Trending Now

ဆန်တင်ပို့မှု တားမြစ်ခြင်းနဲ့ ဈေးနှုန်းကန့်သတ်ခြင်းဟာ အာရှအတွက် စားနပ်ရိက္ခာအကြပ်အတည်းဖြစ်ပေါ်လာနိုင်

Spread the love

ဆန်တင်ပို့မှု တားမြစ်ခြင်းနဲ့ ဈေးနှုန်းကန့်သတ်ခြင်းဟာ အာရှအတွက် စားနပ်ရိက္ခာအကြပ်အတည်းဖြစ်ပေါ်လာနိုင်

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၉

ဖိလစ်ပိုင်အပါအဝင် အာရှအစိုးရအချို့ဟာ ပြည်တွင်းဆန်ဈေးနှုန်းတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြပြီး ဒီလိုလုပ်ဆောင်တာဟာ ဈေးကွက်အတွင်းမှာရှိတဲ့ ရောင်းလိုအားနဲ့ ဝယ်လိုအား ပုံမှန်လည်ပတ်မှုကို အနှောက်အယှက်ဖြစ်ပေါ်စေတယ်လို့ Bloomberg ရဲ့ သတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ဆန်ဈေးဟာ ၁၂ နှစ်အတွင်း အမြင့်ဆုံးရောက်ရှိခဲ့ပြီး ဈေးနှုန်းမြင့်တက်မှု တစ်စိတ်တစ်ပိုင်းဟာ ကမ္ဘာ့ဆန်အများဆုံးတင်ပို့တဲ့ အိန္ဒိယနိုင်ငံက ပြည်ပကိုဆန်ရောင်းချမှုလျော့ချခြင်း၊ လစ်ပိုင်ကဲ့သို့ တင်သွင်းတဲ့ နိုင်ငံတွေက ဈေးနှုန်းကို ကန့်သတ်ဖို့ ကြိုးပမ်းမှုတွေကြောင့်လို့ ဆိုပါတယ်။

အဓိက ပို့ကုန်လုပ်ငန်းရှင်တွေက တပြိုင်နက်တည်း ထောက်ပံ့မှုလျှော့ချခြင်း၊ တင်းသွင်းတဲ့ သူတွေဆီမှာ ဝယ်လိုအားတိုးလာခြင်းတွေကြောင့် နိုင်ငံတကာ ဆန်ဈေးနှုန်းတွေကို မငြိမ်မသက်ဖြစ်စေတယ်လို့ ဆောင်းပါးက ဖော်ပြထားပါတယ်။

အထူးသဖြင့် ဆန်ဟာ အာရှနဲ့ အာဖရိက အပါအဝင် ကမ္ဘာ့လူဦးရေထက်ဝက်ခန့်အတွက် အဓိက စားနပ်ရိက္ခာဖြစ်တဲ့အတွက် ဆန်ဈေးအတက်အကျတွေက ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုအတွက် အကျိုးဆက်တွေ ရှိနေပါတယ်။

ဆန်ဟာ ကမ္ဘာ့စားနပ်ရိက္ခဖူလုံရေးအတွက် အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေသလို အဟာရနဲ့ ကျန်းမာရေးဆိုင်ရာတွေမှာလည်း သိသာထင်ရှားတက် သက်ရောက်မှုတွေ ရှိနေပြီး ဂျုံ၊ ပြောင်း၊ ပဲ စတဲ့ အခြားကုန်စည်တွေနဲ့ မတူတာက ဆန်ကို နိုင်ငံတကာမှာ ကြီးကြီးမားမားရောင်းဝယ်ခြင်းထက် နိုင်ငံအတွင်းမှာ အဓိကစားသုံးကြတာဖြစ်ပါတယ်။

လက်ရှိအချိန်ဟာ အယ်နီညို ရာသီဥတုဖြစ်စဉ်နဲ့ ဆက်စပ်တဲ့ မိုးခေါင်ရေရှားမှု ကဲ့သို့သော အကြောင်းရင်းတွေကြောင့် အာရှမှာ စပါးအထွက်နှုန်းလျော့ကျမှုနဲ့ ရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ဆန်သိုလှောင်မှု လုံလောက်တယ်လို့ ထင်ရပေမယ့် ပို့ကုန်တွေကို ကန့်သတ်ထားတဲ့ တရုတ်နဲ့ အိန္ဒိယတို့လို နိုင်ငံအနည်းငယ်ရဲ့ လက်ထဲမှာသာ ရှိနေတာဖြစ်ပါတယ်။

