Trending Now

ခေါင်းစဉ်နှစ်ခုအကြား အငြင်းပွားခဲ့ကြသည့် ၇၂နှစ်ပြည့် ကချင်ပြည်နယ်နေ့ မနောင်ပွဲတော်ကို ဖေဖော်ဝါရီလတွင် ကျင်းပသွားမည်

Spread the love

ခေါင်းစဉ်နှစ်ခုအကြား အငြင်းပွားခဲ့ကြသည့် ၇၂နှစ်ပြည့် ကချင်ပြည်နယ်နေ့ မနောင်ပွဲတော်ကို ဖေဖော်ဝါရီလတွင် ကျင်းပသွားမည်

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၂

ပြီးခဲ့သည့် ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ က ကချင်မျိုးနွယ်စုများအကြား ခေါင်းစဉ်နှစ်ခုနှင့် အငြင်းပွားမှုကြောင့် ၇၂နှစ်ပြည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောင်ပွဲတော်(မနောပွဲတော်) ကျင်းပမည့် အစီအစဉ်ကို ဖျက်သိမ်းရန်အထိ ဖြစ်ခဲ့သော်လည်း လာမည့် ဖေဖော်ဝါရီလ အတွင်း ပြန်လည် ကျင်းပသွားမည်ဟု မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှု အသင်း (WHG)မှ သိရသည်။

ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်မနောင်ပွဲပြုလုပ်မည့်အစီအစဉ်ကို မူလက (ဇန်နဝါရီလ ၅ရက်မှ ၁၂ရက်)နေ့အထိ ကျင်းပရန် စီစဉ်ခဲ့သော်လည်း မနောပွဲကျင်းပမည့်ခေါင်းသုံးစွဲရန် ” Kachin Mungdaw Nhtoi” ခေါင်းစဉ်နှင့် “Jinghpaw Mungdaw Nhtoi”ခေါင်းစဉ်နှစ် ခုကြား အငြင်းပွားမှုများ ရှိနေသောကြောင့် မူလအစီအစဉ်ကို ဖျက်သိမ်းခဲ့ရပြီး ကချင်မျိုးနွယ်စု (၆)ခု၏ပြန်လည်တောင်း ဆိုချက်အရ လာမည့် ဖေဖော်ဝါရီအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း WHG အသင်းဥက္ကဋ္ဌ ဦးထုံဖူးဒ ဂုဏ်က ဆိုသည်။

“မနောပွဲကို အဓိက ဖျက်သိမ်းရတဲ့ ကိစ္စက ကချင်ပြည်နယ်နေ့ပါ။ ကချင်ပြည်နယ်နေ့က မြန်မာလိုဆိုရင်တော့ ရှင်းတယ်” ကချင်ပြည်နယ်နေ့ပဲ”။ ဒါပေမယ့် ဂျိန်းဖော့စာနဲ့ ရေးတဲ့အခါကြတော့ Jinghpaw Mungdaw Nhtoi ဆိုပြီးတော့ ရေးချင်တာ။ ဂျိန်းဖော့လိုနဲ့ရေးတဲ့ဟာကို မြန်မာလိုနဲ့ ပြန်မယ်ဆိုရင် ဂျိန်းဖော့ပြည်နယ်နေ့ဖြစ်တယ် အဲ့ဒါကြောင့်မို့ ကျန်တဲ့ကချင်ငါးမျိုးက ကျွန်တော်တို့က မပါဘူးဆိုတာဖြစ်လာတယ်။ အဲ့ဒီမှာကျွန်တော်တို့ မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းက ကြားညပ်နေတာ။ အဲ့ဒါကြောင့်ဖျက်သိမ်းခဲ့တာပေါ့ အခုက ကျွန်တော်တို့ကို ပွဲခွင့်ပြုမိန့် ပြန်တင်ပါဆို လို့ ကျွန်တော်တင်ထားတယ်။”ဟု ဦးထုံဖူးဒဂုဏ်က ပြောသည်။

ကချင်မျိုးနွယ်စု (၆)ခု၏ ပြန်လည်တင်ပြတောင်းဆိုချက်အရ ယင်းမနောင်ပွဲတော်ကြီးကို “ကချင်လူမျိုး ရိုးရာယဉ်ကျေးမှု မနောပွဲတော်”ခေါင်းစဉ်ဖြင့် လာမည့်ဖေဖော်ဝါရီလ (၁)ရက်နေ့မှ (၈)ရက်နေ့ အထိ ပြုလုပ်ကျင်းပသွားဖို့ စီစဉ်ထားကြောင်း WHGမှ သိရသည်။

“ကျွန်တော်တို့က အစိုးရရဲ့စီမံခန့်ခွဲမှုအောက်မှာ လုပ်ရတာဆိုတော့ သူတို့ရဲ့စီမံခန့်ခွဲမှုက အဓိကပါဘဲ ကျွန်တော်တို့လိုချင်တာကတစ်မျိုး သူတို့ကနေအမိန့်ပေးလာတာကတစ်မျိုး ဖြစ်ရင်လည်းဖြစ်လာနိုင်ပါတယ် ကျွန်တော်တို့ကတော့ (၁)ရက်ကနေ (၈)ရက်နေ့အထိ ဆိုပေမယ့် သူတို့က(၁၂)နေ့နောက်ပိုင်းမှာ လုပ်ပါ ဘာညာပြောလာရင်လည်း ကျွန်တော်တို့ကတော့ မတတ်နိုင်ဘူး”ဟု WHGအသင်းဥက္ကဋ္ဌ ဦးထုံဖူးဒဂုဏ်က ပြောသည်။

အဆိုပါ မနောင်ပွဲတော်ကို မြစ်ကြီးနားမြို့စီတာပူရပ်ကွက်ရှိ မြန်မာနိုင်ငံကချင်လူမျိုးများရိုးရာယဉ်ကျေး မှုပိုင် မနောင်ကွင်းနှင့် အားကစားကွင်းအတွင်း ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။