရရှိသဖြင့် ကိုယ်စီအခက်အခဲများရှိနေကြခြင်းဖြစ်ပါသည်။ ကျေးရွာသည် တောစပ်နားတည်ရှိခြင်းအားဖြင့် ညဘက် မှောင်ရိပ်ကျချိန်မှာလည်း ခိုးဆိုးလုယက်မှုများ လည်းရှိနေကြောင်း ဒေသခံများက ပြောပါသည်။ ဒါကြောင့် ဒေသခံများအနေဖြင့် တကယ်လို့ ကျေးရွာ အတွင်း လျှပ်စစ်မီး အလုံအလောက်ရရှိပါက ခိုးဆိုးလုယက်မှု ဒဏ်လည်း လျှော့နည်းပပျောက်သွား မည်ဟု ယုံကြည်နေကြသည်။

“ ရွာက တိုးတက်လာပေမယ့် မီးလည်းရရင်တော့ ပိုပြီးတိုးတက်လာမှာပေါ့။ မီးလည်းလင်းလင်းနဲ့ နေချင်တာပေါ့ အန်တီက။ မီးရရင်တော့ မီးအလင်းရောင်နဲ့ဆို ခိုးဆိုးလုယက်တာလည်းမရှိတော့ဘူး ပေါ့။”
ထို့ကြောင့် ယင်းရွှေပေါက္ကံကျေးရွာ ဒေသခံများအနေဖြင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်စေဖို့နှင့် ဒေသခံများ လူနေမှု ဓလေ့များ တိုးတက်စေဖို့ ကျေးရွာအတွင်း လျှပ်စစ်မီးလင်းရေးကို လိုလိုလားလား စောင့်မျှော် နေကြကြောင်း ပြောဆိုကြသည်။ လျှပ်စစ်မီးသည် မည်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းမှာမဆို မရှိမဖြစ်လိုအပ် သောအရာဖြစ်သည်ကို နားလည်ထားသည်။

“ လျှပ်စစ်မီးကတော့ အရေးကြီးတာက ကျောင်းသားတွေအတွက် လိုအပ်တယ်လေ။ မီးမရှိတော့ ညကျရင် စာကျက်ရင် အမှောင်ထဲမှာ အလင်းရောင်မရှိဘူးပေါ့။ မီးမရ၊ ဘာမရ။ အခုလို ဆောင်းတွင်း ရာသီဆို ပိုဆိုးတာပေါ့။” ဟု ယင်းကျေရွာမှ ဦးသံချောင်းက ပြောသည်။
နိုင်ငံတစ်ငံမှာ လျှပ်စစ်မီး ပြတ်တောက်သွားပါက ယင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာလည်း လုံးဝ ပြတ်တောက် သွားမည်ဖြစ်ကြောင်း ပြည်တွင်း ပညာရှင်များက ဆိုကြသည်။
ထို့နည်းတူ ယင်းရွှေပေါက္ကံကျေးရွာဖွံံ့ဖြိုးတိုးတက်ရေး အတွက်လည်း လျှပ်စစ်ဓာတ်အားသည် ယခုအချိန်မှာ အလွန်ပင် လိုအပ် လျှက်ရှိနေပေသည်။

အဆိုပါ ရွှေပေါက္ကံကျေးရွာကို ၂၀၁၄ ခုနှစ်မှာ စတင်တည်ထောင်၊ နေထိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန် အထိ ပြည်ထဲရေး ရွာမည်ပေါက်မရရှိသေးသည့်အတွက် ယင်းကိစ္စနှင့် ပတ်သက်၍လည်း သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ ကျေးရွာ တည်ထောင်ခဲ့တာ ငါးနှစ်ကျော်ကာလအထိ ရှိခဲ့ပြီဖြစ်သော်လည်း နိုင်ငံတော်မှ ကျေးရွာ အမည်ပေါက်မရရှိသေးသည့်အတွက် လျှပ်စစ်မီးလည်းမရရှိသေးခြင်းဖြစ်ကြောင်း ကျေးရွာ ဥက္ကဋ္ဌ ဦးထွေးသိန်းက ပြောသည်။