အိန္ဒိယရဲ့ ဆန်တင်ပို့မှုတားမြစ်ခြင်းနဲ့ ကန့်သက်ချက်တွေ ချမှတ်ခြင်းကြောင့် နိုင်ငံတကာ ဈေးကွက်မှာ မရေရာမှုတွေကိုဖြစ်ပေါ်စေခဲ့ပြီး တင်သွင်းတဲ့ နိုင်ငံအများစုကလည်း ထောက်ပံ့မှု ပြတ်လပ်မှုအပေါ် စိုးရိမ်မှုတွေကို တုံ့ပြန်ဖို့ ကိုယ်ပိုင်အစီအမံတွေကို ထုတ်ပြန်ခဲ့ကြပါတယ်။

စားနပ်ရိက္ခာအကျပ်အတည်းကို ရှောင်ရှားဖို့အတွက် အာရှနိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ဆောင်းပါးက မီးမောင်းထိုးပြခဲ့ပြီး ပူးပေါင်းဆောင်ရွက်ခြင်းက ပို့ကုန်တားမြစ်ခြင်း၊ ဈေးနှုန်းကန့်သတ်ခြင်းတွေထက် ပိုမိုထိရောက်ပြီး ကုန်ကျစရိတ်သက်သာ နိုင်တယ်လို့ ဆိုပါတယ်။

အာရှနဲ့ အာဖရိက ဒေသအချို့မှာ လူဦးရေတိုးပွားမှုနဲ့ အလွန်အမင်း ဆင်းရဲမွဲတေမှု လျော့ကျလာတဲ့အတွက် ဆန်ဝယ်လိုအားက လျင်မြန်စွာမြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ရာသီဥတုဖောက်ပြန်မှု၊ ဓာတ်မြေသြဇာနဲ့ ရေအသုံးပြုမှုကို လျှော့ချဖို့ ကြိုးပမ်းနေရချိန်မှာ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့က စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေပါတယ်။

မြင့်တက်လာနေတဲ့ ဆန်ဝယ်လိုအားကို ဖြေရှင်းဖို့အတွက် အစိုးရတွေအနေနဲ့ ပိုမိုကောင်းမွန်တဲ့ စပါးမျိုးစေ့တွေမှာ ရင်နှီးမြှုပ်နှံဖို့၊ ရိတ်သိမ်းပြီးနောက်ပိုင်း ဆုံးရှုံးမှုတွေကို လျှော့ချနိုင်ဖို့အတွက် silos ကဲ့သို့သော လယ်ယာအခြေခံ အဆောက်အအုံတွေကို မြှင့်တင်ဖို့ ဆောင်းပါးက အကြံပြုထားပါတယ်။

ဒါ့အပြင် ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်တွေအနေနဲ့လည်း ယင်းကဲ့သို့ လုပ်ဆောင်မှုတွေအပေါ် ငွေကြေးထောက်ပံ့မယ့် အခန်းကဏ္ဍကနေ ပါဝင်ဖို့ လိုတယ်လို့ ဆိုပါတယ်။

ရောင်းလိုအားနဲ့ ဝယ်လိုအားကို ကြိုးကိုင်ခြယ်လှယ်ဖို့ ကြိုးပမ်းမယ့်အစား အာရှနိုင်ငံတွေအနေနဲ့ လွတ်လပ်တဲ့ ဈေးကွက်စည်းမျဉ်းတွေကို လက်ခံကျင့်သုံးသင့်ပြီး ဈေးနှုန်းကို ဆုံးဖြတ်ဖို့ ဈေးကွက်အင်အားစုတွေကို ခွင့်ပြုသင့်တယ်လို့ ဆောင်းပါးက အကြံပြုထားပါတယ်။ ဒီနည်းလမ်းက ပိုမိုထိရောက်တဲ့ ရလဒ်တွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။

အနှစ်ချုပ်အားဖြင့် ဈေးနှုန်းကန့်သတ်မှု၊ ပို့ကုန်ကန်သတ်မှုတွေပေါ် အစိုးရတွေရဲ့ စွက်ဖက်မှုနဲ့ ဆက်စပ်ပြီး အလားအလာရှိတဲ့ အန္တရာယ်တွေကို မီးမောင်းထိုးပြထားပြီး ဆန်ဈေးကွက်အတွင်း စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးပါမှုကို ဆောင်းပါးက အလေးပေးဖော်ပြထားပါတယ်။

ref; CNA/ Rice export bans and price caps are a food crisis risk for Asia

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။