Trending Now

မှော်ပုံကျေးရွာရှိ PDFများ နေထိုင်ရာ နေအိမ်တစ်လုံး ဝင်ရောက်စီးနင်းခံရ

Spread the love

မှော်ပုံကျေးရွာရှိ PDFများ နေထိုင်ရာ နေအိမ်တစ်လုံး ဝင်ရောက်စီးနင်းခံရ

EPN
မြစ်ကြီးနား၊ စက်တင်ဘာလ ၁၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာရှိ PDF များနေထိုင်ရာ နေအိမ်တစ်လုံးကို စစ်တပ်မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်း ၅ နာရီခွဲခန့်မှ စတင်ကာ မှော်ပုံကျေးရွာ အတွင်း သေနတ်များဖြင့် အပြန်အလှန် ပစ်ခတ်သံများ ကြားနေရပြီး ၈ နာရီခန့်တွင် သေနတ်သံများ ရပ်သွားခဲ့ကာ နေအိမ်တစ်လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရကြောင်း မှော်ပုံရပ်ကွက် နေဒေသခံ တစ်ဦးကပြောသည်။

” မှော်ပုံမှာက PDF တွေ ရှိတယ်ဆိုပြီး ဝင်လာကြတာ ၊ အင်အားများတယ် ၁၀၀ လောက်ရှိမယ် ၊ ကျေးရွာထဲက နေအိမ်တစ်လုံးကို ဦးတည်ပြီးလာကြတာ ၊ ၅ နာရီ ခွဲက စပြီး ပစ်ခတ်နေကြတာ၊ ရပ်လိုက်ပစ်လိုက်နဲ့ ၈နာရီလောက်မှာ မှ ရပ်သွားတယ် ၊ အားလုံးငြိမ်တဲ့ ထိ အိမ်ထဲမှာပဲ နေပြီး စောင့်နေတာ ၁၀ နာရီလောက်အပြင်ထွက်ကြည့်တော့ ၊ မီးခိုးတွေ ထွက်လာတာတွေ့တယ် ၊ ကား တစ်စီး၊ နေအိမ်တစ်လုံးမီးလောင်နေတာကို တွေ့ရတယ်၊ ” ဟု ၎င်းကပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် PDF နှစ်ဦး ထိခိုက်သေဆုံးခဲ့ပြီး နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကာ ကားတစ်စီးနှင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်းသိရသည်။

ယင်းတိုက်ပွဲများကြောင့် မှော်ပုံဒေသခံပြည်သူများမှာ ဆယ်ဇင်းကျေးရွာဒေသခံများကဲ့ သို့ တိုက်ပွဲတိမ်းရှောင်ရမှာကို စိုးရိမ်ကြောက်လန့်နေရကြောင်း ဒေသခံတစ်ဦးကပြောသည်။

” နိုင်ငံရေးမတည်ငြိမ်မှုကြောင့် တိုက်ပွဲတွေကြားမှာ ပြည်သူတွေ ဒုက္ခရောက်နေကြရတယ်၊ ဆယ်ဇင်းမှာဆိုလဲ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာပြောင်းရွှေခဲ့ရပြီး ပြည်သူတွေမှာ စားဝတ်နေရေးကအစ နေရာထိုင်ခင်းတွေပါ အဆင်မပြေကြတာတွေ့ရတယ်၊ အဲ့လိုမျိုး မှော်ပုံမှာဖြစ်မှာကိုလဲစိုးရိမ်နေရတယ်” ဟု၎င်းကပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားခဲ့သည့် မှော်ပုံကျေးရွာ တွင် အိမ်ခြေပေါင်း ၅၀၀ ခန့်ရှိကာ လူဦးရေ ၁၅၀၀ ကျော် နေထိုင်နေကြကြောင်းသိရသည်။

ပန်ပန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။