Trending Now

မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့အနီးရှိ တပ်စခန်းအား KIAမှ လာရောက်တိုက်ခိုက်

Spread the love

မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့အနီးရှိ တပ်စခန်းအား KIAမှ လာရောက်တိုက်ခိုက်

မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၂ (၂၀၂၄)

မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့အနီးရှိ တပ်စခန်းအား ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ မနက်ပိုင်းအချိန်ကစ၍ KIA လက်နက်ကိုင်အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့‌ကြောင်း ဒေသခံများထံမှ သိရသည်။

KIA တပ်မဟာ ၈ လက်အောက်ခံ တပ်ရင်း (၅) က ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ နံနက် ခုနှစ်နာရီမှစပြီး ဆင်ဘိုမြို့အနီးရှိ ခ.လ.ရ-(၁၄၁) တပ်ရင်းအား ဝင်ရောက်တိုက်ခဲ့၍ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ဆင်ဘိုမြို့နေသူ ဒေသခံတစ်ဦးက ဆိုသည်။

” တိုက်ပွဲကတော့ မနက်လင်းတဲ့ အချိန်ထဲက ဖြစ်နေတာ။ မြို့ပေါ် ကလူတွေလည်း အကုန်ကြောက်လို့ အပြင်ဘယ်သူမှ မထွက်ရဲဘူး။ ဆိုင်တွေလည်း ပိတ်ထားကြပြီ။ လေယဉ်တွေလည်း ပျံနေတယ်။ မြို့ပေါ် ‌က အစိုးရရုံးတွေလည်း ပိတ်သွားပြီ။ ဘယ်မှ ထွက်မရဘူး ဖြစ်နေတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် မြစ်ကြီနား-ဆင်ဘို အမြန်ယာဉ်လိုင်းများ ယာယီရပ်နားခဲ့ရပြီး၊ ဖုန်းလိုင်များလည်း ဆက်သွယ်‌၍ မရကြောင်း ဆင်ဘို မြို့ဒေသခံတစ်ဦးက ထည့်သွင်းပြောသည်။

” မနက်က တိုက်ပွဲဖြစ်လို့ အမြန်ယာဉ်တွေလည်း အတက်အဆင်းမရှိဘူး အကုန်နားနေတယ်။ ဘယ်တော့ ပြန်ဖွင့်မလဲတော့ မသိဘူး ဖုန်းလိုင်းတွေလည်း ခေါ်မရဘူး။ မြို့ခံတွေလည်း ဘယ်မှ ထွက်မရဘူး ဖြစ်နေတယ် ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် KIA လက်နက်ကိုင် အဖွဲ့မှ ဆင်ဘိုမြို့၏ ဝင်ပေါက် ထွက်ပေါက်များတွင် ပိတ်ဆို့လျက်ရှိပြီး၊ ဆင်ဘိုမြို့နှင့် သုံးမိုင်ခန့်အကွာတွင် ရှိသည့် တပ်မတော်စခန်းအား ဆက်လက်ပစ်ခိုက်တိုက်ခိုက်နေကြောင်း သိရသည်။

ဆင်ဘိုမြို့သည် ယခင်က တိုက်နယ်အဆင့်ဖြစ်သာရှိခဲ့ပြီး၊ ၂၀၀၂ ခုနှစ်တွင် မြို့အဖြစ်‌ပြောင်းလဲ သတ်မှတ်ခဲ့‌ကြောင်း သိရပြီး၊ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ တစ်သောင်းကျော်နေထိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း KIA၊ PDFပူးပေါင်းအဖွဲ့မှ မြစ်ကြီးနားမြို့နယ်အတွင်း ပါဝင်သည့် တာလောကြီးကျေးရွာရှိ ပြည်သူ့စစ်စခန်းအား တိုက်ခိုက်ခဲ့ပြီး၊ ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ တစ်အိမ်တစ်ယောက် စစ်မှုထမ်းရန် လိုက်လံလူသစ်စုဆောင်းနေကြောင်း သိရသည်။

ပိုင်ကြီး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။