Trending Now

မြစ်ကြီးနားမြို့ရှိ ရေလယ်ကျွန်းတွင် ကလေးတစ်ဦး ၃ ရက်တိုင် ပျောက်ဆုံးနေပြီး ယခုထိမတွေ့ရှိသေး

Spread the love

မြစ်ကြီးနားမြို့ရှိ ရေလယ်ကျွန်းတွင် ကလေးတစ်ဦး ၃ ရက်တိုင် ပျောက်ဆုံးနေပြီး ယခုထိမတွေ့ရှိသေး

EPN
မြစ်ကြီးနား၊နိုဝင်ဘာ ၂၁

မြစ်ကြီးနားမြို့ မလိခသဲသောင်ပြင်စခန်း ရေလယ်ကျွန်းတွင် ပျောက်ဆုံးနေသည့် အသက် ၁၂နှစ်အရွယ် ကလေးငယ်တစ်ဦး ၃ ရက်ကြာသည့်အထိ ပြန်လည်တွေ့ရှိခြင်းမရှိသေးကြောင်း ပျောက်ဆုံးနေသည့် ကလေးမိဘများထံမှ သိရသည်။

ရေလယ်ကျွန်းတွင် ပျောက်ဆုံးသူမှာ ရမ်ပူရပ်ကွက်တွင် နေထိုင်သည့် အသက်၁၂နှစ်အရွယ် မောင်ထက်ဝေယံ ဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်နေ့က သူငယ်ချင်း ၁၀ ယောက်နှင့်အတူ သွားရောက်ခဲ့ရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ပျောက်ဆုံးနေသည့် မောင်ထက်ဝေယံနှင့်အတူ သူငယ်ချင်း ၁၀ ယောက်မှာ မလိခသဲသောင်ပြင်စခန်း ရေလယ်ကျွန်းသို့သွားရောက်ခဲ့ပြီး သူငယ်ချင်းများနှင့်အတူ အရက်သောက်အပြီးတွင် သူငယ်ချင်းများမှာ ဘော်လုံးကန်ရန်သွားခဲ့ကြသော်လည်း ထက်ဝေယံမှာ သဲ‌သောင်ပြင်ရှိ ဘန်ဂလိုသဲအိမ်ထဲတွင်အိပ်ပျော်လျက်ကျန်ရှိခဲ့ပြီးနောက် သူငယ်ချင်းများ ဘော်လုံးကစားပြီး ဘန်ဂလိုသို့ ပြန်လည်ရောက်ရှိလာသော်လည်း ထက်ဝေယံမှာ မရှိတော့သည့်အတွက် လိုက်လံရှာဖွေခဲ့သော်လည်းမတွေ့ရှိပဲ မိုးချုပ်လာသည့်အတွက် အိမ်သို့ပြန်သွားခဲ့ကြကြောင်း ထက်ဝေယံ၏မိဘထံမှ သိရသည်။

“ကလေးတွေပြောတာတော့သားကို သူတို့ငှားထားတဲ့ဘန်ဂလိုသဲအိမ်ထဲမှာ အိပ်နေတာတဲ့၊ ပီးတော့သားရဲ့သူငယ်ချင်တွေ ၁၀ ယောက်က ဘော်လုံးသွားကန်ကျတယ်၊ခန့်မန်း ၂ နာရီလောက်ဘောလုံးကန်ပီးသားရဲ့သူငယ်ချင်းတွေပြန်လာတော့သားလေးက ဘန်ဂလိုသဲအိမ်မာမရှိတော့ပဲပျောက်သွားတာတဲ့၊ရှာခဲ့ကြ‌ပေမဲ့မတွေ့လို့သူတို့ကပြန်လာကြတယ်၊ သူတို့သူငယ်ချင်းတွေကဘာသတင်းကိုမှ အတိအကျမပြောပဲကြောက်တယ်တေ ွပြောလာတယ် မေးရင်လဲမေးတာတခြားဖြေတာတခြားတွေဖြေကြတယ်၊အကြောင်းတစ်ခုခုကတော့ရှိမယ်လို့ထင်ပါတယ်၊ကလေးတွေကိုတော့ဘာအပြစ်မှတော့မပြောပါဘူး၊အမှန်တရားလေးပဲသိချင်တာပါ၊ဖြစ်တာကိုအသေအချာလေးသိချင်တာကိုမပြောဘူးကလေးတွေကဘာကိုကြောက်တာလဲဆိုတာကိုလဲမသိပါဘူး၊အခုလည်းအရမ်းစိတ်ပူနေတယ်၊သက်ဆိုင်ရာတွေကိုတော့အကြောင်းကြားထားတယ်၊ဒီနေ့လည်းသက်ဆိုင်ရာတွေနဲ့အဲ့မှာရှာနေတုန်းပဲ”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ပျောက်ဆုံးနေသည့် မောင်ထက်ဝေယံနှင့် ပတ်သက်၍ သက်ဆိုင်ရာသို့အကြောင်းကြားပြီးနောက် လူမှုကူညီရေးအသင်းများနှင့်အတူ ရှာဖွေလျက်ရှိကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။