ယင်းကျေရွာအမည်ပေါက်ရရှိရေးအတွက်လည်း သက်ဆိုင်ရာတာဝန်ရှိသူ များက ဆောင်ရွက်ပေးနေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၄ရက်နေ့က ပြုလုပ်သည့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ပြည့်မြောက်သည့် အထိမ်းအမှတ်နေ့မှာ ယခုနှစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် ကချင်ပြည် န ယ် တစ်ခုလုံး၏ ၆၈ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားရရှိမည်ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက် အောင်က ပြောကြားခဲ့သည်။

လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် သိသိသာသာပြောင်းလဲလာသည့် ကဏ္ဍနှစ်မှာ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးလင်းရေးပဲ ဖြစ်ပါသည်။

ဒါကြောင့် ဝန်ကြီးချုပ်က ပြောကြားခဲ့ သလို တစ်ပြည်နယ်လုံးလျှပ်စစ်မီးလင်းနိုင်ရေးအတွက်ဆို မြို့ရွာ၊ ကျေးလက်ဒေသများပါ လျှပ်စစ်မီးကို လုံလောက်စွာ အသုံးပြုနိုင်မှ ဆိုလိုရင်း၏ အဓိပ္ပာယ်လည်း သက်ရောက်မှာဖြစ်သည်။

ထို့ကြောင့် ရွှေပေါက္ကံကျေးရွာသည် လျှပ်စစ်မီးသာ ရရှိခဲ့မည်ဆိုလျှင် ကျေးရွာတိုးတက်ဖွံ့ဖြိုးမှုသည် လည်း မြန်မြန်ဆန်ဆန်ဖြစ်လာမည်ဟု ဒေသခံများက ယုံကြကြသည်။ အစိုးရအနေဖြင့်လည်း ကျေးရွာ ၏ အဓိက လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဟု ယုံကြည်ကြောင်း“ ကျတော်ကအခု လေလည်းဖြတ် ထားတယ်။ မသန်မစွမ်းနဲ့ ထင်းခွေသွားနေရတယ်။ လျှပ်စစ်မီးမရလို့။ ဒါကြောင့် မီးလည်းကို လုပ်ပေးစေချင်တယ်” ဟု အသက် ၆၉ နှစ်အရွယ် ဦးထွန်းလွင်က သူ့၏ ခံစား ချက်ကို ပြောပြခဲ့သည်။

ကျေးရွာဒေသခံများက မိုးညှင်းမြို့ပေါ်မှာ ပစ္စည်းဝယ်၊ ဈေးဝယ်ပဲလို့ပဲဖြစ်ဖြစ်၊ အကြောင်းရင်းတစ်ခုခု ကြောင့်ပဲဖြစ်ဖြစ် ရောက်ရှိခဲ့ရင်ပဲ နေလား၊ ညလားဟု ထင်မှတ်တွေးတောစရာအပြည့်ဖြင့် လင်းလင်း ထိန်ထိန် လျှပ်စစ်မီးများဖြင့် သာယာလှပနေသည်ဟု ပြောကြသည်။

ထို့အတူပဲ မိုးညှင်းမြို့တင်မက သံလမ်းရိုးတစ်လျှောက်မှာ လျှပ်စစ်မီးများဖြင့် လင်းထိန်နေပေမယ့် ရွှေပေါက္ကံ ကျေးရွာမှာတော့ တစ်ရွာလုံး လင်းထိန်ဖို့မပြောနဲ့ ညဘက်မှာတောင် ကျောင်းသူ၊ ကျောင်း သားကလေးများ၏ စာကျက်သံမှာ တစက်စက်သာ ကြားနေရလို့ “အမှောင်ထုထဲက ရောင်နီလင်းသံ မကြားရသေးတဲ့ ရွှေပေါက္ကံ” ဟုပင် ခေါ်လိုက်ချင်တော့သည်။

ကိုရွှေ

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။