Trending Now

ဖားကန့်မြို့အတွင်း ကားကြီးများ စည်းကမ်းမဲ့ သွားလာမှုများကြောင့် လမ်းတံတားပျက်စီးမှုများ၊ ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားနေ

Spread the love

ဖားကန့်မြို့အတွင်း ကားကြီးများ စည်းကမ်းမဲ့ သွားလာမှုများကြောင့် လမ်းတံတားပျက်စီးမှုများ၊ ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားနေ

EPN
ဖားကန့်၊ မတ် ၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ် ရပ်ကွက်များအတွင်း ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် မြေသယ်ယာဉ်များ၊ ဆီသယ်ကားများ၊ စက်ယန္တယားတင် ကားကြီးများနှင့် အခြားသော ကားကြီးများအနေဖြင့် စည်းကမ်းမဲ့စွာ သွားလာမောင်းနှင်မှုများကြောင့် ရပ်ကွက်အတွင်း ယာဉ်မတော်တဆမှုများ၊ ရပ်ကွက်အတွင်းလမ်းများနှင့် တံတားများ ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ရပ်ကွက်များအတွင်းရှိ လမ်းများမှာကျဉ်းမြောင်းမှုများကြောင့် ကားကြီးများဖြတ်သန်းသွားလာသည့်အခါတွင်လည်း လမ်းဘေးရှိ ယာဉ်များ ထိခိုက်မိခြင်း၊ ယာဉ်တိုက်မှုများ ဖြစ်ပေါ်ပြီး လူထိခိုက်ဒဏ်ရာရရှိ သေဆုံးသည်အထိ ဖြစ်ပွားခဲ့ကြောင်း မြို့ပေါ်ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။

“လမ်းက ကျဉ်းတော့၊ ဘေးမှာလဲ ရပ်ထားတဲ့ ကားတွေ ဆိုင်ကယ်တွေနဲ့ ဆိုတော့၊ ကားကြီးတွေ သွားရင် တစ်လမ်းလုံးပြည့်သွားတယ်၊ ဆိုင်ကယ်မောင်းသူတွေကလဲ စည်းကမ်းမရှိ၊ ကားကြီးတွေကလဲ မြို့ထဲကပဲ ဖြတ်တန်းသွားလာနေတော့ မကြာခဏ ဆိုသလို ယာဉ်တိုက်တာတွေ ဖြစ်နေတယ်၊ ပြီးခဲ့တဲ့ ရက်ကဆိုလဲ ကားကြီးနဲ့ ဆိုင်ကယ်တိုက်ပြီး လူသေဆုံးတဲ့အထိ ဖြစ်ခဲ့တယ်၊ နောက်ပြီး ကားကြီးတွေ သွားလာမှုတွေ များလာတော့ ရပ်ကွက်လမ်းတွေလဲ ပျက်စီးကုန်တယ်၊ တံတားတွေလဲ ပျက်တယ်။” ဟု ၎င်းက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှု အများစုမှာ ညနေပိုင်း လုပ်ငန်းသိမ်းချိန်၊ ကားကြီးများ သွားလာမှုများသည့်အချိန်များတွင် ဖြစ်ပွားတတ်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာမှုများကြောင့် ပိုမိုဖြစ်ပေါ်လာခြင်း ဖြစ်သည့်ဟု ယူဆကြောင်း လုံးခင်းကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

“ဖားကန့်မှာ နေတဲ့ လူတွေက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေလဲ နားမလည်ဘူး၊ နားလည်တဲ့သူတွေလဲ မလိုက်နာကြတော့ ကားကြီးတွေကို ကျော်တက်ကြတယ်၊ အရှိန်ပြင်းပြင်း မောင်းနှင်ကြတယ်၊ ယာဉ်တွေ ရပ်နားရင်လဲ သေချာရပ်နားထာတာမျိုးမရှိဘူး၊ အဲ့လိုကြောင့် ယာဉ်တိုက်မှုတွေက ပိုပိုများလာတာဖြစ်မယ်လို့ ယူဆတယ်၊ ဒီတော့ သက်ဆိုင်ရာတွေ အနေနဲ့က ကားကြီးတွေအတွက် သွားလာနိုင်ဖို့ လမ်းတစ်ခု လုပ်ပေးထားသင့်တယ်” ဟု ၎င်းကဆိုသည်။

ကားကြီးများ သွားလာမှု အချိန်ကြာမြင့်လာသည့်အခါ လမ်းများမှာ ဆိုးဆိုးရွားရွား ပျက်စီးပြီး ရပ်ကွက်အတွင်းရှိ တံတားအချို့မှာလည်း ပျက်စီးမှုများ ကြုံတွေ့နေရကြောင်း ယင်းကဲ့သို့ ပျက်စီးမှုများကြောင့် သွားလာသူများ အဆင်ပြေနိုင်စေရန်အတွက် ကိုယ်ထူကိုယ်ထ တံတားများ ပြုပြင်နေရကြောင်း တံတားများပြုပြင်ရာတွင် ပါဝင်နေသူ ဒေသခံတစ်ဦးက ပြောပြသည်။

“ကားကြီးတွေသွားတော့ ရပ်ကွက်တံတားက ဝန်မခံနိုင်တော့ ကျိုးကျပျက်စီးလာတယ်၊ လမ်းတွေလဲ ချိုင့်ခွက်တွေဖြစ်၊ ပြိုကျပဲ့ကျတာတွေ ဖြစ်လာတယ်၊ ဒါတွေကိုလဲ ရပ်ကွက်နေပြည်သူတွေ၊ အလှူရှင်တွေပေါင်းပြီး ကိုယ်ထူကိုယ်ထ ပြန်လုပ်နေကြရတယ်၊ လမ်းတွေဆိုလဲ ကွန်ကရစ် ပြန်ခင်းရတယ်၊ တံတားတွေလဲ မကြာခဏ ပြန်ပြီးပြုပြင်ကြရတယ်တယ်၊ ပြုပြင်တဲ့သူတွေကလဲ ပြုပြင်ပေးသလို အသုံးပြုသူတွေကလဲ စည်းကမ်းနဲ့ ထိန်းသိမ်းကြဖို့ လိုအပ်တယ်” ဟု ၎င်းက ပြောသည်။

ယင်းကဲသို့ ကားကြီးများ သွားလာမှုကြောင် ယမန်နေ့ မတ်လ (၃)ရက်နေ့ ညနေ (၆)နာရီခန့်က ဆိုင်တောင်ကျေးရွာအုပ်စု မှော်ရှန်ရပ်ကွက်အတွင်း ဆီပေပါများ သယ်လာသည့် တုံဖုန်းကားကြီးနှင့် ဆိုင်ကယ် တိုက်မှုဖြစ်ပွားခဲ့ကာ ဆိုင်ကယ်မောင်နှင့်လာသူ အသက် (၂၁)နှစ်အရွယ် ကိုမျိုးမင်းဦးဆိုသူမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါ ဆီဘောက်ဆာ ကားကြီးများ၊ မြေသယ်၊ ကျောက်သယ်ကားကြီးများ၊ စက်ယန္တယားတင် ကားကြီးများနှင့် အခြားသော ကားကြီးများအနေဖြင့် ယင်းကဲ့သို့ စည်းကမ်းမဲ့စွာ သွားလာနေမှုမှာ တစ်ရက်လျှင် အနည်းဆုံး အစီးရေ (၂၀)ထက်မနည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။